Search This Blog

Thursday, March 26, 2015

မီးမ် သီအိုရီအကြောင်း တစေ့တစောင်း


          စာဖတ်သူက Facebook သုံးတဲ့သူဆိုရင် အင်တာနက်ပေါ်မှာ Meme လို့ခေါ်တဲ့အရာတွေကို မြင်ဖူးမှာပါ။ နောက်ကွယ်မှာ အဓိပ္ပာယ်တစ်ခုပါတဲ့ ပုံကြမ်း (Template) တစ်ခုကို သုံးပြီး အချို့အဖြစ်အပျက်တွေကို ဝေဖန်တဲ့၊ ထောက်ပြတဲ့ သရော်ပုံတွေကို အင်တာနက် Meme လို့ခေါ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Meme ကို အသံထွက် မီမီလို့ ထွက်ကြတာ ရှိပါတယ်။ အဲဒါကြီးက အသံထွက်အမှားကြီးပါ။ အသံထွက် အမှန်ကတော့ မီးမ် (အသံထွက်ကို အင်္ဂလိပ်လိုရေးရင် Mee-m) ဖြစ်ပါတယ်။

          အင်တာနက်ပေါ်မှာ Meme (မီးမ်) တွေ အသုံးတွင်ကျယ် လူသိများလာတာ နှစ်အနည်းငယ်ရှိပါပြီ။ ဒါပေမယ့် ကျွန်တော် ပြောပြချင်တဲ့ မီးမ်အကြောင်းက အင်တာနက်ပေါ်က မီးမ်ထက်လည်း လူသိနည်းတယ်။ သိပ္ပံပညာရပ်ဖြစ်တဲ့ မီးမ် သီအိုရီ (Meme Theory) အကြောင်းပါ။
ကျွန်တော်တို့တွေ မီးမ်အကြောင်းကို ပြောရင်တော့ ၁၉၇ဝကျော် ကာလတွေကို ပြန်သွားရမှာပါ။ ၁၉၇၆ခုနှစ်မှာ ဇီဝဗေဒပညာရှင် ရစ်ချတ်ဒေါ်ကင်စ် (Richard Dawkins ) က ကိုယ်ကျိုးရှာဗီဇ (The Selfish Gene) လို့ အမည်ရတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ အရင်ဆုံး ဒီစာအုပ်မှာ ရေးသားတာကို အရင် ဆွေးနွေးပြပါမယ်။


ပုံ - မီးမ် ဟူသော ဝေါဟာရကို စတင် တီထွင်သူ၊ ဇီဝဗေဒပညာရှင် Richard Dawkins

ကိုယ်ကျိုးရှာဗီဇ ဗီဇများ

          သက်ရှိဇီဝတွေ မျိုးဆက်များ ကြာမြင့်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေအကြောင်းကို ရှင်းပြတဲ့ အီဗော်လျူးရှင်း (Evolution) သို့မဟုတ် ဆင့်ကဲဖြစ်စဉ် သီအိုရီဟာ ၁၉ရာစုနှောင်းပိုင်းမှာ ပေါ်ထွက်လာပါတယ်။ ဆင့်ကဲဖြစ်စဉ် သီအိုရီရဲ့ အခြေခံရှင်းပြချက်ကိုတော့ သဘာဝ၏ ရွေးချယ်မှု (Natural Selection) လို့ခေါ်ပါတယ်။ သဘာဝတရားနဲ့ ဆီလျော်တဲ့ သက်ရှိတွေက ပိုမိုမျိုးအောင်တဲ့အတွက် မျိုးဆက်များစွာ ကြာလာတဲ့အခါ သဘာဝနဲ့ ဆီလျော်တဲ့ သက်ရှိမျိုးနွယ်တွေကသာ လွှမ်းမိုးသွားလေ့ ရှိတယ်လို့ ရှင်းပြထားပါတယ်။ သဘာဝနဲ့ ဆီလျော်မှုဆိုတာ စာမေးပွဲ တစ်ခုလိုပါပဲ။ သက်ရှိတွေဟာ နိစ္စဓူဝ ရှင်သန်လှုပ်ရှားနေစဉ်မှာ သဘာဝအရင်းအမြစ်တွေက အကန့်အသတ်ရှိနေတဲ့အတွက် အသက်မသေအောင်၊ ထပ်မံမျိုးပွားနိုင်အောင် သူ့ထက်ငါ ပြိုင်ဆိုင်မှုတွေက အလိုအလျောက် ဖြစ်ပေါ်နေပါတယ်။ 

          အလိုအလျောက် ပြိုင်ဆိုင်တယ်ဆိုတာကို ရုတ်တနက် နားရှင်းမှာ မဟုတ်ပါဘူး။ ဥပမာတစ်ခုနဲ့ ထပ်ရှင်းပြပါမယ်။ ဆိုပါစို့။ အလုပ် တစ်နေရာအတွက် ကျွန်တော်တို့ အင်တာဗျူးတစ်ခုဖြေတယ်။ အောင်သွားတော့ ကျွန်တော် အလုပ်ရတယ်။ ကျွန်တော်က သူများတွေ အလုပ်မရအောင်၊ လုဖြေတာ မဟုတ်ပါဘူး။ အင်တာဗျူးသူက ကျွန်တော့်ကို ရွေးချယ်လိုက်တာကြောင့် ကျွန်တော် အလုပ်ရသွားတာပါ။ ဒါပေမယ့် ကျွန်တော် အလုပ်ရသွားလို့ တခြားဖြေဆိုသူတွေ အလုပ်မရတော့ပါဘူး။ ဒါကြောင့် ကျွန်တော် အင်တာဗျူးဖြေတာ ကိုယ်တိုင်က တခြားသူတွေနဲ့ အလုပ်တစ်နေရာအတွက် ပြိုင်လုယူလိုက်သလို အလိုအလျောက် ဖြစ်သွားပါတယ်။

          သက်ရှိတွေအကြောင်း ပြန်ဆက်ရအောင်ပါ။ သက်ရှိတွေထဲမှာရော ခုနက အင်တာဗျူးဖြေသလို ကိစ္စတွေ ရှိနိုင်မလား။ အပင်တွေ၊ ဘတ်တီးရီးယားတွေ၊ တိရစ္ဆာန်တွေ စတဲ့ သက်ရှိအားလုံးဟာ လူလို အင်တာဗျူး မဖြေရပေမယ့် အသက်ရှင်ခြင်းနဲ့သေခြင်းအတွက် နေ့စဉ် စွမ်းရည်စစ်ဆေးခံနေကြပါတယ်။ အောင်မြင်သူ၊ သို့မဟုတ် ကျဆုံးသူတွေကို ရွေးချယ်တာက သူ့ပတ်ဝန်းကျင်က တခြားသက်ရှိတွေ၊ ရေမြေတောတောင်တွေ ပါဝင်တဲ့ သဘာဝတရား ကိုယ်တိုင်ပဲ။ သက်ရှိတွေဟာ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို လုံးဝဖြုန်းတီးလို့ မရပါဘူး။ အင်တာဗျူးကိစ္စမှာဆိုရင် တကယ်လို့ ကျွန်တော် အင်တာဗျူးဖြေပြီးသွားလို့ ဖြေဖို့ ကျန်နေသေးတဲ့သူတွေကို ကျွန်တော့်အတွေ့အကြုံတွေ ပြောပြလိုက်ရင် ဘာဖြစ်နိုင်မလဲ။ ကျွန်တော် အင်တာဗျူးအောင်နိုင်စွမ်း နည်းကောင်းနည်းသွားနိုင်တယ်။ အလုပ်ရချင်တဲ့သူဆိုရင် အင်တာဗျူး အတွေ့အကြုံတွေ အကြံဉာဏ်တွေ ပေးမှာ မဟုတ်ပါဘူး။ 

          ထိုနည်းလည်းကောင်းပဲ၊ တောရိုင်းသဘာဝမှာ နွားမတစ်ကောင်က နွားသားငယ်တွေ ရှိရက်နဲ့ ကျွဲပေါက်တစ်ကောင်ကို နို့တိုက်မှာ မဟုတ်ပါဘူး။ သူ့သားသမီးတွေရဲ့ ရှင်သန်ရေးကိုသာ စဉ်းစားပါတယ်။ ဆင့်ကဲဖြစ်စဉ် သီအိုရီက ဒီနိယာမတရားဟာ သက်ရှိတိုင်းမှာ ရှိနေတယ်လို့ ခန့်မှန်းချက် ထုတ်ပါတယ်။ သိပ်ကိုမှန်တဲ့ ခန့်မှန်းချက်ပါ။ သက်ရှိများစွာမှာ အလိုအလျောက် ပြိုင်ဆိုင်မှုနဲ့ မိမိ သားသမီးကိုသာ အားပေးစောင့်ရှောက်မှုတွေ တွေ့ရတယ်။ ဒါပေမယ့် ခြွင်းချက်တွေ ရှိနေပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ပျားတွေပါပဲ။ 

          ပျားအုံမှာ ပျားဘုရင်မနဲ့ လုပ်သားပျားမတွေ ရှိပါတယ်။ သူတို့တွေမှာ နီးစပ်ဆင်တူတဲ့ ဗီဇတွေရှိနေလို့ ဆွေမျိုးအုပ်စုကြီး သဖွယ် ဖြစ်နေပါတယ်။ ဒါပေမယ့် ပျားအုံတစ်ခုက နွားအုပ်တစ်ခုရဲ့ နီးစပ်ဆင်တူမှုထက် မပိုပါဘူး။ ခုနက နွားမကြီးလိုပဲ ပျားတွေ ပြုမူမလား။ လုပ်သားပျားတွေက သူတို့ သားသမီးကိုသာ ကျွေးမွေးပြီး တခြားသူရဲ့ သားသမီးတွေကို ဦးစားမပေးပဲ ထားလေ့ရှိလား။ လက်တွေ့မှာ အဲဒီလိုမဟုတ်ပါဘူး။ အဲဒီလိုမဟုတ်တဲ့အပြင် ဆန့်ကျင်ဖက်က အစွန်းရောက်ပါတယ်။ လုပ်သားပျားတွေက ကိုယ်တိုင် သားသမီးတောင် မမွေးပါဘူး။ ပျားဘုရင်မ မွေးတဲ့ သားသမီးတွေ အားလုံးကိုတော့ အပျိုကြီးဘဝနဲ့ စောင့်ရှောက်ပေးတယ်။ ဒါဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီရဲ့ ခန့်မှန်းချက် ကို လွဲမှားသွားစေတဲ့ ခြွင်းချက်တစ်ခုပါပဲ။ ဒါက ဇီဝဗေဒပညာရှင်တွေ အတွက် ဦးနှောက်ခြောက်စရာပါ။ 

          ဆိုပါစို့။ အလုပ်အင်တာဗျူးကို ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို သွားဖြေတယ်။ နှစ်ယောက်လုံးက အိမ်ရဲ့ အဓိက ဝင်ငွေရှာသူတွေပဲ။ ကျွန်တော်ဖြေပြီးသွားတော့ မဖြေရသေးတဲ့ ကျွန်တော့်အစ်ကိုကို အတွေ့အကြုံတွေ ပြောပြလိုက်တယ်။ ဒါက ကျွန်တော့်ကိုယ်ပိုင် အလုပ်ရနိုင်စွမ်း လျော့သွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်အစ်ကို အလုပ်ရသွားနိုင်တယ်။ အကျိုးဆက်ကတော့ အိမ်အတွက် ဝင်ငွေရှာနိုင်တာပဲ။
          ပျားတွေမှာလည်း ဒီလိုပါပဲ။ လုပ်သားပျားတွေက ပျားဘုရင်မရဲ့ သားသမီးတွေကို ပြုစုသုတ်သင်ပေးခြင်းကြောင့် ပျားဘုရင်မနဲ့ သူတို့အားလုံးရဲ့ ဗီဇတွေ အားလုံး ပေါင်းထားတဲ့ ဗီဇဟင်းပေါင်းအိုးကြီး (Gene Pool) တစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေတယ်။ လုပ်သားပျားတွေအတွက် ပျားဘုရင်မ သားသမီးတွေကို ကိုယ်ကျိုးစွန့် စောင့်ရှောက်တာက သူတို့ ကိုယ်ပိုင်သားသမီးတွေကို စောင့်ရှောက်တာ နည်းတူ အကျိုးဖြစ်ထွန်းပါတယ်။ ဒီဖြစ်စဉ်ကိုတော့ ဆွေမျိုးတူချင်းရွေးချယ်မှု (Kin Selection) လို့ခေါ်ပါတယ်။

          ဆွေမျိုးတူချင်းရွေးချယ်မှု သဘောတရားကို ထုတ်ဖော်နိုင်ခဲ့တာဟာ သက်ရှိတွေရဲ့ အပြုအမူကို သက်ရှိတစ်ခုလုံး ရှုထောင့်ကနေ မကြည့်ပဲ ဗီဇရှုထောင့်ကနေ ကြည့်တဲ့ ထူးခြားတဲ့ ရှုမြင်နည်းအသစ်ကြောင့်ပါပဲ။ နွားမက နွားသားသမီးတွေကို စောင့်ရှောက်တယ်ဆိုတာက နွားဆိုတဲ့ တိရစ္ဆာန်နေရာကနေ ကြည့်တာပါ။ နွားမရဲ့ ဗီဇတွေက နွားကလေးတွေထဲမှာ ပါဝင်နေလို့ နွားမရဲ့ဗီဇက နွားမအား နွားကလေးတွေကို ပြုစုခိုင်းခြင်းအားဖြင့် နွားကလေးတွေထဲက သူ့ရဲ့ ကိုယ်ပွားဗီဇမိတ္တူတွေ ဆက်လက် ကျန်ရစ်အောင် အားပေးနေတယ်လို့ ရှုမြင်နိုင်တယ်။ ဒါကို ဗီဇနေရာကနေ ရှုမြင်တယ်လို့ ပြောလို့ရတယ်။ ဗီဇနေရာက ရှုမြင်ခြင်းဟာ နွားမှာသာမက၊ ပျားမှာလည်း အသုံးဝင်ပါတယ်။ ဗီဇရှုထောင့်က ကြည့်ရင် လုပ်သားပျားတွေ၊ ပျားဘုရင်မတွေ မရှိတော့ပါ။ သူတို့ကို ဖွဲ့စည်းသတ်မှတ်ထားတဲ့ ဗီဇတွေ တူမတူဆိုတာပဲ ကျန်ရစ်တယ်။ လုပ်သားပျားနဲ့ ပျားဘုရင်မတွေရဲ့ ဗီဇတွေ ဆင်တူနေလို့ အဲဒီ့ ဗီဇတွေက လုပ်သားပျားကို ပျားဘုရင်မရဲ့ သားသမီးတွေကို ကျွေးမွေးခိုင်းတယ်လို့ ပြောနိုင်တယ်။

          ဗီဇကို ဗဟိုပြုတဲ့ ရှုထောင့်ကနေ အသုံးဝင်တဲ့ ဇီဝဗေဒ နိယာမတွေကို ကျွန်တော်တို့ ထုတ်ဖော်နိုင်ပါတယ်။ စင်စစ်မှာလည်း ဗီဇတွေက ဗီဇရှင် သက်ရှိတွေထက် အရေးပါပါတယ်။ ကျွန်တော်တို့တွေ တွေးလေ့ရှိတာက သက်ရှိတွေရဲ့ သွင်ပြင်လက္ခဏာတွေကို ဗီဇက သတ်မှတ်တယ် ဆိုတာလောက်ပဲ။ ဒါပေမယ့် မျိုးဆက်များစွာကို ကြည့်ရင် သက်ရှိတစ်ခုချင်းစီက အရေးမပါတော့ပါဘူး။ ကျွန်တော်တို့တွေသာ သေသွားတာ။ ဗီဇတွေကတော့ မျိုးဆက်သစ်တွေမှာ ဆက်လက်ကျန်ရစ်တယ်။ ခေတ်ပေါင်းများစွာရဲ့ ဇာတ်ကောင်က တင်္ဒဂသာ နေတဲ့ ကျွန်တော်တို့ မဟုတ်ဘူး။ မျိုးဆက်တွေ ဆက်တိုင်း ကျန်ရစ်တဲ့ ဗီဇတွေကသာ ဇာတ်ကောင်ပါ။ 

          သဘာဝနိယာမတရား တွေအရ မိမိကိုယ်ကို ပွားများနိုင်တဲ့ ဗီဇတွေက ပိုအောင်မြင်တယ်။ ခေတ်ကာလတွေ အကြာကြီး တည်ရှိကြတယ်။ ဗီဇတွေက သူတို့ပွားများဖို့အတွက် ကျွန်တော်တို့ သက်ရှိ ခန္ဓာကိုယ်တွေကို ‘အသုံးချသလို’ ဖြစ်နေပါတယ်။ လူတွေအချင်းချင်း ရိုင်းပင်းကူညီကြတာ၊ ပျားတွေ စည်းလုံးကြတာ၊ ခြင်္သေ့တွေ တစ်ကိုယ်ကောင်းဆန်တာ အားလုံးဟာ မိမိတို့ ကိုယ်ထဲက ဆင်တူတဲ့ ဗီဇတွေ စည်ပင်ပွားများဖို့အတွက်ပဲ။ ယောက်ျားလေးတွေက တင်ပါးကြီးတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတယ်လို့ မြင်တာက တင်ပါးကြီးရင် သန်စွမ်းတဲ့ ကလေးမွေးနိုင်ကြောင်း သဘာဝ သိစိတ်တစ်ခုနဲ့ ရွေးချယ်နေတာဖြစ်တယ်ဆိုရင် အံ့သြသွားမလား။ ဗီဇတွေက သက်ရှိလူသားတွေကို ကျွန်ပြုထားတယ်လို့တောင် တင်စားပြောနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဗီဇတွေလား၊ ဗီဇတွေရဲ့ ကျွန်တော်တို့လား။ အဲဒါပြောရခက်ပါတယ်။

          ဇီဝဗေဒပညာရှင် Richard Dawkins က ကိုယ်ကျိုးရှာဗီဇ စာအုပ်မှာ အထက်ပါ အကျဉ်းချုပ်ထားတဲ့ အကြောင်းအရာကို အသေးစိတ် ဆွေးနွေးပြသွားပါတယ်။ နောက်ဆုံး အခန်းမှာတော့ လူတွေမှာပဲ သီးသန့်ရှိနိုင်တဲ့ ဗီဇမဟုတ်ပဲ တကိုယ်ကောင်းဆန်တဲ့ အရာ တစ်ခုအကြောင်းကို မိတ်ဆက်ပေးသွားပါတယ်။ အဲဒါ ဘာဖြစ်မယ်ထင်လဲ။ နောက်ခေါင်းစဉ်မှာ ဆက်ဖတ်ပါရန်။

Gene နဲ့ Meme

          စာဖတ်သူ တွေးတာ မှန်ပါတယ်။ အဲဒါ မီးမ် (Meme) ပါပဲ။ တခြားသက်ရှိတွေနဲ့ မတူပဲ၊ လူတွေဟာ သတင်းအချက်အလက်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ နေထိုင်ကြတယ်။ အဲဒီ့ သတင်းအချက်အလက်တွေထဲမှာ နိုင်ငံတကာသတင်းတွေ၊ စာတွေ၊ ဗဟုသုတတွေ၊ အားကစားတွေ၊ ဝတ်စားပုံဖက်ရှင်တွေ၊ တေးဂီတတွေ၊ တွေးခေါ်မှု ဒဿနတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ၊ တတ်ကျမ်းတွေ၊ ကျင့်ဝတ်စာရိတ္တတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဥပဒေပြဌာန်းချက်တွေ စသည်ဖြင့် ပါဝင်ပါတယ်။

          ဒါကို ‘ဘောလုံးပွဲ’ နဲ့ ဥပမာပေးချင်ပါတယ်။ အပြင်လောကမှာ လက်တွေ့ကျင်းပယှဉ်ပြိုင်တဲ့ ဘောလုံးပွဲဟာ ဘောလုံးပွဲကို သတ်မှတ်ပေးတဲ့ သတင်းအချက်အလက်တွေကို ရုပ်လောကမှာ ဖန်တီးလိုက်တာဖြစ်တယ်။ ဘောလုံးပွဲကို ရုပ်လောကမှာ ဖန်တီးလိုက်တာက ဘောလုံး အားကစားလို့ခေါ်တဲ့အရာပါ။ ဘောလုံး အားကစားဆိုတာ ဘောလုံးကန်နည်းနဲ့ စည်မျဉ်းတွေ စတဲ့ သတင်းအချက်အလက်တွေကို စုစည်းထားတဲ့ သတင်းအချက်အလက် အစုအဝေးလေး တစ်ခုပါ။ 

          ထိုနည်းလည်းကောင်းပဲ ဗီဇတွေက သူတို့မှာပါတဲ့ သတင်းအချက်အလက်တွေကို ရုပ်လောကမှာ ဖန်တီးလိုက်တော့ သက်ရှိဖြစ်လာတယ်။ ဒါကြောင့် သတင်းအချက်အလက် အစုအဝေးချင်း တူတဲ့ ဗီဇနဲ့ ဘောလုံး အားကစားဟာ သဘောတရားတူပြီး၊ သူတို့ရဲ့ ရုပ်လောက ဖန်တီးမှုတွေဖြစ်တဲ့ သက်ရှိနဲ့ ဘောလုံးပွဲက သဘောတရားတူပါတယ်။

ဘောလုံးအားကစား(သတင်းအချက်အလက် အစုအဝေး)ကို ရုပ်လောကမှာ ဖန်တီးခြင်း ----> ဘောလုံးပွဲ
ဗီဇ (သတင်းအချက်အလက် အစုအဝေး)ကို ရုပ်လောကမှာ ဖန်တီးခြင်း ----> သက်ရှိ

          ဘောလုံးအားကစားလို အခြားသော သတင်းအချက်အလက် အစုအဝေးတွေလည်း မြောက်များစွာ ရှိပါတယ်။ တေးသွား (Musical Tones) ဆိုတဲ့ ‘သတင်းအချက်အလက်’တွေ စုစည်းလိုက်ရင် တေးစာ (Musical Notes) ဖြစ်လာတယ်။ တေးစာကို ရုပ်လောကမှာ အသံအဖြစ် တီးခတ်လိုက်တော့ သံစဉ် (Melody) ဖြစ်လာတယ်ပေါ့။ ဒီနေရာမှာဆိုရင် တေးစာက ဗီဇနဲ့ တူပြီး ရလာတဲ့ သံစဉ်က သက်ရှိနဲ့တူပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံ့နေပြီး လူ့ဗီဇလို ပြုမူတဲ့ အဲဒီ့ သတင်းအချက်အလက် အစုအဝေးတွေကို မီးမ် လို့ Richard Dawkins က နာမည်တပ်လိုက်ပါတယ်။

တေးစာ (သတင်းအချက်အလက် အစုအဝေး)ကို ရုပ်လောကမှာ ဖန်တီးခြင်း ----> သံစဉ်

          ဗီဇတွေက သက်ရှိတွေရဲ့ ကိုယ်ထဲမှာ ဒီအန်အေအဖြစ် ရှိနေပေမယ့်၊ မီးမ်တွေကတော့ လူ့ဦးနှောက်မှာ မှတ်ဉာဏ်အဖြစ် တည်ရှိနေပါတယ်။ မီးမ်တွေဟာလည်း ဗီဇနဲ့ စွမ်းရည်သတ္တိချင်း လုံးဝမဆင်တူရင်တောင်မှ အတော်လေးကို နီးစပ်ပါတယ်။ ဒါကြောင့်လည်း Richard Dawkins က မီးမ်လို့ နာမည်ပေးခဲ့တာပါ။ မီးမ် ဆိုတဲ့ ဝေါဟာရကို ပြန်လိုက်ကြည့်ရင် ဂရိစကားလုံး တစ်ခုဖြစ်တဲ့ μίμημα ကနေ ယူထားတာပါ။ အတုခိုးခြင်း (Imitation) လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားလုံးကို အင်္ဂလိပ်လို ပြန်ရေးရင် Mimeme ပါ။ ဗီဇကို အင်္ဂလိပ် Gene ဂျင်းန် လို့ သုံးပါတယ်။ ဒါပေမယ့် ဒေါ်ကင်စ်က စကားလုံးအသစ်ကို Gene/ဂျင်းန် နဲ့ သရအသံထွက်တူချင်လို့ Meme/မီးမ် လို့ ထွင်သုံးလိုက်တာပါ။

မီးမ်ကို အဓိပ္ပာယ်ဖွင့်ဆိုနည်းတွေ အများကြီးရှိပါတယ်။ အဲဒီ့ထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။

ဇီဝဗေဒ အဓိပ္ပာယ်ဖွင့်ဆိုချက် (Dawkins)
မီးမ်ဟူသည် ယဉ်ကျေးမှု ကူးလူးခြင်း သို့မဟုတ် အတုယူခြင်း၏ အခြေခံယူနစ်ဖြစ်သည်။

စိတ်ပညာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Plotkin)
မီးမ်ဟူသည် ယဉ်ကျေးမှုလက္ခဏာများ၏ မျိုးရိုးဆက်ခံမှု အခြေခံယူနစ်ဖြစ်ပြီး သက်ရှိလက္ခဏာများ၏ မျိုးရိုးဆက်ခံမှု အခြေခံဖြစ်သော ဗီဇနှင့် ဆင်တူသည်။ စင်စစ် မီးမ်သည် စိတ်အတွင်းရှိ အသိသုတ၏ အခြေခံယူနစ်ဖြစ်သည်။

သိမှတ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Dennett)
မီးမ်ဟူသည် အစိတ်အပိုင်းများစွာ ပါဝင်သော အတွေးအမြင် အိုင်ဒီယာတစ်ခုဖြစ်ပြီး၊ လူ့ကိုယ်ထဲတွင် မှတ်ဉာဏ်ဆိုင်ရာ ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းလေ့ရှိသည်။ ၎င်းကို ရုပ်လောကတွင် ဖန်တီးလိုက်သည့်အရာတွင် အဆိုပါ မီးမ်သည် ကပ်ငြိစီးနင်းလျက် အခြားလူများဆီသို့ ပျံ့ပွားသည်။

လက်တွေ့ကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်
မီးမ်ဟူသည် စိတ်ထဲတွင်ရှိသော သတင်းအချက်အလက် ယူနစ် တစ်ခုဖြစ်ပြီး၊ အခြားသူ၏ စိတ်များတွင်လည်း သတင်းအချက်အလက်မိတ္တူများ ပျံ့ပွားစေနိုင်ခြင်းကို လွှမ်းမိုးအားပေးနိုင်စွမ်းရှိသည်။ (တနည်းအားဖြင့် မိမိကိုယ်ကို ပုံတူကူးနိုင်စွမ်း ရှိသည်)

မီးမ်တွေရဲ့ ယှဉ်ပြိုင်ကြိုးဝိုင်း

          အရင်တုန်းက ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာလောကကြီးမှာ မီးမ်တွေအတွက် နေရာမရှိပါဘူး။ ဂျင်းန် (ဗီဇ) တွေအတွက်ပဲ နေရာရှိတယ်။ လွန်ခဲ့တဲ့ နှစ်သန်း၎ဝဝဝ လောက်တုန်းက ကမ္ဘာဂြိုဟ်မှာ အခြေအနေပေးနေလို့ အော်ဂန်းနစ် - ‘သက်ရှိ’ ဒြပ်ပေါင်းတွေဟာ ဓာတ်ပြုရင်း ပိုမိုရှုပ်ထွေးဆန်းကြယ်တဲ့ ဓာတုစနစ်တွေဖြစ်လာတယ်။ အဲဒီ့ကနေ ဇီဝဓာတုစနစ်တွေဖြစ်လာတယ်။ နောက် နှစ်သန်း ၂ဝဝခန့်အတွင်းမှာ သက်ရှိဆဲလ်တွေ ပေါ်ပေါက်လာတော့တယ်။ ဗီဇဟာ ဒီအန်အေခေါ်တဲ့ မော်လီကျူးတစ်မျိုးမှာ စတင်ဖြစ်တည်ခဲ့တယ်။ ဗီဇတွေရဲ့ အချိန်နဲ့အမျှ ပြောင်းလဲမှု၊ ပွားများမှုကြောင့် သက်ရှိတွေဟာ မျိုးစိတ်မျိုးစု ဘီလီယံနဲ့ချီအောင် ပွားများမျိုးကွဲကြတယ်။ ပြောင်းလဲသေဆုံးကြတယ်။ ကနဦး ပရိုင်းမိတ်တွေကနေ လူတွေ မပေါ်ပေါက်လာခင်အထိ ဗီဇတွေကသာ သက်ရှိတွေကို လွှမ်းမိုးနေပါတယ်။ လူတွေ ပေါ်ပေါက်လာတဲ့အခါ လူသားနဲ့အတူ၊ အနုပညာနဲ့ အသိပညာတွေ ပါရှိလာတယ်။ ဒီအရာတွေမှာ သတင်းအချက်အလက်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ လူသားဆင့်ကဲဖြစ်စဉ် တစ်လျှောက်မှာ ဒီ သတင်းအချက်အလက်တွေဟာ မီးမ်တွေအဖြစ် တဖြည်းဖြည်း စုစည်းမိလာခဲ့တာပါပဲ။ ယနေ့အချိန်မှာတော့ မီးမ်တွေ ဖြစ်ပျက်ပြောင်းလဲဖို့ အခြေအနေက လိုတာထက်တောင် ပိုနေပါသေးတယ်။

          စီးပွားရေးမှာ ငွေတွေကို ပိုက်ဆံအဖြစ် မထုတ်လုပ်နိုင်အောင် များပြားလာလို့ ကွန်ပျူတာတွေမှာ ကိန်းဂဏန်းတွေအဖြစ် ဘဏ်အကောင့်တွေမှာ သိမ်းကြရတယ်။ ပညာသင်ကြားရေးမှာ ကမ္ဘာလုံးဆိုင်ရာသတင်းကွန်ယက် (Worldwide Web) လို အရာတွေက မရှိမဖြစ် လိုအပ်လာတယ်။ စစ်ပွဲတွေမှာ တိုက်ကျော်ပစ်ဒုံးကျည်တွေကို လျှပ်စစ်ကုတ်တွေနဲ့ အမိန့်ပေးတယ်။ သတင်းအချက်အလက်ခေတ် (Information Age) မှာရောက်နေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ယခုဆိုရင် မီးမ်တွေ ပွားများပြောင်းလဲဖို့ ပြိုင်ဆိုင်ပွဲတွေ ဆင်နွှဲဖို့ စစ်တလင်းပြင်ကြီးတစ်ခု ဖြစ်လာရန် ရင့်မှည့်နေပြီ ဖြစ်တယ်။

          ကိုယ်ကျိုးရှာဗီဇတွေက သူတို့ရေရှည်ရပ်တည်ဖို့အတွက် သက်ရှိတွေကို တစ်ကိုယ်ကောင်းဆန်ဖို့၊ သို့မဟုတ် မျိုးတူချင်း ရိုင်းပင်းဖို့ အားပေးကြသလို၊ မီးမ်တွေကလည်း ကိုယ်ကျိုးရှာမီးမ်တွေဖြစ်ကြတယ်။ ဗီဇတွေ စီးနင်းလိုက်ပါတဲ့ သက်ရှိတွေအတွက် သဘာဝအရင်းအမြစ် (အစာ၊ နေရာ) တွေက အကန့်အသတ်ရှိနေကြလို့ အလိုအလျောက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာသလိုမျိုးပဲ၊ မီးမ်တွေ စီးနင်းလိုက်ပါတဲ့ လူ့စိတ်တွေမှာလည်း အကန့်အသတ်တွေ ရှိနေတယ်။ ဥပမာဆိုရင် လစ်ဘရယ်ဝါဒ (Liberalism) နဲ့ လူမျိုးခြားဖိနှိပ်ဝါဒတွေဟာ မီးမ်တွေဖြစ်ကြတယ်ဆိုရင်၊ လစ်ဘရယ်ဝါဒဟာ လူမျိုးခြားဖိနှိပ်ဝါဒ မီးမ် (Racism) နဲ့ ဝိရောဓိဖြစ်နေလို့ စိတ်တစ်ခုတည်းမှာ အတူယှဉ်တွဲ မရှိနိုင်ဘူး။ လူ့စိတ်ရဲ့ ကြောင်းကျိုးဆီလျော်မှု သို့မဟုတ် စိတ်သက်သာမှု စတဲ့ အကန့်အသတ်တွေကြားမှာ အတိုက်အခံမီးမ်တွေက လူများစွာရဲ့ စိတ်တွေကို ဖမ်းစားဖို့ ကြိုးစားပါတော့တယ်။

မီးမ်ဥပမာများ

          မီးမ်ဆိုတာ သတင်းအချက်အလက်တွေနဲ့ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် မီးမ်ဆိုတာ ဘယ်လိုအရာတွေလဲဆိုတာ မျက်စိထဲ မြင်ဖို့ ခက်နေပါလိမ့်မယ်။ ဒါကြောင့် တွေ့မြင်ရတတ်တဲ့ မီးမ်တွေကို ဥပမာပေးချင်ပါတယ်။

အတွေးအမြင်တွေ ။      ။ ကမ္ဘာက နေကို လှည့်ပတ်နေတယ်ဆိုတာ မီးမ်တစ်ခုပါ။ ခုနကပြောတဲ့ လူသားအားလုံး သာတူညီမျှမှုကို ရှေးရှုတဲ့ လစ်ဘရယ်ဝါဒကလည်း မီးမ်တစ်ခုပဲ။ မီးမ်အယူအဆမှာ မှန်ကန်ခြင်း မှားယွင်းခြင်းကို အသားမပေးပါဘူး။ အဓိက က မီးမ်တစ်ခုမှာ ပါတဲ့ သတင်းအချက်အလက်တွေက တခြားလူရဲ့စိတ်တွေကို ဖမ်းစားနိုင်ရမယ်၊ ဆွဲဆောင်မှုရှိတဲ့ အတွေးအမြင်တွေ ဖြစ်နေရမယ်။ သတင်းအချက်အလက် မှန်ကန်ခြင်းဆိုတာ မီးမ်တစ်ခု အောင်မြင်ပွားများဖို့ အထောက်အကူပြုတဲ့ အချက်များစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။ ၂ဝ၁၂မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းအတု မီးမ်ဟာ မှားယွင်းပါတယ်။ ဒါပေမယ့် လူ့စိတ်ကို ဖမ်းစားနိုင်တာကြောင့် အဲဒီ့မီးမ်ကို လူတစ်ယောက်က သိသွားတာနဲ့ တခြားသူကို သူ့လို သိစေချင်အောင် နှိုးဆွပေးပါတယ်။ ဒါကြောင့်လည်း ၂ဝ၁၂တုန်းက ကမ္ဘာပျက်တော့မယ်လို့ လူတွေများစွာ အုတ်အော်သောင်းနင်းဖြစ်သွားတာပဲ။ သတင်းက အမှားကြီးပေမယ့် ခုနကပြောသလို တဆင့်စကား တဆင့်ကြားအောင် ပျံ့ပွားစေဖို့ လူ့စိတ်ကို နှိုးဆွပေးနိုင်ရင် ဒီ မီးမ်က အောင်မြင်တဲ့ မီးမ်ဖြစ်လာပါတယ်။


သံစဉ် ။         ။  အောက်မှာဖော်ပြထားတဲ့ တေးစာက ဂီတဆရာ Beethoven ရဲ့ Symphony 5 က သံစဉ်အတွက်ပါ။ အဲဒီ့ သံစဉ်ကို Beethoven ဖွဲ့နွဲ့ခဲ့ပြီးနောက် ရာစုနှစ်ပေါင်းများစွာကြာအောင် တိုက်ကြီးတစ်ခုကတစ်ခု ကူးလူးပေါက်ရောက် ပျံ့နှံ့ခဲ့ပါတယ်။

ရုပ်ပုံလွှာများ ။     ။ အိုက်ဇက် နယူတန် အသက်ထင်ရှားရှိစဉ်က အင်္ဂလန်မှာ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေမယ့် သူ့ရုပ် ဘယ်လိုပုံမှန်း ဘယ်သူမှ တပ်တပ်အပ်အပ် မသိကြပါဘူး။ ဒါပေမယ့် မထင်မရှားရှိလှတဲ့ မျက်နှာပုံတွေအရ ပြန်ဆွဲထားတဲ့ သူ့ ပုံတူရုပ်ပုံကားတွေကြည့်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ သူဘယ်လို ပုံမှန်း စိတ်ထဲမှာ ပြတ်ပြတ်သားသား ရှိနေကြပါပြီ။ ပိုပြီး ပျံ့နှံ့ထင်ရှားပြီး ဖျောက်ဖျက်မရနိုင်တာမျိုးကတော့ မိုနာလီဇာအပြုံးလို ပန်းချီကားမျိုး၊ လူတွေ စိတ်ကူးယဉ်ဆွဲထားတဲ့ ဂြိုဟ်သားရဲ့ ပိန်ကပ်ကပ် ကိုယ်အချိုးအပေါက်မျိုး စတာတွေပေါ့။ ဒါတွေဟာ မီးမ်တွေပဲဖြစ်တယ်။

          သူတို့က နယူတန်ရဲ့ တကယ့်မျက်နှာ ဟုတ်ချင်မှ ဟုတ်မယ်။ မိုနာလီဇာကို သရုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး ဟုတ်ချင်မှ ဟုတ်မယ်။ တကယ့်ရုပ်လောကနဲ့ မသက်ဆိုင်တဲ့ ထင်မြင်ချက်တွေသာဖြစ်တယ်။ မက်ထရိုပိုလစ်တန် ပြတိုက်မှာ ခရီးသွားလမ်းညွှန်တစ်ယောက်က ပြောနေတယ်။ “လူကြီးမင်းတို့ ဒါက ပထမဆုံး အမေရိကန်သမ္မတ ဂျော့ ဝါရှင်တန် (George Washington) ရဲ့ ပုံတူ ပန်းချီကားဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာတော့ သူက အဲလိုရုပ်မျိုး ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ သူရုပ်က အဲဒီ့ ပန်းချီကားထဲက အတိုင်းပါပဲ” တဲ့။ ဒါသိပ်မှန်တာပေါ့။

စကားစုများ ။    ။ ဘုရားသခင် ဘာဖန်တီးလိုက်သလဲ? (What hath God Wrought?) ဆိုတဲ့ ကောက်နှုတ်စာသားဟာ ထွက်ပေါ်လာတာ ကြာပြီဖြစ်ပေမဲ့ ဘာသာရေးစာပေ အပြင် တစ်ခြားစာပေတွေ ထဲကိုပါ အလျင်အမြန် ရောက်ရှိလာပါတယ်။ ဒီအသုံးကို မကြာခဏတွေ့ရှိ ရတတ်ပါတယ်။ သီချင်းစာသားထဲက စကားစုတွေကိုယ်တိုင်လည်း မီးမ်တွေ ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် ‘ကမ္ဘာမကြေ မြန်မာပြည်’ ဆိုတဲ့ စကားစုမျိုးပေါ့။ ဆင့်ကဲဖြစ်စဉ် သီအိုရီမှာ သက်ရှိတွေ အသက်ရှင်ဖို့ ယှဉ်ပြိုင်ကြရတာကို အထက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီယှဉ်ပြိုင်မှုကြောင့် ပတ်ဝန်းကျင်နဲ့ အသင့်တော်ဆုံးသူက ရှင်ကျန်ရစ်မယ်ဆိုတာကို အတော်ဆုံးရဲ့ ရှင်ကျန်မှု (Survival of the Fittest) လို့ အလွယ်သုံးလေ့ရှိတယ်။ အဲဒီလို မှတ်မိဖို့ လွယ်ကူတဲ့ စကားစုတွေ၊ ဆောင်ပုဒ်တွေ၊ ကြွေးကြော်ချက်တွေဟာလည်း ပျံ့ပွားလွယ်တဲ့ မီးမ်တွေဖြစ်ကြတယ်။

မီးမ်တစ်ခုကို ခွဲဖြာခြင်း

          မီးမ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်ပြောရရင် လူ့စိတ်ထဲမှာ ရှိတဲ့ သတင်းအချက်အလက်ဆိုင်ရာ ယူနစ်တစ်ခုဖြစ်ပြီး အခြားသူတွေရဲ့ စိတ်ထဲမှာ ပျံ့ပွားသွားမှုကိုလည်း အားပေးပါတယ်။ ကျွန်တော်တို့ သတိပြုစရာ ရှိတာက သတင်းအချက်အလက်တိုင်းကို မီးမ်လို့ သတ်မှတ်လို့မရပါဘူး။ ဥပမာ ကျွန်တော်တို့ လက်ကိုင်ဖုန်းနံပါတ်က မီးမ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဓာတ်ပုံက မီးမ် မဟုတ်ပါဘူး။ ရိုးရှင်းလွယ်ကူတဲ့ သတင်းအချက်အလက်တွေက မီးမ် မဟုတ်ပါဘူး။ နံပါတ်သုံးဟာ မီးမ်မဟုတ်ပါ။ အပြာရောင်ကလည်း မီးမ် မဟုတ်ပါ။  မီးမ်တွေက ယေဘုယျအားဖြင့် ပိုမို ရိုးရှင်းတဲ့ သတင်းအချက်အလက်တွေနဲ့ တည်ဆောက် ထားတာဖြစ်တယ်။ မီးမ်တွေကို ယူနစ်လို့ ညွှန်းဆိုခဲ့တာကြောင့် စိတ်ပိုင်းမရတဲ့ သဘာဝရှိတယ်လို့တော့ သတ်မှတ်လို့မရပါဘူး။ ဥပမာအားဖြင့် ဇီဝဗေဒမှာ ဆဲလ်က ယူနစ်ဖြစ်တယ်။ ဒါပေမယ့် ဓာတုဗေဒနဲ့ ကြည့်ရင် ဆဲလ်ကို မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီကိစ္စမှာလည်း မီးမ်က သတင်းအချက်အလက်သီအိုရီ အတွက်သာ ယူနစ်တစ်ခုဖြစ်တယ်။ မီးမ်တစ်ခုထဲမှာလည်း သူဖြစ်လာအောင် ဖွဲ့စည်းပေးထားတဲ့ မီးမ်တွေ ရှိနိုင်သေးတယ်။

          အထက်မှာ ဆွေးနွေးခဲ့တဲ့ ဘောလုံး အားကစား ဆိုတဲ့ မီးမ်ကိုပဲ ပြန်ကြည့်ရအောင်။ ဘောလုံး အားကစားဆိုတဲ့ မီးမ်ဟာ ပြန်ကန်ထွက်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ စက်လုံးတစ်ခုကို လက်နဲ့ဖြစ်စေ၊ ခြေနဲ့ဖြစ်စေ ကျင်လည်စွာ ကစားပြခြင်းပဲဖြစ်တယ်။ အဲဒီ့ ဘောလုံးဆိုတဲ့ ဝတ္ထုရဲ့ အိုင်ဒီယာနဲ့ အားကစား ဆိုတဲ့ အိုင်ဒီယာတွေကိုယ်တိုင်ကလည်း မီးမ်တွေ ဖြစ်ကြတယ်။ ဘောလုံးအားကစားနဲ့ ဆက်စပ်တဲ့ အားကစားထဲမှာ ဘတ်စကပ်ဘော၊ ဘောလုံးအားကစား၊ ဗော်လီဘောတွေ ပါဝင်လိမ့်မယ်။ အဲဒီ့ ဘောလုံးအသုံးပြုရတဲ့ အားကစားနည်းတွေ ကိုယ်တိုင်ကလည်း မီးမ်တွေပါပဲ။ ဘောလုံးကန်ခြင်း တစ်မျိုးတည်းမှာပဲ ကစားစည်းမျဉ်းနဲ့ နည်းဗျူဟာတွေ ပါဝင်နေလိမ့်မယ်။
ပုံ - ဘောလုံးအားကစားကို ဖွဲ့စည်းသည့် မီးမ်များ။ ဘောလုံး အားကစားများစွာသည် ဘောလုံးအသုံးပြုရသည့် အားကစား ဟူသော Meme ကို ဖွဲ့စည်းပေးသည့် သတင်းအချက်အလက်များဖြစ်သည်။ ဘောလုံး အားကစား တစ်ခုချင်းစီ၏ နည်းဗျူဟာနှင့် စည်းမျဉ်းများက Meme အဖြစ်ပေါင်းစည်းပေးသောအခါ Volleyball စသည့် ဘောလုံး အားကစား meme များဖြစ်လာသည်။ တဖန် ဘောလုံးအားကစား meme များကိုယ်တိုင်က ၎င်းတို့ထက် ပို၍ယေဘုယျကျသည့် ဘောလုံးကို အသုံးပြု၇သည့် အားကစားဆိုသော အိုင်ဒီယာ Meme တစ်ခုကို ဖွဲ့စည်းပေးသည့် သတင်းအချက်အလက်များ ဖြစ်နေသည်။ ဆိုလိုသည်မှာ သတင်းအချက်အလက်တစ်ခုခုသည် ၎င်းကိုယ်တိုင် Meme ဖြစ်နေနိုင်သလို၊ အခြား Meme ကို ဖွဲ့စည်းပေးသည့် အစိတ်အပိုင်းများလည်း ဖြစ်နိုင်သည်။

           ဥရောပတိုက်မှာ မရှိသေးတဲ့ ဘောလုံး အားကစားကို စပိန်တွေက ယူဆောင်လာခဲ့ရင် ဘောလုံး အားကစားကိုယ်တိုင်က မီးမ်ပါပဲ။ ဘောလုံးကို အသုံးပြုတဲ့ အားကစား အသစ်တွေ ပေါ်ပေါက်လာတိုင်း၊ သူတို့ ပျံ့နှံ့သွားတိုင်းမှာ အဲဒီ့ အားကစား အသစ်တစ်ခုချင်းစီက မီးမ်တွေဖြစ်လိမ့်မယ်။ ဥပမာ ဘောလုံးကန်ခြင်းကို လူသိများတဲ့နိုင်ငံမှာ ဘေ့စ်ဘော (Baseball) ကစားနည်းကို မိတ်ဆက်ပေး စမ်းသပ်နေတဲ့ အချိန်မျိုးပေါ့။ ဆိုလိုတာက အခြေအနေအပေါ် မူတည်ပြီး သတင်းအချက်အလက်တွေက မီးမ်တစ်ခုကို ပါဝင်ဖွဲ့စည်းထားတဲ့ သာမန် သတင်းအချက်အလက်တွေလည်း ဖြစ်နိုင်သလို၊ မီးမ်အဖြစ် ပြုမူနေတာလည်း ရှိနိုင်တယ်။ မီးမ်ကို ယူနစ်တစ်ခုလို့ပြောတာက တည်ဆောက်ပုံဆိုင်ရာ ယူနစ် (Structural Unit) မဟုတ်ပဲ ဆောင်ရွက်မှုဆိုင်ရာယူနစ် (Functional Unit) တစ်ခုသာ ဖြစ်ပါတယ်။

မီးမ်တွေ ပျံ့နှံ့ ပုံ

          မီးမ် ပျံ့နှံ့ပုံအကြောင်း မပြောခင် ကွန်ပျူတာနည်းပညာရဲ့ Software နဲ့ Hardware သဘောတရားတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့ Software တစ်ခု ဝယ်ယူလိုက်ရင် CD တွေနဲ့ သို့မဟုတ် Download Access တွေအနေနဲ့ ရောင်းချလေ့ရှိတယ်။ ဒါပေမယ့် အဲဒီ့ CD က Software မဟုတ်ပါ။ Hardware သာဖြစ်ပါတယ်။ CD ကို ကွန်ပျူတာထဲမှာ ဖတ်လိုက်မှ ထွက်လာတဲ့ သတင်းအချက်အလက်တွေကသာ Software ဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ၊ ဗီဇဆိုတာ Software နဲ့ တူတယ်။ ရုပ်ဝတ္ထုမဟုတ်တဲ့ သတင်းအချက်အလက်တွေပါ။ သင့်အရပ်ဘယ်လောက် ရှည်နိုင်မလဲ၊ သင့် အသားအရောင်က ဘယ်လိုဖြစ်မလဲ ဆိုတာမျိုးကို သတ်မှတ်ပေးတဲ့ သတင်းအချက်အလက်တွေသာ ဖြစ်တယ်။ ဗီဇ ဆိုတဲ့ Software က ဒီအန်အေ (DNA) ခေါ်တဲ့ Hardware ထဲမှာ မှီခိုကိန်းအောင်းနေတာပါ။ မီးမ်တွေလည်း သဘောတရားချင်း ဆင်ပါတယ်။ မီးမ်ကလည်း ဗီဇ(ဂျင်းန်) လို Software ဖြစ်တယ်။ သူလည်း Hardware တစ်ခုမှာ ကိန်းအောင်း မှီခိုနေဖို့ လိုအပ်ပါတယ်။

          မီးမ်ခေါ်တဲ့ သတင်းအချက်တွေ မှီခိုကိန်းအောင်းရာနေရာကတော့ ကျွန်တော်တို့စိတ်ထဲက မှတ်ဉာဏ် အစိတ်အပိုင်းပါပဲ ဖြစ်တယ်။ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ဘောလုံးအားကစားနည်း မီးမ်ရှိတယ်။ ဘောလုံးကစားနည်း မသိသေးတဲ့ သူတစ်ယောက်ကို ကျွန်တော်က ဘောလုံးအကြောင်း မိတ်ဆက်ပေးမယ်၊ ကစားတဲ့စည်းမျဉ်းတွေအကြောင်း မိတ်ဆက်ပေးမယ်ဆိုရင် ဘောလုံးအားကစားမီးမ် ဟာ ကျွန်တော့် ဦးနှောက်ကနေ အသံအိုးဆီ ဒီကနေ စကားသံအဖြစ် တပါးသူရဲ့ နားကို ရောက်ရှိတယ်။ သူ့ရဲ့ ဦးနှောက်ထဲမှာ ကျွန်တော့်စကားကို အဓိပ္ပာယ် ဖော်လိုက်တဲ့အခါ ဘောလုံးအားကစားအကြောင်းကို သူသိရှိသွားတယ်။ တနည်းပြောရရင် ကျွန်တော့်ဆီကနေ ဘောလုံးအားကစား မီးမ်က တခြားသူဆီကို စကားသံကနေ တဆင့် ပျံ့ပွားသွားတာပဲ ဖြစ်တယ်။

          လူသားတွေကသာ အဆင့်မြင့်တဲ့ နှုတ်ထွက်ဘာသာစကားကို ပြောဆိုနိုင်တဲ့ တစ်ခုတည်းသော သတ္တဝါမျိုးနွယ်ဖြစ်ပါတယ်။ ဒါပေမယ့် မီးမ်တွေဟာ ဘာသာစကား မပေါ်ပေါက်ခင်တည်းက ပျံ့နှံ့နိုင်ပါတယ်။ သမာရိုးကျ အတုခိုးပြုလုပ်တာမျိုး ဥပမာအားဖြင့် မြားခေါင်းတစ်ခု ဘယ်လို ချွန်မလဲဆိုတာမျိုး၊ မီးဘယ်လိုမွှေးမလဲ ဆိုတာမျိုးလောက်ကို သင်ယူဖို့ (တစ်နည်း - မီးမ်တွေ ပျံ့ နှံ့ဖို့) လုံလောက်ပါတယ်။ တိရစ္ဆာန်တွေမှာဆိုရင် ချင်ပန်ဇီနဲ့ ဂေါ်ရီလာတွေဟာ အပြုအမူ အလေ့အထတွေ အချင်းချင်း အတုယူပြီး သင်ယူတတ်မြောက်တာ တွေ့ရပါတယ်။ တစ်ချို့ တေးသီဆိုတဲ့ ငှက်မျိုးတွေဆိုရင်လည်း ဘေးနားက မျိုးစိတ်တူ ငှက်တွေဆိုတဲ့ တေးတွေကို နားထောင်ပြီး အသံတု သီဆိုနိုင်ကြပါတယ်။ (ခုနောက်ပိုင်းဆို ငှက်သုတေသီတွေရဲ့ ငှက်တေးသံပါတဲ့ တိတ်ခွေ တွေကနေ သင်ယူတာကို လည်းတွေ့ရပါတယ်)။ ငှက်တွေမှာ မျိုးစိတ်အလိုက် သီဆိုတဲ့ ငှက်တေး တွေ ရှိကြပါတယ်။ အတိုချုပ်ပြောရရင်တော့ လူတွေ ယဉ်ကျေးမှု ဆိုတာ မတည်ဆောက်နိုင်ခင် ခေတ်ပေါင်းများစွာတည်းက ငှက်တွေမှာ တေးသီချင်းယဉ်ကျေးမှု အလေ့အထ တစ်မျိုးရှိနေပြီဆိုတာပါပဲ။ ဒါပေမယ့် ဘာသာစကားမှာ ထူးခြားတဲ့ လက္ခဏာ နှစ်ဆင့်ရှိတယ်။ ပထမ တစ်ဆင့်က ရုပ်မဲ့အသွင်ပြောင်းခြင်း (Abstraction) ပါ။ သာဓကအားဖြင့် စိတ်ဆိုတဲ့ စကားလုံးအတွက် ရုပ်ပစ္စည်းမရှိပါဘူး။ ဒါပေမယ့် စိတ်လို့ပြောလိုက်ရင် အဲဒီ့ ရုပ်မဲ့သဘောတရားကို အချင်းချင်း နားလည်နိုင်ကြတယ်။ ဒုတိယကတော့ ကုတ်ပိတ်ခြင်း (Encoding) ပဲဖြစ်တယ်။ ဘာသာစကားနဲ့ ပြောရတာဟာ လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်ရတာထက် များစွာ ပြေပြစ်အဆင်ပြေစေတာကတော့ ဒီဂုဏ်သတ္တိကြောင့်ပဲ။ စကားလုံးတွေရဲ့ အထားအသိုနဲ့ အကြောင်းအရာ အပေါ်လိုက်ပြီး အနက်အဓိပ္ပာယ်တွေ၊ သတင်းအချက်အလက်တွေကို စကားလုံး ပမာဏနည်းနည်းနဲ့ ထိရောက်အောင် ဖော်ပြနိုင်တယ်။ ဒါကြောင့် ဘာသာစကားဆိုတာဟာ သတင်းအချက်အလက်တွေကို ပမာဏများများနဲ့ လျင်မြန်ထိရောက်စွာ ဆက်သွယ်ပေးနိုင်တဲ့ ကိရိယာတစ်ခုပဲဖြစ်တယ်။

          အစောပိုင်းမှာတော့ ဘာသာစကားကို နှုတ်ပြောစကား အနေနဲ့သာ ဆက်သွယ်နိုင်ကြတယ်။ နှုတ်ပြောအစဉ်အလာတွေနဲ့ သတင်းအချက်အလက်တွေကို ထိန်းသိမ်းကြတယ်။ အက္ခရာစာလုံး မရှိခင် သတင်းအချက်အလက်တွေကို မပျောက်ပျက်အောင် အာဂုံဆောင်ခြင်းနဲ့ ထိန်းသိမ်းကြပါတယ်။ အဲဒီ့နောက်မှာ အက္ခရာစာလုံးတွေ ပေါ်ပေါက်လာခဲ့တယ်။ ပြောစကားကို စာအဖြစ် ချရေးမှတ်တမ်းတင် နိုင်လာကြတယ်။ စာပေလောကဆိုတာကြီး ဖြစ်လာတယ်။ ဒီ့နောက်မှာတော့ ကျွန်တော်တို့ ပုံနှိပ်လုပ်ငန်း ပေါ်ပေါက်လာတဲ့အခါ စာပေလောကဟာ လူသားအများစုဆီသို့ လွယ်လင့်တကူ ရောက်ရှိလာတော့တယ်။ ကျွန်တော်တို့ သတင်းအချက်အလက်ခေတ်မှာတော့ အင်တာနက် ပေါ်ပေါက်လာတာကြောင့် သတင်းအချက်အလက်တွေကို ရှာဖွေရတာ အရင်တုန်းကထက် ပိုမိုလွယ်ကူမြန်ဆန်လာပါတယ်။
ပုံ - ဦးနှောက်ထဲမှ သတင်းအချက်အလက်များသည် ပျံ့ပွားနိုင်သည့် မီးမ်များ အဖြစ် စုဝေးချိတ်ဆက်လျှင် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။


          ခေတ်သစ်နည်းပညာကြောင့် မီးမ်တွေဟာ နှုတ်ပြောစကားမှာတင် ကန့်သတ်ခံ မထားရတော့ပဲ သတင်းမီဒီယာတွေကနေ များစွာ ပျံ့ပွားနိုင်လာတယ်။ မီးမ်တွေကို ပျံ့ပွားဖို့ နည်းပညာတွေကို ကျွန်တော်တို့က တီထွင်တယ်လို့ ပြောကြမယ်။ ဒါပေမယ့် မီးမ်ရှုထောင့်ကနေ ကြည့်ရင် ဒီ မီးမ်တွေရဲ့ ပြောင်းလဲတိုးတက်မှုကြောင့် နည်းပညာဆိုတာ ဖြစ်လာတာပဲ။ ဒါကြောင့် မီးမ်တွေကပဲ သူတို့ ပိုမိုပျံ့ပွားနိုင်တဲ့ နည်းပညာစနစ်တွေ ရအောင် လူတွေကို တီထွင်ခိုင်းတယ်လို့ လည်းပြောလို့ရနေပြန်တယ်။
တချို့အခြေအနေတွေမှာတော့ ဘာသာစကား မပါပဲ မီးမ်တွေ ပျံ့နှံ့နိုင်ကြတယ်။ ခါးလှည့်ကွင်းကို ဥပမာပေးပါ့မယ်။ ဒီ ပစ္စည်းကို ပလတ်စတစ်နဲ့ လုပ်ထားပါတယ်။ အတွေးအခေါ် အိုင်ဒီယာ တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ကောင်မလေးတစ်ယောက် ခါးလှည့်ကွင်းဆော့တိုင်း၊ ရုပ်မြင်သံကြားမှာ ခါးလှည့်ကွင်းဆော့တဲ့ ပြကွက် ပါလာတိုင်း၊ အဲဒီ့ ခါးလှည့်ကွင်းလေးက ခါးလှည့်ကွင်း ကစားနည်းဆိုတဲ့ မီးမ်ကို ပျံ့နှံ့စေပါတယ်။ ဒါကြောင့် ခါးလှည့်ကွင်းတွေဟာ ခါးလှည့်ကွင်းမီးမ် စီးနင်းမှီခိုတဲ့ ယာဉ်တွေပါပဲ။ ဒဿနပညာရှင် ဒန်နီယယ် ဒန်းနတ် (Daniel Dennett) ပြောသလိုပေါ့။ ဒန်းနတ်ရဲ့ စကားကောက်နှုတ်ချက်ကတော့ “လှည်းတစ်စီးဟာ သယ်လာတဲ့ ကုန်တွေကို လိုရာအရပ်ကို သယ်ပို့ပေးသလိုပဲ၊ လှည်းဆိုတဲ့ ထူးထူးခြားခြား အတွေးအခေါ်တစ်ခု၊ တီထွင်မှုတစ်ခုကိုလည်း သယ်ပို့ပေးပါသေးတယ်။” ဆိုပါသတဲ့။

           ပြန်အကျဉ်းချုပ်ရရင်တော့ မီးမ်တွေက ဘာသာစကားအဖြစ် နှုတ်စကားနဲ့ သတင်းမီဒီယာတွေမှာ ပျံ့နှံ့သလို၊ ခါးလှည့်ကွင်း၊ လှည်းဘီး၊ ဘောလုံးအားကစား စတဲ့ ရုပ်လောကမှာ ဖန်တီးလိုက်တဲ့ မီးမ်ထုတ်ကုန်တွေကိုယ်တိုင်ကလည်း မီးမ်တွေ စီးနင်းပျံ့နှံ့ဖို့ ယာဉ်အဖြစ် ဆောင်ရွက်ပေးပါတယ်။


မီးမ်အလွန်မီးမ်များ

          ခပ်ဆန်းဆန်းမေးခွန်းလေးတွေကို ခပ်လန်းလန်းလေး ဖြေဖို့လိုပါလိမ့်မယ်။ ခပ်ဆန်းဆန်းမေးခွန်း ဆိုတာက ဒီလိုပါ။ “ပျံ့ပွားလွယ်တဲ့ သတင်းအချက်အလက်အစုအဝေးတစ်ခုကို မီးမ်လို့ခေါ်တယ်ဆိုရင် အခုဆောင်းပါးမှာ ပြောနေတဲ့ မီးမ်တွေအကြောင်း သတင်းအချက်အလက်တွေ၊ ခုနကပြောတဲ့ မီးမ်သီအိုရီ ကိုယ်တိုင်ကရော မီးမ်ပဲလား?” ဆိုတာပေါ့။ မှန်ပါတယ် အခုဆောင်းပါးမှာပြောနေတဲ့ မီးမ်သီအိုရီဆိုတာ မီးမ်တွေအကြောင်း ဖော်ပြထားတဲ့ မီးမ်တစ်ခုပဲ။ ဒါပေမယ့် တခြား မီးမ်တွေနဲ့ ကွဲအောင် မီးမ်အလွန် မီးမ် (Metameme) လို့ခေါ်ကြည့်ရအောင်။

          မီးမ်အလွန်မီးမ်တွေရဲ့ ထူးခြားချက်ကတော့ မီးမ်အလွန်မီးမ် ကိုယ်တိုင်နဲ့ တခြားမီးမ်တွေအကြောင်း လူသားနားလည်အောင် ရှင်းပြတဲ့ သိပ္ပံနဲ့ ဖော်ပြတဲ့ပုံစံ (Scientific Model) တစ်ခုပဲ။ မီးမ်သီအိုရီကြောင့် မီးမ်တွေရဲ့ သဘာဝ၊ ကောင်းကျိုး၊ ဆိုးကျိုး၊ အနာဂတ်အသုံးချမှုများနဲ့ ရှိလာနိုင်တဲ့ အန္တရာယ်တွေအကြောင်း လေ့လာလို့ရတဲ့ သိပ္ပံအယူအဆတစ်ခုပါ။ နှစ်၃ဝလောက်သာ ရှိသေးလို့ အလွန် သက်တမ်းနုတဲ့ အယူအဆဖြစ်ပေမယ့် သတင်းအချက်အလက် သိပ္ပံပညာနယ်ပယ်မှာတော့ ထူးခြားတဲ့ ဘာသာရပ်ခွဲ တစ်ခုပါ။


ဗိုင်းရပ်မီးမ်များ သို့မဟုတ် စိတ်၏ ဗိုင်းရပ်များ (Virus of the Mind)

          ဗိုင်းရပ်ပိုးနဲ့ ကွန်ပျူတာဗိုင်းရပ်တွေအကြောင်း သင်ကြားဖူးသိဖူးမှာပါ။ ဇီဝဗေဒမှာဆိုရင် ဗိုင်းရပ်အကြောင်းကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဗိုင်းရပ်တွေက ကျွန်တော်တို့ ဆဲလ်တွေထဲကို ကျူးကျော်ကြတယ်။ သူတို့ဟာ သက်ရှိမဟုတ်လို့ ကိုယ်တိုင်ပွားများနိုင်စွမ်း မရှိဘူး။ ဒီတော့ ဆဲလ်တွေထဲက ကျွန်တော်တို့ အသက်ရှင်သန်ဖို့ တည်ဆောက်ဖန်တီးထားတဲ့ ဓာတုစနစ်တွေကို မှီခိုပြီး သူတို့ဗိုင်းရပ် ပုံတူတွေ ပွားများနိုင်ကြတယ်။ ဆဲလ်ထဲမှာ ဗိုင်းရပ်က ကပ်ပါးလုပ်ပြီး အလွန်အမင်း ပွားလွန်းတော့ ဆဲလ်လည်း ပေါက်ထွက်သေဆုံးတာပေါ့။ ဒီလိုနဲ့ ကိုယ်အင်္ဂါမှာ ရောင်ရမ်းမှုတွေ ဖြစ်လာတယ်။ နာမကျန်းဖြစ်တယ်ပေါ့။ ကွန်ပျူတာနည်းပညာမှာလည်း အဲဒီလိုပဲ။ ကွန်ပျူတာ Software တွေမှာ Copy လုပ်တဲ့ Program ရှိတယ်။ ဒီ Program ကို အသုံးချပြီး ကွန်ပျူတာဗိုင်းရပ် Software က Memory နဲ့ Hard Disk တစ်ခုလုံးကို ကသောင်းကနင်းဖြစ်အောင်၊ ပျက်ဆီးအောင် ဒုက္ခပေးတာပေါ့။
ဗီဇသတင်းအချက်အလက်တွေ၊ ကွန်ပျူတာသတင်းအချက်အလက်တွေ အတွက် ဗိုင်းရပ်ရှိရင် ကျွန်တော်တို့ စိတ်ထဲက အကြောင်းအရာ သတင်းအချက်အလက်တွေ အတွက်ရော စိတ်ဗိုင်းရပ် (Mind Virus) ရှိနိုင်တာပေါ့။ သတင်းအချက်အလက်တွေနဲ့ သူတို့ကို ပုံတူကူးပေးမယ့်၊ ပျံ့ပွားစေမယ့် စနစ် တစ်ခုခုရှိတဲ့ နေရာတိုင်းမှာ ဗိုင်းရပ် ရှိနိုင်ပါတယ်။ ဗိုင်းရပ်က သူ့ပစ်မှတ်ကို မိသွားလို့ ကပ်ပါးခံရတဲ့စနစ်က ဗိုင်းရပ်ရဲ့ အသုံးချခံရပြီဆိုရင်တော့ မရှုနိုင်မကယ်နိုင်အောင်ပဲ။ ဗိုင်းရပ်ရောဂါဆိုးကြောင့် လက်လျှော့လိုက်ရတဲ့ ဆရာဝန်တွေနဲ့ ဗိုင်းရပ်ထိသွားတဲ့ ကွန်ပျူတာကို မပြင်နိုင်တော့တဲ့ အိုင်တီကျွမ်းကျင်သူက သက်သေတွေပဲပေါ့။

          ဗိုင်းရပ်တွေက အမျိုးမျိုး ရှိပေမယ့် သတင်းအချက်အလက်သီအိုရီကနေ ကြည့်ရင် ဗိုင်းရပ်ကို အဓိပ္ပာယ်တစ်မျိုး စုစည်းဖွင့်ဆိုနိုင်ပါတယ်။ ဗိုင်းရပ်ဆိုတာ အခြား ပျံ့ပွားရေးစနစ်တစ်ခုကို မှီခိုအသုံးချပြီး သူ့ကိုယ်သူ ပျံ့ပွားအောင် လုပ်တဲ့ အရာကို ညွှန်းဆိုတာပါ။
ကွန်ပျူတာဗိုင်းရပ်ဆိုတာ သူအသုံးချတဲ့ Operating System လို Software တစ်မျိုးပါပဲ။ ဗိုင်းရပ်ပိုးဆိုတာလည်း သူကပ်ပါးပြုတဲ့ ဆဲလ်လောက်နီးနီး သက်ရှိလက္ခဏာတွေ ပြည့်စုံတဲ့ ဇီဝပစ္စည်းတစ်ခုပဲ။ စိတ်ဗိုင်းရပ်ဆိုတာမှာလည်း မီးမ်တွေကို အသုံးချပြီး ပျံ့နှံ့တယ်ဆိုပေမယ့် ဒီဗိုင်းရပ်ကိုယ်တိုင်က မီးမ်ဖြစ်နိုင်တယ်။

          စိတ်ဗိုင်းရပ်တွေက မီးမ်တွေကို အသုံးချတဲ့နည်းအမျိုးမျိုး ရှိပါတယ်။ ဒီအထဲမှာ အန္တရာယ်ကို ညွှန်ပြတဲ့ မီးမ်တွေလည်း ပါတာပေါ့။ ကိုယ်ကျိုးရှာဗီဇတွေအကြောင်း ပြောတုန်းကလို သက်ရှိတွေက ရှင်သန်နေဖို့၊ ပွားများနေဖို့ ရုန်းကန်ရှင်သန်နေကြတယ်ဆိုတာ လူသားတွေအတွက်လည်း မကင်းပါဘူး။ အန္တရာယ်ရှောင်ရှားခြင်းနဲ့ တက်လမ်းရှာခြင်းဆိုတာ  ဆင့်ကဲဖြစ်စဉ်ရှုထောင့်က ကြည့်ရင် ရုန်းကန်ရှင်သန်နေမှုထဲမှာ အရေးအကြီးဆုံး ကိစ္စတွေပဲ။ 

တက်လမ်းရှာခြင်းနဲ့ ပတ်သက်ရင်တော့ သင့်ငွေအရင်းအနှီး အနည်းငယ်နဲ့ အွန်လိုင်းမှာ စီးပွားရေး တစ်ခု စတင်လိုက်ပါ၊ ဒါမှမဟုတ် အာဖရိကဒုက္ခသည်တစ်ယောက်ကို ငွေလွှဲဘဏ်အကောင့် ဖွင့်ပေးပြီး အမွေတစ်ဝက်ဆီ ခံစားပိုင်ဆိုင်လိုက်ပါ၊ စသည်ဖြင့် လုပ်ကြံဇာတ်လမ်းဖြစ်စေ၊ စစ်မှန်တဲ့ လုပ်ငန်းကြော်ငြာတစ်ခုဖြစ်စေ လူတွေ အာရုံစိုက် ခံရလေ့ရှိတယ်။ လူတွေက အန္တရာယ်ရှိတဲ့အရာကိုတော့ ပိုလို့တောင် အာရုံထားကြတယ်၊ လူပိုသိအောင် လုပ်ကြတယ်။ လူအုပ်ထဲမှာ မီးဗျို့၊ မီးမီး လို့ အော်လိုက်ရင် အကုန်လုံး လန့်ဖျန့်ကုန်ကြတာပဲ။ ဒါမှမဟုတ် ဟောဒီမှာ ချိန်ကိုက်ဗုံး တွေ့ထားတယ်ဗျို့ လို့ စမ်းအော်ကြည့်ပါဦး။ “မီး” သို့မဟုတ် “မိမိအနီး၌ မီးလောင်မှုဖြစ်ပွားနေသည်” ဆိုတဲ့ မီးမ်က အသက်အန္တရာယ် ရှိတာကြောင့် လူ့စိတ်ထဲမှာ ဒိုင်းကနဲ အာရုံစိုက်ခံရတဲ့ မီးမ် ဖြစ်ပါတယ်။ စက္ကန့်ပိုင်းအတွင်း လူအုပ်ထဲကို ဒီ မီးမ်က လျင်မြန်စွာ ပျံ့နှံ့သွားတာပါပဲ။

          အန္တရာယ် ညွှန်ပြတဲ့ မီးမ်တွေကို အသုံးချတဲ့ စိတ်ဗိုင်းရပ်တစ်ခုကို ဖော်ပြပါဆိုရင် နာဇီဝါဒကို ဥပမာပေးရမှာပဲ။ နာဇီဝါဒရဲ့ ကြောင်းကျိုး ခိုင်လုံမှုမရှိတဲ့ လူမျိုးကြီးဝါဒနဲ့၊ ဂျူးတွေကို မျိုးတုံးသတ်ဖြတ်လိုမှုတွေက လူအများ လက်မခံနိုင်စရာ အကြောင်းတွေပါ။ အစွန်းရောက်အမျိုးသားဝါဒလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ၁၉၃ဝဝန်းကျင်လောက်တုန်းက လူတွေက ဘာလို့ ဒီစက်ဆုပ်ဖွယ် နိုင်ငံရေးဝါဒနောက်ကို လိုက်ခဲ့ကြတာလဲ။ ဒါဟာ စဉ်းစားစရာပါ။ နာဇီတွေက လူအင်အားစုဆောင်းတဲ့အခါ လူထုကို သွေးဆောင်ခဲ့ပါတယ်။ “ဂျူးတွေက ဂျာမနီရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်နေတယ်၊ မဟာမိတ်စစ်နိုင်သူတွေက ဂျာမနီကို အနိုင်ကျင့်နေတယ်၊ ကြာရင် ဂျာမန်လူမျိုးက နိမ့်ပါးတဲ့ လူမျိုးဖြစ်လာပြီး ဂျာမန်လူ့အဖွဲ့အစည်း တိမ်ကောပျက်သုဉ်းသွားမယ်” စသည်ဖြင့် သတင်းအချက်အလက်တွေကို (မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ) လူထုထဲကို သွတ်သွင်းပေးပါတယ်။ ခုနက မီးလို၊ ချိန်ကိုက်ဗုံးလိုပဲ ဂျူးတွေ၊ မဟာမိတ်နိုင်ငံတွေဟာ အန္တရာယ်ကောင်တွေ ဖြစ်ကြောင်း လူတွေကြားထဲ ဖြန့်ဝေပေးတယ်။ ဒီအခါ ဂျူးတွေ၊ မဟာမိတ်နိုင်ငံတွေက ရန်သူတွေဖြစ်ကြောင်း၊ ဂျာမန်မျိုးတူစု နိုင်ငံတွေချင်း ညီညွတ်ပြီး ရန်သူတွေကို သုတ်သင်ရမှာ ဖြစ်ကြောင်း လူထုကြားထဲမှာ ပျံ့နှံ့လာတယ်။

          အမှန်တော့ စက်ဆုပ်ဖွယ်ရာ စစ်တိုက်ဝါဒ (Militarism)၊ မဟာအမျိုးသားဝါဒ (Ultranationalism) နဲ့ လူမျိုးခွဲခြားဖိနှိပ်ဝါဒ (Racism) တွေက ကိုယ်တိုင် မပျံ့ပွားနိုင်တဲ့အတွက် ပျံ့ပွားလွယ်တဲ့ အန္တရာယ်ကောင်မီးမ် (Danger! Meme) ကို အသုံးချလိုက်တာပါပဲ။ ဒီဖြစ်စဉ်က လူ့ကိုယ်မှာရှိတဲ့ ဆဲလ်တွေကို အသုံးချပြီး ဗိုင်းရပ်ပိုးတွေ ပွားများသလို၊ Windows စနစ်ကို အသုံးချပြီး ကွန်ပျူတာဗိုင်းရပ် ပျံ့ပွားသလိုမျိုးနဲ့ တူညီပါတယ်။

          ဒီနေရာမှာ တစ်ခု သတိထားဖို့ ရှိတာက စိတ်၏ဗိုင်းရပ် ဆိုလိုက်တိုင်း ဗိုင်းရပ်က မကောင်းတဲ့အရာလို့ ပြောလို့မရပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်ဖတ်ကြည့်ရင် ရှင်းလင်းမှာပါ။ ပျံ့ပွားရေးစနစ်ကို အသုံးချပြီး သူတို့ကိုယ်သူတို့ ပျံ့ပွားစေတဲ့ အရာ ဘယ်အရာကိုမဆို ဗိုင်းရပ်လို့ ခေါ်လိုက်တာပဲ။

          ကျွန်တော်တို့ ကွန်ပျူတာမှာ Program တစ်ခုသွင်းလိုက်တယ်။ အင်တာနက်ချိတ်ထားလို့ Update တွေ အလိုအလျောက် Download လုပ်တယ်ဆိုရင် ဒီ Update က Windows အကူအညီနဲ့ အထက်ပါ Program သွင်းထားတဲ့ ကွန်ပျူတာတိုင်းကို ပျံ့သွားမှာပါ။ သတင်းအချက်အလက် သီအိုရီအရ ဒီ Update ကလည်း Virus တစ်မျိုးပဲ။ ဒါပေမယ့် ဆိုးကျိုးဖြစ်စေတဲ့ (ကွန်ပျူတာကို ထိခိုက်စေတဲ့) ဗိုင်းရပ်မဟုတ်ပါဘူး။ 

          ထိုနည်းလည်းကောင်းပါပဲ။ “မီးလောင်နေတယ်၊ ညာဖက်အခန်းထောင့်မှာ အရေးပေါ် အပေါက်ရှိတယ်” ဆိုတဲ့ အော်သံမှာ အန္တရာယ်မီးမ် ပါရှိတယ်၊ ဒီမီးမ်ကို ကပ်ပါးပြုတဲ့ “အရေးပေါ်အပေါက်က ညာဖက်မှာ ရှိကြောင်း” မီးမ်တစ်ခုပါသေးတယ်။ မီးမလောင်ရင် အရေးပေါ်အပေါက်ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ တနည်းအားဖြင့် ဒီမီးမ်က လူတွေကြားထဲ ပျံ့ပွားဖို့ မလွယ်ပါဘူး။ ဒါပေမယ့် “မီးလောင်ခြင်း”လို အန္တရာယ်မီးမ်တစ်ခုနဲ့ ဆက်စပ်လိုက်တဲ့အခါ နဂိုက ပျံ့ဖို့ မလွယ်တဲ့ “အရေးပေါ်အပေါက်” မီးမ်က လူတွေကြားထဲ လွယ်ကူစွာ ပျံ့နှံ့သွားတယ်။ စင်စစ် ဒီ မီးမ်က စိတ်ဗိုင်းရပ် တစ်မျိုးပါပဲ။ ဒါပေမယ့် ဆိုးကျိုးမပေးတဲ့ စိတ်ဗိုင်းရပ်ပေါ့။

          ဗိုင်းရပ်က ပျံပွားရေးစနစ်တစ်ခုကို အသုံးချတဲ့အခါ လက္ခဏာ လေးရပ် ရှိတတ်ပါတယ်။ အရင်ဆုံး ဗိုင်းရပ်က ပျံပွားရေးစနစ်ကို ဖောက်ထွင်း ဝင်ရောက်ရတယ်။ ဒုတိယလက္ခဏာရပ်ကတော့ ပျံပွားရေးစနစ်ကို အသုံးချပြီး သူ့ကိုယ်သူ ပျံ့ပွားအောင် လုပ်ခြင်းပဲ။ တတိယတစ်ခုကတော့ နောက်ထပ် ပျံပွားရေးစနစ် အသစ်တွေဆီကို ကူးစက်သွားခြင်း ဖြစ်တယ်။ တခါတရံ ရှိတတ်တဲ့ စတုတ္ထတစ်ခုကတော့ ပျံပွားရေးစနစ်ကို ထူးခြားတဲ့ ညွှန်ကြားမှုတွေ ပေးခြင်းပဲ ဖြစ်တယ်။

          “မီးလောင်နေတယ်!” ဆိုတဲ့ အန္တရာယ်မီးမ်ကို မှီခိုနေတဲ့ “ညာဖက်အရေးပေါ်အပေါက်” မီးမ်ဟာ ခုနကပြောခဲ့သလို လူတွေဆီ ထိုးဖောက်ဖို့လွယ်ပါတယ်။ ပြီးရင်တော့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေအနေနဲ့ တခြားလူတွေကို မီးလောင်တဲ့သတင်းကို အတိအကျ ဆက်လက်ဖြန့်ဝေတယ်။ အောက်ထပ်ကလူက မီးလောင်တာ သိတော့ အပေါ်ထပ်ကလူကို ဆက်သွယ် အသိပေးတာမျိုးပေါ့။ စတုတ္ထအဆင့်မှာ မီးမ်ဗိုင်းရပ်က လူကို ဘယ်လိုပြုမူရမလဲ ညွှန်ကြားတယ်။ ညာဖက်မှာ ရှိတဲ့ အရေးပေါ်အပေါက်ကနေ ထွက်ပြေးဖို့ပေါ့။


မီးမ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုလူသားတွေအပေါ် မီးမ်တွေရဲ့ သက်ရောက်မှု

          ဗီဇတွေက ဗီဇဖောက်ပြန်မှုတွေဖြစ်လို့ ဗီဇမျိုးကွဲ အသစ်တွေ ပေါ်ပေါက်လာသလိုပဲ၊ မီးမ်တွေဟာလည်း လူတစ်ယောက်ကနေ တစ်ယောက်ကို ပျံ့သွားတဲ့အခါ ကွဲလွဲမှုတွေ ဖြစ်လာပါတယ်။ နဂို မီးမ်ကို အခြေခံပြီး တီထွင်မှု အသစ်တွေဖြစ်လာတယ်။ ဒီကနေ ခပ်ဆင်ဆင် တူတဲ့ မီးမ်အသစ်တွေ ဖြစ်လာတာပေါ့။ အတော်ဆုံးရဲ့ ရှင်ကျန်မှု (Survival of the Fittest) ကနေ နောင်ပြောင်ပြောဆိုရင်း အဝဆုံးရဲ့ ရှင်ကျန်မှု (Survival of the Fattest) လို စကားစု ထွင်လိုက်ရင် မူလ မီးမ်ကနေ ဖောက်ပြန်လာတဲ့ မီးမ်အသစ်ပဲပေါ့။ ချို့ယွင်းနေတဲ့ သိပ္ပံအယူအဆတစ်ခုကို တစ်စုံတစ်ယောက်က မွမ်းမံပြင်ဆင်လိုက်ရင်လည်း မူလအယူအဆက ပေးတဲ့ မီးမ်က ဖောက်ပြန်သွားတာပဲ။ မူလမီးမ်နဲ့ မီးမ်အသစ်က သိပ္ပံပညာရှင်တွေရဲ့ စိတ်မှာ နေရာယူဖမ်းစားဖို့ အားထုတ်ကြပေမယ့် ဒီနေရာမှာတော့ သက်သေအထောက်အထားနဲ့ ကိုက်ညီတဲ့ မီးမ် ကို သိပ္ပံပညာရှင်တွေက ပိုလက်ခံကြလို့၊ ပိုအောင်မြင်သွားမှာပဲ။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ မီးမ်တွေဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ခေတ်ကာလနဲ့ လျော်ညီပြီး လူကြိုက်များတဲ့ ဖက်ရှင်က မလျော်ညီတဲ့ ပြိုင်ဖက် ဖက်ရှင်ကို ယှဉ်ပြိုင်အနိုင်ယူသွားမှာပါပဲ။

          လူသားတွေမှာလည်း အခြားသတ္တဝါတွေ နည်းတူ အန္တရာယ်၊ အစားအစာ၊ မျိုးဆက်သစ် ဖြန့်ဝေခြင်း ဆိုတာတွေကို လုပ်ဆောင်ရတယ်။ အန္တရာယ်နဲ့ ပတ်သက်လာရင် ခုခံတိုက်ခိုက်ခြင်းအတွက် ဒေါသ၊ ထွက်ပြေးလွတ်မြောက်ခြင်းအတွက် အကြောက်တရား၊ အစားအစာ ရှာဖွေဖို့ ဆာလောင်ခြင်း၊ နဲ့ မျိုးဆက်သစ် ပြုလုပ်ဖို့ ကာမရာဂစိတ် တွေ လိုအပ်တယ်။ ဒီစိတ်တွေကို ဖြစ်ပေါ်စေတဲ့ သို့မဟုတ် ဆက်စပ်တဲ့ မီးမ်တွေက လူတွေ ပိုအာရုံစိုက်ခံရပါတယ်။ လူ့ယဉ်ကျေးမှုထဲမှာတော့ ဒီ့ထက်ပိုတဲ့ အခြေအနေတွေ ရှိတယ်။ အကျပ်အတည်း(Crisis)၊ ပြဿနာ (Problem)၊ အန္တရာယ် (Danger)၊ ဦးတည်ချက်ပန်းတိုင် (Mission)၊ အခွင့်အလမ်း (Opportunity) စတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ရင် မီးမ်တွေက ပိုမို ပျံ့နှံ့လွယ်ကြတယ်။ လူတွေကို ဖမ်းစားမယ့် မီးမ်တွေရဲ့ ပြိုင်ပွဲမှာ ဒီ မီးမ်တွေက စိုးမိုးလေ့ရှိတယ်။ “အီဘိုလာရောဂါ အကြောင်းနဲ့ ကာကွယ်နည်းများ” ဆိုတဲ့ စာအုပ်ခေါင်းစဉ်ဆိုရင် အန္တရာယ်နဲ့ ဆက်စပ်တဲ့ မီးမ်ပါပဲ။ ဒီလို စာအုပ်ခေါင်းစဉ်မှာ အန္တရာယ်နဲ့ ဆက်စပ်တဲ့ မီးမ် ပါရှိတာကြောင့် အဲဒီ့ စာအုပ် အလွန်ရောင်းကောင်းမှာပါ။ “ကြီးပွားရေးလမ်းညွှန်”ဆိုတာ တက်ကျမ်းစာအုပ်ဆန်ဆန် နာမည်မျိုးပေါ့။ သူကတော့ အခွင့်အလမ်းနဲ့ ဆက်စပ်တဲ့ မီးမ်တွေ အများကြီး ပါတဲ့ စာအုပ်ဖြစ်တယ်။ ဒီလိုမီးမ် ပါတဲ့ အကြောင်းအရာတွေက တခြားအကြောင်းအရာတွေထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

          ဒါကြောင့် မီးမ်တွေဟာ ဖောက်ပြန်ပြောင်းလဲတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ရုပ်နဲ့စိတ် အခြေအနေတွေနဲ့ ဆက်စပ်တဲ့ဖက်ကို ဦးတည်လေ့ရှိတယ်။ မီးမ်ရဲ့ မူလရည်ရွယ်ချက်တွေဟာ ဖောက်ပြန်လာတဲ့ မီးမ်တွေမှာ ပိုမိုချွတ်ချော်လာတတ်ပါတယ်။ မီးမ်တွေနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ ပြိုကျလေ့ရှိတာ၊ အဂတိလိုက်စားမှုတွေ ဖြစ်ရတာဟာ ဒီဖြစ်စဉ်နဲ့ ရှင်းပြနိုင်ကောင်းပါတယ်။ မီးမ်တွေဟာ ဖောက်ပြန်တတ်ကြောင်းနဲ့ ဖောက်ပြန်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဦးတည်ချက်တွေကို သိရှိထားရင် ကျွန်တော်တို့ ကိုယ်တိုင် မီးမ်တွေကို ဖန်တီးရန်၊ သို့မဟုတ် အသုံးချရန်၊ ပြီးနောက် ဆက်လက်ထိန်းသိမ်းရန် အတွက် အသုံးတည့်ပါတယ်။

          ဗီဇများလိုပဲ မီးမ်တွေမှာလဲ သူတို့ကိုယ်တိုင်ကို များစွာကျော်လွန်ပြီး အကျိုး သက်ရောက်မှုရှိပါတယ်။ တစ်ချို့ မီးမ်တွေ (ဥပမာ- မီးမွှေးအတတ် မီးမ်၊ အဝတ်အစား မီးမ်) တွေမှာ ကြီးမားတဲ့ အကျိုး သက်ရောက်မှုတွေ ရှိပါတယ်။ တစ်ချို့ မီးမ်တွေဆိုရင်လည်း သူတို့ကို လက်ခံတဲ့ လူတွေ အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။ ဥပမာဆိုရင်တော့  ‘အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုတ’် ဆိုတဲ့ စကားပုံမျိုး။ ‘နှလုံးနဲ့ အဆုတ်ကို ဓာတ်ရိုက်ပြီး ပြန်အလုပ်လုပ်အောင် နှိုးဆွခြင်း’။ ‘အိမ်သာသုံးပြီး လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးခြင်း’ ဆိုတဲ့ ကျန်းမာရေး သင်ကြားချက်မျိုး စတာတွေပေါ့။ သို့ပေမယ့် မီးမ်တွေရဲ့ ကူးစက်နိုင်စွမ်းနဲ့ ဗီဇတွေရဲ့ ကူးစက်နိုင်စွမ်းတွေကတော့ မတူပြန်ဘူး။ တစ်ချို့မီးမ်တွေကတော့ ပြင်းထန်တဲ့ ကူးစက်မှု စွမ်းအားတွေရှိကြတယ်။ ကူးစက်လာတဲ့ အလျောက်မှာလည်း ဘေးဖြစ်ဆိုးကျိုးတွေ အရာထင်ကျန်ခဲ့တတ်တယ်။ အယူသည်းမှုတွေ (Superstitions)၊ ရောဂါရစေတဲ့ ဆေးအတုအယောင်တွေ (Patent Medicines)၊ စိတ်နယ်လွန်တန်ခိုးနဲ့ ခွဲစိတ်ခြင်း (Psychic Surgery) (ရုပ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း မလုပ်ပဲ စိတ်မှန်းနဲ့ ဗိုက်ကိုခွဲပြ၊ စိတ်မှန်းနဲ့ အညစ်အကြေးကို ထုတ်ယူ ပြတာမျိုးတွေ)၊ လူမျိုးခွဲခြား ဆက်ဆံရေးကို အားပေးထောက်ခံတဲ့ ပုံပြင်ဇာတ်လမ်းတွေ (Racist Myths) စတာမျိုးပေါ့။
မီးမ်တွေဟာလည်း ဗီဇ (ဂျင်းန်)တွေလိုပဲ။ ရုပ်လောကရဲ့ သဘာဝတရားမှာ မှန်ကန်ခြင်း၊ မှားယွင်းခြင်း၊ ကောင်းကျိုးပြုခြင်း၊ ဆိုးကျိုးဖြစ်ခြင်း ဆိုတာတွေနဲ့ မလည်ပတ်ပါဘူး။ ပျံ့နှံ့ပုံတူကူးတဲ့ ပစ္စည်းတွေသာ ဖြစ်တာနဲ့အညီ ပိုမို ပျံ့နှံ့နိုင်စွမ်း ရှိတဲ့ မီးမ် သို့မဟုတ် ဗီဇကသာ လွှမ်းမိုးသွားတာပဲ။ ဘာကြောင့်လဲဆိုတော့ ရုပ်သဘော ပွားများမှုကို အားပေးတဲ့ အရာတွေက ရုပ်လောကမှာ ကြီးစိုးလေ့ ရှိတာ ဓမ္မတာဖြစ်လို့ပါပဲ။

          မီးမ်တချို့ဟာ ဆိုးကျိုးဖြစ်ထွန်းစေလို့ လူကြိုက်မများပေးမယ့် ပျံ့ပွားလွယ်တဲ့ မီးမ်တွေကို အသုံးချပြီး (ဆိုးကျိုးဖြစ်စေတဲ့) မီးမ်ဗိုင်းရပ်တွေ ဘယ်လိုအောင်မြင်ပျံ့နှံ့ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးနိုင်သလဲဆိုတာ သတင်းအချက်အလက် သိပ္ပံပညာ အနေနဲ့ အမှန်တကယ် လေ့လာသင့်တဲ့ အကြောင်းအရာတွေပဲ။ ထိုနည်းတူ ကျန်းမာရေးဗဟုသုတ ဆိုင်ရာ မီးမ်တွေကို ကောင်းမွန်တဲ့မီးမ်တွေကို လူထုလက်ထဲ ပိုမို ပျံ့ပွားအောင် တခြား ပျံ့နှံ့လွယ်တဲ့ မီးမ်တွေနဲ့ တွဲဖက် အသုံးချနိုင်ရင် သိပ်ကောင်းပါတယ်။ မီးမ်သီအိုရီဟာ ယနေ့ခေတ် သတင်းအချက်အလက်တွေ ပျံ့ပွားပုံ၊ ဖောက်ပြန်ပုံ၊ သတင်းအချက်အလက်နှင့်လူသား အပြန်အလှန် စိုးမိုး အသုံးချပုံတွေကို လေ့လာတာဖြစ်လို့ ယနေ့ သတင်းအချက်အလက်ခေတ်အတွက် အရေးပါတဲ့ အယူအဆတစ်ခုဖြစ်တယ်။ ကျွန်တော်တို့တွေ အရင်တုန်းက လူ့ယဉ်ကျေးမှု ဆင့်ကဲဖြစ်စဉ် (Cultural Evolution) ကို တီထွင်မှုနဲ့ တိုးတက်မှု စံနှုန်းတွေအရ သတ်မှတ်ခဲ့ကြတယ်။ ဒီစံနှုန်းတွေက လူမျိုး သို့မဟုတ် ယဉ်ကျေးမှု ဗဟိုပြုစံနှုန်းတွေ ဖြစ်နေပြီး အများသဘောတူညီတဲ့ စံနှုန်းတွေ မဟုတ်ခဲ့တာကြောင့် အလွန်အငြင်းပွားဖွယ်ရာ ဖြစ်တယ်။ မီးမ်အယူအဆကတော့ သတင်းအချက်အလက်တွေကို အရှိအတိုင်း ရှုမြင်ဖို့ ကြိုးပမ်းတာကြောင့် ပိုပြီး အများသဘောတူနိုင်တဲ့ စံနှုန်းမျိုး ရှိပါတယ်။ Richard Dawkins , Susan Blackmore, Gibran Burchett, Leveious Rolando, Larry Lottman, Aaron Lynch စတဲ့ သိပ္ပံပညာရှင်တွေက ဒီအယူအဆကို ထုတ်ဖော်ဆွေးနွေး ခဲ့ကြပါတယ်။ သိပ္ပံအသိုင်းအဝိုင်းမှာ များစွာ မကျယ်ပျံ့သေးပေမယ့် တချိန်မှာ ဒီအယူအဆကို ပိုမို ခိုင်လုံအောင် အထောက်အထားနဲ့ တိုးချဲ့နိုင်ရင် အလားအလာ ရှိတဲ့ သိပ္ပံအယူအဆ တစ်ခုပဲဖြစ်ပါတယ်။

ဘယ်သူက အရှင်သခင်လဲ

          ဒဿနပညာရှင် ဖရက်ဒ် ဒရက်စခ် (Fred Dretske) ကတော့ သက်ရှိတွေက သူတို့ရှင်သန်ဖို့ သတင်းအချက်အလက်တွေကို အသုံးချတယ်လို့ ပြောပြဖူးတယ်။ သို့ပေမယ့် Richard Dawkins ရဲ့ မီးမ်အယူအဆမှာတော့ သတင်းအချက်အလက်တွေကလည်း သူတို့ မျိုးနွယ်တွေ ရပ်တည်ဖို့ သက်ရှိတွေကို အသုံးချနေတယ်လို့ ထပ်ဖြည့်ရမလို ဖြစ်နေပါတယ်။ 

          ဇီဝလောကသားတွေဟာ သတင်းအချက်အလက် လောကကို မမြင်နိုင်ပါဘူး။ ဒီလောကဟာ မီးမ်ခေါ်တဲ့ သတင်း အချက်အလက် လောကသား တွေနဲ့ ပွရှုပ်နေတဲ့ အပြိုင်လောကတစ်ခု ဖြစ်ပါတယ်။ သတင်းအချက်အလက်ဆိုတာ ဆုပ်ကိုင်မရတဲ့ စိတ္တဇနာမ် ဖြစ်နေတာမို့ တစ္ဆေသရဲတွေလိုပါပဲ။ ဒါပေမယ့် ကမ္ဘာပေါ်က သက်ရှိတွေအထဲ ကျွန်တော်တို့ လူသားတွေကသာ ဒီလောကနှစ်ခုအကြား တစ်ချိန်တည်း နေနေကြပါတယ်။ လူသားဟာ ကျန်တဲ့ သက်ရှိတွေထက် များပြားအဆင့်မြင့်တဲ့ သတင်းအချက်အလက်တွေနဲ့ နေလာကြပါတယ်။ ကျွန်တော်တို့ဟာ ဒီလောကနှစ်ခုထဲမှာ တစ်ပြိုင်တည်း နေလာခဲ့ကြတာ အချိန်ကြာပေမယ့် ဖုံးကွယ်နေတဲ့ မီးမ်လောကကို သိရှိခံစားလာ နိုင်ကြတာတော့ မကြာသေးပါဘူး။ ယခုအခါမှာတော့ ကျွန်တော်တို့တွေဟာ သတင်းအချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ မီးမ်ပေါင်းများစွာ ကိုတွေ့ရှိနေကြပါပြီ။ သူတို့ ရှင်သန်နိုင်အောင် မီဒီယာတွေ၊ နည်းပညာတွေ အများအပြားနဲ့ ထိန်းသိမ်း ကူညီပေးထားတာက ကျွန်တော်တို့ ကိုယ်တိုင်ပါ။

          ဒါပေမယ့် သင် စတင်ကြားဖူးတည်းက ကြိုက်ခဲ့တဲ့ သံစဉ်တစ်ခု သင့်နားထဲမှာ ပဲ့တင်ထပ်စွဲငြိတဲ့အခါ၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ အိုင်ဒီယာ အမြင်သစ်တစ်ခုကြောင့် ဖက်ရှင်တွေ၊ လုပ်နည်းလုပ်ထုံးတွေ လုံးဝဆန်းသစ်သွားတဲ့အခါ ဒါမှမဟုတ် လုပ်ကြံဇာတ်လမ်း (Hoax) တစ်ခု ကမ္ဘာသားတွေ နှုတ်ဖျားမှာ လပေါင်းများစွာ စွဲငြိပြီး ပျောက်ကွယ်တဲ့အခါမှာလဲ သူစွဲငြိခဲ့တုန်းကလိုပဲ အလျင်အမြန် ကိုယ်ယောင်ဖျောက် ထွက်ခွာ သွားတဲ့အခါ၊ ဘယ်သူက ဘယ်သူကို အရူးလုပ်တာလဲ။ ဘယ်သူက သခင်လဲ။ ဘယ်သူက ကျွန်လဲ။ ကျွန်တော်တို့လား။ သရဲတစ္ဆေယောင်ယောင် သတင်းအချက်အလက်လောကသားတွေလား။
“ဘယ်သူက သခင်လဲ။ ကျွန်တော်တို့လား။ မီးမ်တွေလား။” – ဒဿနပညာရှင် ဒန်နီယယ် ဒန်းနတ် (Daniel Dannett)

~ Kyaw Zwar Lynn
December 2014

References -
Virus of the Mind - The New Science of the Meme By Richard Brodie (MS Word Developer)
What Defines A Meme - By James Gleick – Smithsonian Magazine May 2011 Issue, Retrieved from - www.smithsonianmag.com/arts-culture/what-defines-a-meme-1904778/

Thursday, February 12, 2015

ချားစ်ဒါဝင် မည်သူနည်း

ငယ်ဘဝ

ချားစ် ရောဘတ် ဒါဝင် (Charles Robert Darwin) ကို ၁၈ဝ၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်တွင် ဖခင် ရောဘတ် ဒါဝင် (Robert Darwin) နှင့် မိခင် ဆူဆန်နာဒါဝင် (Susannah Darwin) တို့မှ ရှရော့စရှိုင်းယား (Shropshire) နယ်၊ အင်္ဂလန်နိုင်ငံတွင် မွေးဖွားသည်။ သူအသက် ရှစ်နှစ်၌မိခင် ကွယ်လွန်ခဲ့သည်။ ရှရူးဘယ်ရီမြို့တွင် ကျောင်းထားသော်လည်း စာအတော်ကြီး မဟုတ်ပဲ အလယ်အလတ်အတန်း ကျောင်းသားလေးသာ ဖြစ်ခဲ့သည်။
ပုံ - ချားစ်ဒါဝင်


ဆရာဝန်မျိုးရိုးဖြစ်ပြီး ချမ်းသာကြွယ်ဝသည့်အလျောက်၊ ချားစ်ဒါဝင်ကို ဆေးပညာ သင်ကြားရန် အက်ဒင်ဘာရာ တက္ကသိုလ်သို့ ပို့ခဲ့သည်။ သို့သော် ထိုခေတ်က သွေးသံရဲရဲ ခွဲစိတ်ကုသမှုများကို ကြောက်ရွံ့သဖြင့် ဆက်မတက်ဖြစ်ပေ။ သို့နှင့်ပင် ဖခင်နှင့် သဘောမတိုက်ဆိုင်သော်လည်း သဘာဝသမိုင်းကြောင်းကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်မူ ကိမ်းဘရစ်၌ ဘုန်းတော်ကြီးတစ်ဦးဖြစ်ရန် ဆက်လက် ပညာသင်ကြားခဲ့သည်။ ပိုးတောင်မာလေးများကို စုဆောင်းလေ့လာခြင်းဖြင့် သဘာဝကို မြတ်နိုးစိတ်လေးအား ဆက်လက်မွေးမြူခဲ့ပေသည်။ သူ၏ဆရာ ဟန်စလို (John Steven Henslow) က ဒါဝင်ကို သဘာဝတ္ထပညာရှင်အဖြစ် ဘုရင့်သင်္ဘော ဘီဂယ် (HMS Beagle) နှင့်အတူ ကမ္ဘာပတ်ခရီးလိုက်ပါသွားရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် သင်္ဘောကက်ပတိန် ရောဘတ် ဖစ်ဇရိုင်း (Robert FitzRoy) အနေဖြင့် ညစာအတူစားရင် စကားလက်ဆုံပြောရန် ရင်းနှီးသည့် ပညာတတ်တစ်ယောက် မျှော်လင့်နေခြင်းဖြစ်သည်။
ပုံ - ဘီဂယ်သင်္ဘော

ဒါဝင်၏ ဘီဂယ်သင်္ဘောခရီးစဉ်

ကမ္ဘာပတ်ပြီး ပထဝီဝင်လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဘီဂယ် သင်္ဘောခရီးစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်အမေရိကနှင့် ၎င်းကမ်းလွန်ပင်လယ်ပြင်ရှိ ဂါလာပါးဂို့စ် ကျွန်းစုများသည် ဒါဝင်အများဆုံး လေ့လာခဲ့သည့် နေရာများဖြစ်သည်။ သူစိတ်ဝင်စားသည့် ကျောက်ဖြစ်ရုပ်ကြွင်း၊ ပန်းမာန်တိရစ္ဆာန်များကို ရှာဖွေစုဆောင်းခဲ့သည်။ ချားစ်လိုင်ယယ် (Charles Lyell) နှင့် တောမတ် မောလသတ်စ် (Thomas Malthus) တို့၏ စာအုပ်များကို ဖတ်ရှုခဲ့ခြင်းသည် ၎င်း နောင်တချိန်တွင် ထုတ်ဖော်မည့် ဆင့်ကဲပြောင်းလဲမှု သီအိုရီ အယူအဆများကို များစွာ လွှမ်းမိုးခဲ့သည်။
 
ဘုရင့်သင်္ဘောဘီဂယ်သည် ၁၈၃၁ခုနှစ်၌ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းကာ အင်္ဂလန်မှ တောင်အမေရိကတိုက်သို့  ဦးတည်ထွက်ခွာ ခဲ့ခြင်းဖြစ်သည်။ တောင်အမေရိကတိုက် ကမ်းရိုးတန်းတစ်လျှောက်ကို လေ့လာခဲ့ပြီး သြစတြေးလျနှင့် နယူးဇီလန်သို့လည်း ကမ်းကပ်လေ့လာခဲ့သည်။ ထို့နောက် အာဖရိကတိုက် ကိပ်တောင်း (Cape Town) မြို့မှတဆင့် ဘရာဇီးမှ ဘာဟီယာ (Bahia) မြို့သို့ ရောက်ရှိသည်။ ၎င်းသည် ပထမဆုံး ကမ်းကပ်ခဲ့သည့် တောင်အမေရိကမှ မြို့ဖြစ်သည်။ ထို့နောက် အတ္တလန်တိတ် သမုဒ္ဒရာကို လာလမ်းအတိုင်း ပြန်လာခဲ့ပြီး အင်္ဂလန်သို့ ၁၈၃၆ခုနှစ်တွင် ရောက်ရှိသည်။ သို့ဖြစ်၍ ခရီးစဉ်သည် ငါးနှစ်ကြာမြင့်သည့် ကမ္ဘာပတ်ခရီးဖြစ်သည်။
ပုံ - ဘီဂယ်သင်္ဘော၏ ကမ္ဘာပတ်ခရီးလမ်းကြောင်း
၁၈၃၂ခုနှစ် ဇန်နဝါရီလ၁၆ရက်နေ့ တွင် အာဖရိကတိုက် အနောက်ဖက်ကမ်းလွန်မှ ကိပ်ဗာဒီကျွန်းစုသို့ ရောက်ရှိခဲ့သည်။ ဆန်တီယာဂိုကျွန်း (Santiago Island) ရှိ ပေါ်တိုပရာယာ (Porto Praya) မြို့လေး၌ ဆိုက်ကပ်ခဲ့သည်။ ဆန်တီယာဂိုကျွန်း၌ ဒါဝင်သည် ၎င်း၏ ပထမဆုံး အထူးအဆန်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပေါ်တိုပရာယာ မြို့၏ ကမ်းခြေတစ်လျှောက်၌ ကမ်းပါးတစ်ခုရှိသည်။ ကမ်းပါးနံရံတွင် အဖြူရောင် ခရုခွံလေးများဖြင့် ဖွဲ့စည်းထားသည့် ရေပြင်ညီအလွှာလေး တစ်ခုရှိသည်။ ၎င်းအလွှာသည် ပင်လယ်ရေမျက်နှာပြင်မှ လေးဆယ့်ငါးပေ မြင့်နေခြင်းကြောင့် ချားစ်ဒါဝင်အတွက် စဉ်းစားစရာ ဖြစ်စေခဲ့သည်။
ပုံ - အတ္တလန်တိမ် သမုဒ္ဒရာထဲမှ ဆန်တီယာဂိုကျွန်းရှိ Porto Praya မြို့။

တချိန်တုန်းက ၎င်းခရုခွံအလွှာသည် ပင်လယ်အောက်ထဲ၌သာ ရှိရမည်မှာ ထင်ရှားလှသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်အထက် ၄၅ပေသို့ မည်သို့ ရောက်ရှိနေသနည်း ဟုသည် စဉ်းစားစရာဖြစ်သည်။ ငလျင်ကို သာဓကပြုနိုင်သည့် ကပ်ဆိုးဆန်ဆန် မြေပထဝီအားကြီးများကြောင့် ရေပြင်ညီအနေအထား ပျက်ယွင်းနိုင်သည်ဖြစ်ရာ၊ တဖြည်းဖြည်းချင်း မြင့်တက်စေသည့် မြေပထဝီအားများကြောင့် ဖြစ်နိုင်မည်ဟု ဒါဝင်က ဆင်ခြင်မိသည်။ ဘူမိဗေဒပညာရှင် ချားစ်လိုင်ယယ် (Charles Lyell) ၏ အယူအဆများကိုလည်း ဤခရုခွံအလွှာက သက်သေအထောက်အထား ပေးနေသည်ဟု ထင်မြင်ခဲ့သည်။ လိုင်ယယ်သည်လည်း အလွန် ကြာညောင်းသည့် အချိန်ကာလအတွင်း ကမ္ဘာကြီးသည် တဖြည်းဖြည်း ပြောင်းလဲနေသည်ဟု ယူဆထားသည်။ ဤတွေ့ရှိချက်ကြောင့် ဒါဝင်သည် ကမ္ဘာတိုက်ကြီးများ မြင့်တက်ခြင်းနှင့် သမုဒ္ဒရာကြမ်းပြင်များ နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ ၎င်း၏ကိုယ်ပိုင်အယူအဆများကို ဖော်ထုတ်ခဲ့ဖူးသည်။ (သို့သော် ယနေ့ခေတ် ဘူမိဗေဒရှုထောင့်နှင့် များစွာ ကိုက်ညီမှုမရှိပါ)

ဧပြီလ ၃ရက်နေ့တွင် ဘီဂယ်သင်္ဘောသည် ဘရာဇီးရှိ ရီယို ဒီ ဂျနေးရိုး (Rio de Janeiro) မြို့သို့ ရောက်ရှိသည်။ ၈ရက်နေ့၌ ဒေသခံ အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အခြားအပေါင်းအပါ ငါးဦးနှင့် အပူပိုင်းမိုးသစ်တောထဲ လေ့လာရေး ခရီးထွက်ခဲ့သေးသည်။ မြို့မှ ကုန်းတွင်းဖက် မိုင်၁ဝဝခန့် လေ့လာခဲ့ကြသည်။ ခရီးတလျှောက် တောထဲမှ ရွာငယ်လေးများကို ဖြတ်သန်းသွားကြရသည်။ ရွာတစ်ခုတွင် ၎င်းတို့ကို ကောင်းစွာ ဧည့်ခံတည်ခင်း ကျွေးမွေးခဲ့ကြသည်။ ၎င်းတောလမ်းခရီး၌ အပင်၊ အင်းဆက်နှင့် တိရစ္ဆာန် နမူနာများစွာ စုဆောင်းနိုင်ခဲ့သည်။ သြဂုတ်လထဲတွင် သူ၏ ပထမဆုံး နမူနာပစ္စည်းများကို အင်္ဂလန်သို့ ပြန်ပို့ခဲ့သည်။ ကျောက်တုံးနမူနာ၊ အပူပိုင်းသစ်တော အပင်များ၊ ပိုးတောင်မာ နမူနာများ၊ အဏ္ဏဝါသတ္တဝါနှင့် တောတွင်း တိရစ္ဆာန်များ ပါဝင်သည်။
ပုံ - ရီယိုဒီဂျနေးရိုး

မတ်လ၁ရက်နေ့တွင် ဘီဂယ်သင်္ဘော သည် တောင်အမေရိကတိုက် အရှေ့ဖက်ကမ်းရိုးတန်း၏ တောင်ပိုင်းရှိ ဖော်လကန်ကျွန်းစုသို့ ရောက်ရှိလာသည်။ ဒါဝင်သည် ဤကျွန်းစု၌ ကမ်းတက်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေကြည့်သေးသည်။ ထိုကျွန်းစုတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများသည် တောင်အမေရိကတိုက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မည်မျှကွာခြားနေကြောင်း တွေ့ရှိသတိပြုမိခဲ့သည်။ ကျွန်းစု၌ နေနေစဉ် ကာလအတွင် သူကောက်ယူခဲ့သည့် နမူနာ ရုပ်ကြွင်း၊ အပင်နှင့် တိရစ္ဆာန် များကို နှိုင်းယှဉ်လေ့လာခဲ့သေးသည်။ ဤသို့ ပထဝီအနေအထားများနှင့် ရုပ်ကြွင်းများ၏ ပြန့်နှံ့ပုံကို လေ့လာခဲ့ခြင်းများက ၎င်း၏ သက်ရှိပျံနှံ့မှု အမြင်များကို လွှမ်းမိုးမည်ဖြစ်သည်။ ယနေ့အခါ ဇီဝပထဝီဝင် (Biogeography) ဟု ခေါ်တွင်သည့် ပညာရပ်တစ်ခုအဖြစ် ထွန်းကားလာပြီ ဖြစ်သည်။
ပုံ - ဖော်လကန်ကျွန်းများ
ဘီဂယ်သည် နောက်ထပ် လပေါင်းများစွာကြာအောင် အာဂျင်တီးနား၌ ဆက်လက်ရှိနေခဲ့သည်ဖြစ်ရာ ဒါဝင်အနေဖြင့် လေ့လာရေးခရီးသွားရောက်ရန် အခွင့်အရေး ပိုရရှိခဲ့သည်။ ပွန်တာ အယ်လတာ (Punta Alta) ကမ်းခြေတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေနေစဉ် စိတ်ဝင်စားစရာ တစ်ခု တွေ့ရှိခဲ့သည်။ အလွန်ကြီးမားသည့် တိရစ္ဆာန်ကြီး တစ်ကောင်၏ ရုပ်ကြွင်းအပြည့်အစုံ ဖြစ်သည်။ ပို၍အံ့အားသင့်စေသည်မှာ ကမ်းပါးနံရံတွင် တည်ရှိနေသည့် ၎င်း ကျောက်ဖြစ်ရုပ်ကြွင်း၏ အပေါ်၌ ဆန်တီယာဂိုကျွန်း သို့ရောက်စဉ်က တွေ့ခဲ့ရသည့် အဖြူရောင် ခရုခွံ ကျောက်လွှာတစ်ခုကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ဤတွေ့ရှိချက်က ဒါဝင်အတွက် စဉ်းစားစရာ ဖြစ်နေသည်။  ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှိများသည် မျက်မှောက်ခေတ် သက်ရှိများနှင့် လုံးဝမတူသည့် မျိုးနွယ်များ ဖြစ်နိုင်သလို၊ ရုပ်ကြွင်းမှတ်တမ်းသည် ယနေ့ခေတ်သက်ရှိ အားလုံးပေါင်းထက် ပိုမိုကြွယ်ဝကြောင်း အခြေခံအယူအဆများကို စတင်တွေးဆခဲ့မည် ဖြစ်သည်။ ၎င်းတိရစ္ဆာန်ကြီးတို့၏ ပတ်ဝန်းကျင်ပြောင်းလဲ၍ မျိုးပြုန်း၏လော ဆိုသည်မှာလည်း တွေးစရာပင်။ ခရုခွံကျောက်လွှာနှင့် ကုန်းတိရစ္ဆာန်ရုပ်ကြွင်းကို အထက်အောက် တွေ့မြင်ရခြင်းကြောင့် ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာများသည် ကျွန်ုပ်တို့ ထင်ထားသည်ထက် ပို၍လှုပ်ရှားပြောင်းလဲနေနိုင်ကြောင်း သဲလွန်စတရပ်ပင် ဖြစ်သည်။
 
စက်တင်ဘာလ၌မူ ဒါဝင်သည် အာဂျင်တီးနား၏ မြို့တော်ဖြစ်သည့် ဘူအန်နိုစ် အိုင်းရစ် (Buenos Aires) ဖက်သို့ ဦးတည်၍ ကုန်းတွင်းပိုင်း လေ့လာရေးခရီး ထွက်ခဲ့သည်။ ကမ်းစပ်သဲပြင်တွင် နစ်မြုပ်နေသည့် ရုပ်ကြွင်းများစွာ တွေ့ရှိခဲ့သေးသည်။ မီဂါသီရီယမ်ခေါ်သည့် ရှေးဦး ဆလော့ဝက်ဝံကြီး တစ်ကောင်၏ ဦးခေါင်းခွံ၊ ဂလိုင်ပတိုဒွန့်ခေါ်သော လိပ်ကဲ့သို့ အခွံမာပါရှိသည့် ရှေးဦး နို့တိုက်သတ္တဝါကြီး၏ အခွံ၊ မြင်းနှင်တူသော တိရစ္ဆာန်တစ်မျိုး၏ သွားရုပ်ကြွင်း စသည်ဖြင့် တွေ့ရှိခဲ့သည်။ တိရစ္ဆာန်ကြီးများ နေထိုင်ခဲ့သည့် အာဂျင်တီးနားသည် ယခုအခါ မြက်ခင်းလွင်ပြင်များသာ ရှိပေသည်။ သို့ဖြစ်ရာ ၎င်းတို့နေထိုင်ခဲ့စဉ်က ယခုထက် ပိုမိုစိမ်းလန်းစိုပြေသည့် သစ်တောများ ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။ သို့သော် အစာရေစာ ရှားပါးသည့်ဒေသ၌ နေထိုင်သော ယနေ့ခေတ် အာဖရိကဆင်ကဲ့သို့ တိရစ္ဆာန်များကို ထောက်ချင့်၍ တိရစ္ဆာန် အရွယ်အစားနှင့် သစ်တောပေါက်ရောက်မှုသည် များစွာ မဆက်စပ်ကြောင်း ဆင်ခြင်မိခဲ့သည်။ သို့တိုင်အောင်ပင် ၎င်းတိရစ္ဆာန်များစွာသည် အဘယ်ကြောင့် မျိုးပြုန်းသွားသနည်း ဟူသည့် မေးခွန်းကား မဖြေရှင်းနိုင်သေးပေ။ မျိုးပြုန်းသည့် တိရစ္ဆာန်များသည် ယနေ့ခေတ် တိရစ္ဆာန်များလောကနီးပါး ရှိမည်ဟု သူခန့်မှန်းသည်။ သို့မဟုတ် သူထင်ထားသည်ထက် ပိုပါက၊ ယနေ့ခေတ် တိရစ္ဆာန်များ ထက်ပိုများနေနိုင်ကောင်းသည်ကို နားလည်လာသည်။ ယနေ့ခေတ် တိရစ္ဆာန်များသည် များစွာသော တိရစ္ဆာန်များအနက် ကံကောင်း၍ ကြွင်းကျန်ရစ်သော အနည်းစု တိရစ္ဆာန်များ ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။ နိုဝင်ဘာလတွင် နီဂရိုမြစ် (Rio Negro) တလျှောက် လေ့လာခဲ့ရင်း တောက်ဆိုဒွန် (Toxodon) ခေါ်သည့် တိရစ္ဆာန်ကြီး၏ ရုပ်ကြွင်းကို ၁၈ ပန့်စ် ပေး၍ ဝယ်ယူခဲ့သည်။ ၎င်းတိရစ္ဆာန်ကို အင်္ဂလန်မှ သဘာဝတ္ထပညာရှင် ရစ်ချတ် အိုဝင် (Richard Owen) လေ့လာရန် ပေးပို့ခဲ့သည်။
ပုံ - Buenos Aires မှ ရရှိသည့် Toxodon တိရစ္ဆာန်ကြီး၏ ရုပ်ကြွင်း

၁၈၃၄ခုနှစ်တွင်မူ အာဂျင်တီးနားတောင်ဖက် အစွန်းပိုင်းမှ ဖျူယေဂိုကျွန်းစုများနှင့် ဆန်တာခရူဇိုမြစ် (Rio Santa Cruzo) တို့ကို လေ့လာတိုင်းတာခဲ့ကြသည်။ ဖော်လကန်ကျွန်းသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ဇွန်လတွင်မှ တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတန်း သို့ ဆက်လက် ရွက်လွှင့်ခဲ့ကြသည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အင်းဒီးတောင်တန်းပေါ် ပထမဆုံး တောင်တက်ခရီးသွားခဲ့သည်။
ပုံ - ဆန်တီယေဂို ဒီ ချီလီ မှ မြင်ရမည့် အင်းဒီးစ်တောင်တန်းများ

သို့သော် အောက်တိုဘာလတွင်မူ ကပ္ပတိန်သည် ရာထူးမှ နှုတ်ထွက်လုနီးပါး ခြေကုန်လက်ပန်း ကျလျက်ရှိခဲ့သည်။ အခြားသူကို ရာထူးလွှဲပြောင်းရန် ကြိုးစားသော်လည်း အကျိုးမထူးသောကြောင့် နှုတ်မထွက်ပဲ နေရသည်။ သင်္ဘောအဖွဲ့ကို ပြန်လည်အုပ်ချုပ်၍ ချီလိုကျွန်းသို့ မြေတိုင်းလေ့လာရေး ထွက်ရပြန်သည်။ ၁၈၃၅ခုနှစ် ဦးပိုင်းတွင် ဘီဂယ်သင်္ဘောသည် ယနေ့ချီလီနိုင်ငံ၊ ဘယ်လဒီးဗီးယားမြို့သို့(Valdivia) သို့ရောက်နေခဲ့သည်။ ထိုကာလအတွင်း ဖေဖော်ဝါရီလ ၂ဝရက်နေ့၌ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ပြင်းထန်သဖြင့် မြို့ရှိ အဆောက်အဦအများစု လဲပြိုကုန်သည်။

သို့နှင့် ကွန်ဆက်ရွှန်း (Concepción) မြို့သို့ ရွှေ့ပြောင်းခဲ့သည်။ မြို့အနီးရှိ ကျွန်းတစ်ခုတွင် သွားရောက် လေ့လာခဲ့စဉ် လတ်တလော ငလျင်ကြောင့် ပင်လယ်ကြမ်းပြင်နေရာအချို့ ကြွတက်လာပြီး အသစ်စက်စက် ကုန်းမြေဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ ကျွန်း၏ ကမ်းပါးနံရံရှိ ခရုခွံကျောက်လွှာများစွာကို အဆင့်ဆင့် တွေ့ရှိရသည်။ ၎င်းတွေ့ရှိချက်များသည် ဒါဝင်အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းပေသည်။ အင်းဒီးစ်တောင်တန်းကြီးသည် သမုဒ္ဒရာထဲမှ တဖြည်းဖြည်း ကြွတက်လာနေသည်ဟူသော ချားစ်လိုင်ယယ်၏ သီအိုရီအတွက် အထောက်အထားကြီး တစ်ခုဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ကမ္ဘာဂြိုဟ်သည် အလွန်အမင်း သက်တမ်းကြာမြင့်ကောင်း၏ဟု ဒါဝင်သည် ယခင်ကထက် ပို၍ခိုင်မာစွာ လက်ခံယူဆခဲ့သည်။
ပုံ - ကွန်ဆက်ရွှန်းနှင့် အနီးနားရှိ ပထဝီအနေအထား။
ပုံ - ငလျင်ကြောင့်ဖြစ်ရသော ကွန်ဆက်ရွှန်း ဘုရားကျောင်း အပျက်အစီးများ
 ဒါဝင်အတွက် ဝမ်းသာစရာအနေဖြင့် မတ်လတွင် ဒုတိယအကြိမ် အင်းဒီးစ်တောင်တက်ခရီး ထွက်ခွင့်ရခဲ့သည်။ တောင်များကို ပင်လယ်အောက် ချော်ပြင်များဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့သည်။ ဤပင်လယ်အောက်ချော်ပြင်များသည် ယခုအခါ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၆ဝဝဝကျော် ရောက်ရှိနေပြီး ကမ်းခြေမှ မိုင်၇ဝဝ ဝေးပေသည်။ ကွန်ဆက်ရွှန်းသို့ ရောက်စဉ်က ဒါဝင် ပြုလုပ်ခဲ့သည့် ကောက်ချက်များ မှန်သည်ဟု ဆိုရမည်ပင်။ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင် ၁၁ပင်ကိုလည်း တွေ့ရှိရသည်။ လုံးပတ် ၃-၅ပေရှိသည့် သစ်ငုတ်များဖြစ်ကာ ထင်းရှုးအနွယ်များဖြစ်ကြသည်။ ပို၍စိတ်ရှုပ်စရာ ကောင်းသည်မှာ အဆိုပါနေရာ၌ပင် ကျောက်ဖြစ်ရုပ်ကြွင်းနီးပါး အသွင်ပြောင်းနေသော ကျောက်သစ်ပင် (Petrified Wood) များကိုလည်း တွေ့ရသည်။ ကျောက်သစ်ပင်သည် ရေအောက်၌ ကာလကြာရှည်နစ်မြုပ်နေမှသာ ဖြစ်နိုင်လေရာ  ဤဒေသသည် မည်မျှကြာအောင် ကုန်းပေါ်တွင် ရှိပြီး နောက်ထပ် တဖန် မည်မျှကြာအောင် သမုဒ္ဒရာအောက်တွင် ရှိနေခဲ့မည်နည်း ဟူ၍ မစဉ်းစားပဲ မနေနိုင်အောင်ပင် ဖြစ်သည်။ သေချာသည်ကား ကမ္ဘာ့နေရာအသီးသီးမှ အချိန်အလွန်ကြာမြင့်သည့် သဘာဝဖြစ်စဉ်များကို အမျိုးမျိုး ပုံထပ်တွေ့ရှိနေရခြင်းကြောင့် ကမ္ဘာသည် သူတို့ခေတ်က ထင်ထားသည်ထက် များစွာ သက်တမ်း ရှိနေမည်ဖြစ်သည်။ ဧပြီလကုန်မှ ဇူလိုင်လဆန်းအထိ ဒါဝင်သည် ကပ္ပတိန်၏အဖွဲ့နှင့်အတူ သူ၏ တတိယအကြိမ်မြောက် အင်းဒီးစ်တောင် လေ့လာရေးခရီးများ သွားခဲ့သေးသည်။

၁၈၃၅ စက်တင်ဘာလဦးပိုင်း၌မူ ဘီဂယ်သည် မြေတိုင်းလေ့လာမှုများကို အပြီးသတ်၍ ပစိဖိတ်သမုဒ္ဒရာသို့ ဆက်လက်ရွက်လွှင့်လာခဲ့သည်။ ၎င်းတို့ ဦးတည်လာသည်ကား ပစိဖိတ်သမုဒ္ဒရာအလယ်မှ ဂါလာပါးဂို့စ်ကျွန်းစုဖြစ်သည်။ လူသူများစွာ ပေါက်ရောက်ခြင်းမရှိပဲ သမုဒ္ဒရာအလယ်ခေါင်၌ ထီးတည်းရှိနေသည့် သဘာဝကျွန်းစုဖြစ်ရာ သဘာဝတ္ထပညာရှင် လူငယ် ဒါဝင်အတွက် စိတ်လှုပ်ရှားစရာ ခရီးဖြစ်သည်။ ဂါလာပါးဂို့စ်ကျွန်းစုသည် ကျွန်းကြီး ခြောက်ကျွန်းနှင့် မြောက်များစွာသော ကျွန်းလေးများစွာ ပါရှိသည့် ကျွန်းစုဖြစ်သည်။ ကျွန်းစုကို မြေတိုင်းလေ့လာရန် စက်တင်ဘာ၁၅ရက်မှ အောက်တိုဘာ ၂ဝရက်နေ့အထိ ဘီဂယ်သည် ကျွန်းစု၌ ရှိနေခဲ့သည်။ သို့ဖြစ်၍ ဒါဝင်အတွက် ကျွန်းကို လေ့လာရန် အချိန်ကောင်းစွာ ရရှိခဲ့သည်။ 
ပုံ - ဂါလာပါးဂို့စ်ကျွန်းစု

ဒေသခံများနှင့်အတူ ဒါဝင်ကိုယ်တိုင်လည်း သတိပြုမိသည်မှာ ကျွန်းအသီးသီး၌ ကွဲပြားသည့် တိရစ္ဆာန်အမျိုးမျိုး နေထိုင်ကြခြင်းဖြစ်သည်။ ဥပမာဆိုလျှင် ချားစ်ကျွန်းနှင့် ၎င်းအနီးရှိ ဟုဒ်ကျွန်းတို့၌ နေထိုင်သည့် ကုန်းလိပ်သည် မြင်းကုန်းနှီးသဏ္ဌာန်ရှိသော အခွံမျိုး ပိုင်ဆိုင်သည်။ ဂျိမ်းစ်ကျွန်းမှ ကုန်းလိပ်များမူ ပို၍လုံးဝိုင်းပြီး နက်မှောင်သော အခွံမျိုး ရှိနေကြောင်း ဒါဝင်က မှတ်ချက်ပြုသည်။ နယ်မြေအရေးပိုင် မစ္စတာ လော်ဆန် (Lawson) သည် လိပ်အခွံကို ကြည့်၍ မည်သည့် ကျွန်းမှရသည့် လိပ်ဖြစ်ကြောင်း ပြောနိုင်သည်ဟု ကြွေးကြော်ခဲ့သည်ဟုလည်း ဆိုသည်။ ကျွန်းစု၌ ပြန့်ကျဲနေထိုင်သော အရောင်စုံ၊ ပုံသဏ္ဌာန်စုံလင်သည့် ငှက်မျိုးနွယ် များစွာသည်လည်း ထိုနည်းလည်းကောင်းပင် ကျွန်းအသီးသီး အလိုက် ကွဲပြားကြောင်း တွေ့ရသည်။ ငှက်များကို နမူနာအဖြစ် ပစ်ယူခဲ့သေးသည်။ ဒါဝင်သည် ထိုအချိန်ကအထိ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ကောင်းစွာ နားလည်ခြင်း၊ ဆင်ခြင်တွေးတောခြင်း မရှိသေးပေ။ သို့သော် ယခင်လေ့လာမှုများအရ ပထဝီအနေအထားနှင့် သက်ရှိမျိုးစိတ်တို့၏ ပျံ့နှံ့တည်ရှိပုံသည် ဆက်စပ်မှုရှိကြောင်းကိုမူ အကြမ်းဖျင်း နားလည်ထားနိုင်ကောင်းပါသည်။

ပုံ - ဒါဝင် စုဆောင်းခဲ့သည့် ငှက်ပုတီးများ (နှုတ်သီးအမျိုးမျိုး ဖြစ်နေမှုကို အထူးပြုရေးဆွဲထားသည်)

၁၈၃၆ ဇန်နဝါရီလတွင် ဘီဂယ်သည် သြစတြေးလျသို့ ရောက်ရှိလာသည်။ ဒါဝင်အတွင် ပထမဆုံး ဘဲတူဖျံတူ တိရစ္ဆာန်ကို တွေ့မြင်ရခြင်း ဖြစ်သည်။ ဘဲတူဖျံတူသည်လည်း သြစတြေးလျတွင်သာ နေထိုင်သည်ဖြစ်ရာ သက်ရှိပျံ့နှံ့နေမှုနှင့် ပတ်သက်၍ စဉ်းစားဖွယ်ရာဖြစ်သည်။ သမုဒ္ဒရာအလယ်ခေါင်ရှိ ကျွန်းများသို့ သက်ရှိများ မည်သို့ရောက်လာသနည်း ဟူသည်လည်း စဉ်းစားစရာပင်ဖြစ်သည်။ နမူနာပစ္စည်းများကို အင်္ဂလန်သို့ အကြိမ်ကြိမ်ပေးပို့ခဲ့လျက် မေးခွန်းများစွာဖြင့်ပင် လိုက်ပါလာခဲ့ရသည်။ ဘီဂယ်သည် အာဖရိကနှင့် တောင်အမေရိက၌ ခရီးတထောက် နားပြီးနောက် အတ္တလန်တိတ် သမုဒ္ဒရာကို ပြန်ဖြတ်ကာ အင်္ဂလန်သို့ ၁၈၃၆ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရောက်ရှိခဲ့သည်။

တချိန်က မရေရာသည့် ကောလိပ်ကျောင်းသား ဒါဝင်သည် သင်္ဘောခရီးတစ်လျှောက် အကြမ်းခံနိုင်သော သဘာဝတ္ထပညာရှင် တစ်ယောက် ဖြစ်လာခဲ့ပေသည်။ ၎င်း၏ နမူနာပစ္စည်းများသည် အင်္ဂလန်သို့ ချောမောစွာ ရောက်ရှိကြသည်။ သို့သော် သူသယ်ဆောင်လာသည့် မေးခွန်းများသည် နမူနာပစ္စည်းများထက် ပိုများပေသည်။ နောက်ထပ် နှစ်များစွာကြာအောင် လေ့လာသုံးသပ်ချက်များ ပြုလုပ်လျက် ဤမေးခွန်းများကို စူးစမ်းခဲ့သည်။ ရလဒ်အဖြစ် ‘သဘာဝ၏ ရွေးချယ်မှုကြောင့် ဖြစ်ရသော ဆင့်ကဲဖြစ်စဉ်’ သီအိုရီတစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်။ နက္ခတ္တဗေဒပညာရှင်တို့၏ တွေ့ရှိချက်များကြောင့် စကြဝဠာအတွင်း ကျွန်ုပ်တို့၏ တည်နေရာကို ပို၍တိကျစွာ သိရှိရသကဲ့သို့ ၎င်းသီအိုရီသည် သက်ရှိလောကအတွင်း ကျွန်ုပ်တို့ လူသားမျိုးနွယ်၏ တည်နေရာကို ဖော်ကျူးပြလိမ့်မည် ဖြစ်သည်။

 

သီအိုရီ ထုတ်ဖော်ခြင်းနှင့် စာတမ်းပြုစုခြင်း

အင်္ဂလန်သို့ ပြန်ရောက်ပြီးသော် အောက်တိုဘာ ၄ ရက်၌ ရှရူးဘယ်ရီ ရှိ ၎င်း၏အိမ်သို့ ပြန်သွားပြီး လေ့လာမှုစာတမ်းများ စတင်ရေးသားခဲ့သည်။ ၁၈၃၆မှ ၁၈၃၇အတွင်း ကိမ်းဘရစ်၌ နေထိုင်ပြီး ၎င်း၏ သဘောင်္ခရီးစဉ်မှတ်တမ်းကို ရေးသားထုတ်ဝေခဲ့သည်။ ထိုအတောအတွင်း အလုပ်ဖိစီးမှုများကြောင့် အပြင်းအထန် နေမကောင်းဖြစ်သေးသည်။ စင်စစ် သဘောင်္မတက်မီတည်းက ရင်တုန်ဝေဒနာ ခံစားရဖူးသည်။ ဤအတောအတွင်းမှာ နောက် နှစ်၎ဝကျော်အောင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ လေထိုးခြင်း၊ အစာမကြေခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျခြင်း စသည့် လက္ခဏာမျိုးစုံဖြင့် နာမကျန်းဖြစ်ခဲ့သည်။ ယနေ့ခေတ် ဆေးပညာဖြင့် တိကျသည့် ရောဂါခွဲခြားမှု မပြုလုပ်နိုင်သော်လည်း ၎င်းအနေဖြင့် ကျန်းမာရေး ချူချာကြောင်း သိရနိုင်သည်။ ရောဂါလက္ခဏာများအရ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများလည်း ပါဝင်နိုင်သကဲ့သို့ ဖြစ်နိုင်ချေအမျိုးမျိုးရှိသော အာရုံကြောရောဂါနှင့် မျိုးရိုးဗီဇရောဂါတစ်မျိုးလည်း ဖြစ်နိုင်ကောင်းသည်။

၁၈၃၇တွင် လန်ဒန်ရှိ သိပ္ပံအသင်းများ၌ ၎င်း၏ ဘူမိဗေဒဆိုင်ရာ ယူဆချက်များကို တင်ပြခဲ့သည်။ ငှက်သုတေသီ ဂျွန်ဂိုးလ် (John Gould) မှ ဒါဝင်၏ ငှက်နမူနာများကို ပြသခဲ့ပြီး၊ ငှက်ပုတီးမျိုးစိတ် အသစ် ၁၂ခုဖြစ်ကြောင်း အသိပေးခဲ့သည်။ ဇူလိုင်လ၌ ဒါဝင်က မျိုးစိတ်များ ဖောက်ပြန်ပြောင်းလဲမှု အယူအဆအတွက် ပထမဆုံး မှတ်စုစာအုပ် ပြုလုပ်ခဲ့သည်။ ဤမှတ်စု၌ သက်ရှိမျိုးစိတ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲနိုင်ကြောင်း စတင်စဉ်းစားခဲ့သည်။ ၁၈၃၈၌ သဘာဝသမိုင်းနှင့် ဘူမိဗေဒဆိုင်ရာ ခေါင်းစဉ်များစွာ၌ ပြင်းထန်စွာ အလုပ်လုပ်ခဲ့သည်။ သောမတ် မောလတပ်စ် (Thomas Maltus) ၏ လူဦးရေ၏ နိယာမ (Principle of Population) ဟူသော ဆောင်းပါးကို အပျော်ဖတ်ဖြစ်ခဲ့သည်။ အမှတ်တမဲ့ ဖတ်ရှုခဲ့သည့် ၎င်းဆောင်းပါးမှတဆင့် သဘာဝ၏ ကပ်အန္တရာယ်များသည် သက်ရှိများ၏ ဦးရေတိုးပွားမှုကို ကန့်သတ်နေနိုင်ကြောင်း အတွေးအမြင်သစ် ရရှိခဲ့သည်။ ၎င်းသည် နောင်ဖွံ့ဖြိုးလာမည့် သဘာဝ၏ရွေးချယ်မှု အယူအဆအတွက် အခြေခံဖြစ်ခဲ့လေသည်။

၁၈၃၉တွင် ၎င်း၏ ဝမ်းကွဲဖြစ်သော အီမာ ဝက်ခ်ဝုဒ် (Emma Wedgwood) နှင့် လက်ထပ်ခဲ့သည်။ ၎င်းနှင့် အမ်မာမှ နောင်အခါ သားသမီး ဆယ်ဦးအထိ ထွန်းကားခဲ့သည်။ ခရီးသွားမှတ်တမ်းကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုနှစ်၌ပင် တော်ဝင်သိပ္ပံအသင်း၏ အသင်းဝင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ တဖက်၌လည်း တိရစ္ဆာန်များ ရွေးချယ်သားဖောက်မှုကို စတင်လေ့လာခဲ့သည်။ ၎င်း၏ လေ့လာစမ်းသပ်မှုများနှင့် စာတမ်းရေးသားရန်အတွက် အေးချမ်းသည့် ပတ်ဝန်းကျင်လိုအပ်ပေသည်။ ၁၈၄၂တွင် ကန့် နယ် (Kent) ရှိ Down House အိမ်သို့ ရွှေ့ပြောင်းခဲ့သည်။ သက်ရှိမျိုးစိတ်တို့သည် တစ်မျိုးမှ နောက်မျိုးနွယ်များစွာ ခွဲထွက်ဆင်းသက်ရာ၌ အနည်းငယ်စီ ပြုပြင်ပြောင်းလဲသွားနိုင်ကြောင်း စဉ်းစားခဲ့သည်။ ယင်းသည် ပြုပြင်ပြောင်းလဲဆင်းသက်ခြင်း (Descent with Modification) ဟု ထင်ရှားသည့် အယူအဆတစ်ခုဖြစ်သည်။
  
ပုံ - ဒါဝင်ရွှေ့ပြောင်းခဲ့သည့် Down House ၊ ၎င်းနေအိမ်သည် ဒါဝင်၏ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရာ၊ ၎င်း၏ အတွေးအမြင်များကို စာအုပ်စာတမ်းများအဖြစ် ရေးသားပြုစုခဲ့သော နေရာ ဖြစ်သည်။ အိမ်နဘေးရှိ The Sandwalk ခေါ်သည့် မြေလမ်းလေးသည် သိပ္ပံပညာရှင်ကြီး စဉ်းစားခန်းဝင်ရာ ဖြစ်သည်။
၁၈၄၆၌ Barnacle ခေါ်သည့် ကျောက်ဆောင်၌ တွယ်ကပ်နေထိုင်သည့် ခရုတို့ကို စတင်လေ့လာခဲ့သည်။ ၎င်းခရုများနှင့် ပတ်သက်၍ ရုပ်ကြွင်းများမှ အစ ၎င်းတို့၏ မျိုးပွားပုံအဆုံး လေ့လာခဲ့သည်။ ၁၈၅၁မှ ၁၈၅၄အထိ ၎င်းနှင့် ပတ်သက်၍ စာတမ်းထုတ်ဝေမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ၁၈၅၆ခုနှစ်တွင်မှ ချားစ်လိုင်ယယ်၏ အကြံပေးချက်အရ သဘာဝ၏ရွေးချယ်မှု (Natural Selection) အယူအဆနှင့် ပတ်သက်၍ စာအုပ်ကြီး ရေးသားရန် စတင်ပြင်ဆင်ခဲ့သည်။ ၁၈၅၇တစ်နှစ်လုံးကို စာအုပ်အတွက် အချိန်ပေးခဲ့သည်။ နှစ်ရှည်လများ စုဆောင်းထားသည့် နမူနာပစ္စည်းများ၊ အထောက်အထားများနှင့် စုဆောင်းထားသည့် ရှင်းပြချက် အယူအဆများကို စာအုပ်အဖြစ် စီစဉ်ပြောင်းလဲရန်မှာ များစွာ မခက်လှပေ။

ဘော်နီယိုကျွန်းတွင် နေထိုင်သည့် အယ်လဖရက် ရပ်ဆဲလ် ဝေါလေ့စ် (Alfred Russel Wallace) ဆိုသူသည် ဒါဝင်၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ ၎င်းက အစဉ်သဖြင့် ဒါဝင်အား လိုအပ်မည့် တိရစ္ဆာန်နှင့် အပင်နမူနာ ထောက်ပံ့ပေးနေသူဖြစ်သည်။ ၁၈၅၄ခုနှစ်၌ ဝေါလေ့စ်ထံမှာ သိပ္ပံစာတမ်းတစ်စုံ လက်ခံရရှိခဲ့သည်။ ၎င်း၏အယူအဆများနှင့် များစွာ ဆင်တူနေသည်ကို တွေ့ရသော် အားတက်လာပြီး သူတို့နှစ်ဦးလုံး၏ စာတမ်းများကို ၁၈၅၈ခုနှစ် ဇူလိုင်လ ၁ရက်နေ့၌ အင်္ဂလန်နိုင်ငံ တော်ဝင်သိပ္ပံအဖွဲ့အစည်းကို တင်ပြခဲ့သည်။ တင်ပြသောအကြောင်းအရာများ၌ သက်ရှိတို့ ဆင့်ကဲပြောင်းလဲခြင်းနှင့် သဘာဝတရား၏ ရွေးချယ်ရှင်သန်မှု အကြောင်းတို့ ပါရှိကြသည်။

၁၈၅၉တွင်မူ ၎င်း၏ စာအုပ်ကို ‘သဘာဝ၏ ရွေးချယ်မှုအရ မျိုးစိတ်တို့၏ မူလအစ’ (On the Origin of Species by means of Natural Selection) သို့မဟုတ်၊ ဘဝအတွက်ရုန်းကန်မှု၌ အသာပေးသည့်မျိုးနွယ်များ၏ ရှင်ကျန်မှု (Preservation of Favoured Races in the Struggle for Life)  ဟု နာမည်ဖြင့် နိုဝင်ဘာလ ၂၄ရက်နေ့၌ ၎င်းနှင့် အကြိမ်ကြိမ် အလုပ်လုပ်ဖူးသော စာအုပ်ထုတ်ဝေသူ ဂျွန်မူရေး (John Murray) ဖြင့် ထုတ်ဝေခဲ့သည်။ ၎င်း၏ စာအုပ်သည် မထင်မှတ်ပဲ များစွာ လူသိများ ထင်ရှားခဲ့သည်။ ၁၈၆ဝ၌ သစ်ခွပန်းပင်များကို မျိုးစပ်စိုက်ပျိုးမှုမှ တဆင့် ရွေးချယ်သားဖောက်ခြင်းနှင့် သဘာဝ၏ ရွေးချယ်မှုကို အသေးစိတ်
နှိုင်းယှဉ်လေ့လာခဲ့သည်။ နောက်ထပ် ခုနစ်နှစ်အတွင်း ၎င်းလေ့လာမှုအတွက် အချိန်ပေးခဲ့သည်။ သက်ဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေခဲ့သည်။

ထို့အပြင် ထုတ်ဝေခဲ့ပြီးသော မျိုးစိတ်တို့၏မူလအစ စာအုပ်နှင့် ပတ်သက်၍လည်း များစွာသော တုံ့ပြန်ဝေဖန်မှုများ ရှိခဲ့ပေသည်။ သက်ရှိမျိုးစိတ်များသည် သဘာဝအတိုင်း ခွဲထွက်ဖြစ်ထွန်းကြောင်း ရှင်းပြချက်ဖြစ်သဖြင့် ထိုခေတ်ကာလက ကျယ်ပြန့်စွာ ယုံကြည်ထားသည့် မျိုးစိတ်တစ်ခုချင်းစီကို သီးခြားစီ ဖန်ဆင်းကြောင်း ယုံကြည်မှုနှင့် ငြိစွန်းပေသည်။ အတိုက်အခံ သိပ္ပံပညာရှင်နှင့် သာသနာအဖွဲ့အစည်းများမှ အထူးသဖြင့် ဝေဖန်ခဲ့သည်။ ၎င်းဝေဖန်မှုများကို တုံ့ပြန်ရန်လည်း ပြင်ဆင် ဖြည့်စွက်ချက်များ ပြုလုပ်ပြီး အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။ ၎င်း၏ သဘာဝတ္ထပညာရှင် မိတ်ဆွေများ ဖြစ်သော ဂျိုးဆက်ဖ် ဟွတ်ကာ (Joseph Hooker) နှင့် သောမတ် ဟက်စလေ (Thomas Huxley) တို့ကလည်း ဒါဝင်၏ သီအိုရီဖက်မှ ရပ်တည်ကာ ဝေဖန်မေးခွန်းများကို တုံ့ပြန်ပေးကြသည်။

၁၈၆၄တွင်မူ ဒါဝင်သည် သဘာဝတ္ထပညာ၌ ၎င်း၏ ဆောင်ရွက်ချက်များအတွက် လန်ဒန်တော်ဝင်အသင်းမှ အမြင့်ဆုံးသိပ္ပံဘွဲ့ ဖြစ်သည့် Copley Medal ကို ချီးမြှင့်ခံရသည်။ မျိုးစိတ်များ၏မူလအစ နောက်၌ ‘လူသား၏ ဆင်းသက်ရာ’ (The Descent of Man) ဟူသော စာအုပ်ကို စတင်ရေးသားသည်။ ၎င်းက လူသားမျိုးနွယ်နှင့် ပရိုင်းမိတ် မျိုးနွယ်တို့၏ ပြင်ပရုပ်သွင်နှင့် အပြုအမူဆိုင်ရာ ဆက်နွယ်မှုအရ လူသား၏ ဇာစ်မြစ်ကို ပရိုင်းမိတ်မျိုးနွယ်မှ ဆင်းသက်မည်ဟု ဆွေးနွေးတင်ပြထားသည်။ ဤစာအုပ်သည် မျိုးစိတ်တို့၏မူလအစ ထက်ပင်ပို၍ အငြင်းပွားဖွယ်ရာ စာအုပ်ဖြစ်ပေသည်။ ၁၈၇၁တွင် ၎င်းစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၈၇၂တွင် ‘လူနှင့် တိရစ္ဆာန်တို့၌ စိတ်ခံစားမှု ဖော်ပြပုံ’ (The Expression of the Emotions in Man and Animals) ကို ရေးသားထုတ်ဝေခဲ့သည်။

 

ပုံ - ဒါဝင်၏ ကျော်ကြားသော စာအုပ်နှစ်အုပ်။ (ဝဲ) မျိုးစိတ်တို့၏မူလအစ (ယာ) လူသား၏ဆင်းသက်ရာ

၎င်း၏ မျိုးစိတ်အသစ် ဆင့်ကဲခွဲထွက်ပြောင်းလဲမှု အယူအဆသည် များစွာ ထင်ရှားပြီး ၎င်းကိုယ်တိုင်လည်း အလွန်ထင်ရှားသည့် ဇီဝဗေဒပညာရှင် ဖြစ်ခဲ့လေသည်။ ၎င်း၏နောက်ပိုင်းနှစ်များ၌ သစ်ခွ၊ နွယ်ပင်နှင့် အင်းဆက်စားသည့် ရှားပါးအပင်များကို လေ့လာခဲ့သည်။ အခါအားလျော်စွာ ၎င်း၏ စာအုပ်များအတွက် ဖြည့်စွက်ပြင်ဆက်ချက်များ ထုတ်ဝေခဲ့သည်။ အသက် ၆၇နှစ်တွင်မူ ကိုယ်တိုင်ရေး ဘဝမှတ်တမ်းစာအုပ်ကို ရေးသားခဲ့သည်။ တိရစ္ဆာန်များနှင့် သိပ္ပံစမ်းသပ်ချက်များ ပြုလုပ်ခွင့် ရရှိရန် ဇီဝဗေဒ သုတေသီတို့၏ အခွင့်အရေးအတွက် ခုခံပြောဆိုပေးခဲ့သည်။

၁၈၈၂ခုနှစ် ဧပြီလ ၁၉ရက်နေ့၌ နှလုံးရောဂါဖြင့် အသက် ၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည်လည်း နှစ်ရှည်လများ ကြာညောင်းပြီ ဖြစ်သော ရောဂါ၏ အကျိုးဆက်တစ်ခုလည်း ဖြစ်နိုင်ပေသည်။ ၁၈၈၂ခုနှစ်၊ အသက်၇၃နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီး အခြားထင်ရှားကျော်ဇောသည့် အင်္ဂလိပ် သိပ္ပံပညာရှင်များနည်းတူ ဝက်စမင်စတာ ဘုရားကျောင်း (Westminster Abbey) ၌ အမျိုးသားသူရဲကောင်းတစ်ယောက်အဖြစ် ဇာပနာပွဲပြုလုပ် ဂုဏ်ပြုလျက် မြှုပ်နှံထားသည်။
ပုံ - ဝက်စမင်စတာ ဘုရားကျောင်းရှိ ဒါဝင်အတွက် အထိမ်းအမှတ် ကျောက်ဖျာ။

 

ဒါဝင် ချန်ရစ်သည့် အမွေ

ဒါဝင်သည် ၎င်း၏ ဆင့်ကဲပြောင်းလဲမှုအယူအဆကို သီအိုရီအဖြစ် မဟုတ်လျှင်သော်မှ ဆင့်ကဲပြောင်းလဲမှုဖြစ်ခဲ့ကြောင်း သိပ္ပံအချက်အလက် ကိုမူ ပညာရှင်များစွာ လက်ခံအောင် တင်ပြထုတ်ဖော်သွားနိုင်ခဲ့သည်။ သို့သော် ၎င်း၏ အယူအဆ၌ သက်ရှိတို့၏ မျိုးရိုးဆက်ခံပုံကို မရှင်းပြထားပေ။ အင်္ဂလန်၏ တဖက်ကမ်း ဥရောပတိုက် သြစတြီးယားပြည်တွင် ခေတ်ပြိုင်နေထိုင်သည့် ဂရီဂေါ မန်ဒဲလ် (Gregor Mendel) ခေါ်သည့် ဘုန်းတော်ကြီး သဘာဝတ္တပညာရှင်တစ်ဦး ရှိခဲ့သည်။ ၎င်းက သူ၏ ပဲပင်များ၏ မျိုးရိုးဆက်ခံမှုအကြောင်း လေ့လာထားသော စာတမ်းတွင် မျိုးရိုးဆက်ခံပုံ၏ အခြေခံအယူအဆများကို တင်ပြထားခဲ့သည်။ သို့သော်မည်သူမျှ ၎င်း၏ စာတမ်းကို သတိမပြုမိပေ။ ဒါဝင်၏ အယူအဆသည် နှစ်ပေါင်းများစွာ မှေးမှိန်ကျန်ရစ်ခဲ့သည်။ သို့တည်းမဟုတ် ၎င်း၏ တော်သူဘဝထူရေး (Survival of the Fittest) အယူအဆအပေါ် နိုင်ငံရေးသမားများ၏ အလွဲသုံးစားပြုလုပ်မှုကို ခံရသည်။ ထိုကာလများအတွင် ဆင့်ကဲပြောင်းလဲမှုအကြောင်းကို သဘာဝ၏ ရွေးချယ်မှု မဟုတ်သည့် အခြားနည်းလမ်းများဖြင့် ရှင်းပြရန် ပညာရှင်များစွာက ကြိုးစားခဲ့ကြသည်။ ဤကာလကို ဒါဝင်ဝါဒ၏ နေကြတ်ချိန် (Eclipse of Darwinism) ဟု တင်စားခေါ်လေ့ရှိကြသည်။ တစ်ခုသတိချပ်ရန်မှာ ဤကာလသည် ဆင့်ကဲပြောင်းလဲခြင်း မရှိကြောင်း ငြင်းခုံသည့် ကာလမဟုတ်ပဲ၊ ဆင့်ကဲပြောင်းလဲခြင်းကို သဘာဝ၏ ရွေးချယ်မှုမဟုတ်သည့် အခြားဖြစ်စဉ်တစ်ခုဖြင့် ဖြစ်ကြောင်း ငြင်းခုံသည့်ခေတ်၊ သို့မဟုတ် အလွဲသုံးစားပြုလုပ်သည့် ခေတ်ဖြစ်သည်။

မန်ဒဲလ်၏ စာတမ်းကို ပြန်လည်တွေ့ရှိပြီး မျိုးရိုးဗီဇပညာရပ် ထွန်းကားလာသောအခါ ၁၉၃ဝမှ ၁၉၅ဝဝန်းကျင် ကာလများအတွင်း မန်ဒဲလ်၏ မျိုးရိုးဆက်ခံမှု အယူအဆနှင့် ဒါဝင်၏ သက်ရှိမျိုးနွယ်များ ဆင့်ကဲပြောင်းလဲမှု အယူအဆတို့ကို ပေါင်းစည်းနိုင်ခဲ့သည်။ ဤပေါင်းစည်းနိုင်မှုသည် ဖစ်ရှာ (Ronald Aylmer Fisher)၊ ဟယ်လဒိန်း (J.B.S. Haldane) နှင့် ရိုက် (Sewall Wright) ဟူသည့် ပညာရှင်သုံးဦး၏ ထုတ်ဖော်တွေ့ရှိချက်များ အဓိက ပါဝင်ခဲ့သည်။ ဇီဝဗေဒပညာရှင်များအကြား ဖြစ်နေသည့် ဝိဝါဒကွဲလွဲမှုများသည် ဤနေရာ၌ အဆုံးသတ်ခဲ့ပေသည်။ ၎င်းကို ခေတ်သစ် ဆင့်ကဲဖြစ်စဉ် ဝါဒပေါင်းစည်းမှု (Modern Evolutionary Synthesis) ဟုခေါ်သည်။ ဤဝါဒသစ်အရ သဘာဝ၏ ရွေးချယ်မှုသည် ဆင့်ကဲပြောင်းလဲခြင်း၏ အဓိကကျသော သဘာဝဖြစ်စဉ်တစ်ရပ် ဖြစ်သည်ဟု အဆိုပြုထားသည်။ ယနေ့ခေတ်တွင် Modern Synthesis သည် ဇီဝဗေဒနှင့် ဆင့်ကဲပြောင်းလဲမှုဘာသာရပ်၏ အခြေခံယူဆချက်တစ်ရပ် အဖြစ် တိုးတက်လာခဲ့ပေသည်။ တနည်းအားဖြင့်ဆိုရလျှင် ချားစ်ဒါဝင်သည် ယနေ့ခေတ် ဇီဝဗေဒပညာ၏ အရေးအကြီးဆုံး သီအိုရီတစ်ခုကို ထုတ်ဖော်ခဲ့သူ ဖြစ်သည်။ ယခင်က သဘာဝတ္ထပညာသာ ရှိခဲ့ရာမှ သိပ္ပံနည်းကျ ပြည့်ဝစွာ လေ့လာသည့် ဇီဝဗေဒပညာရပ်အဖြစ် ပြောင်းလဲလာအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပေသည်။
 
~ ကျော်စွာလင်း
 
Reference:
Wikipedia
aboutdarwin.com
darwinsgalapagos.com