ဘိုင်ဇင်တင်းအင်ပါယာ
ရောမအင်ပါယာ ဟာ အေဒီ ၃ဝဝ လောက်က နေ စပြီး ပြိုကွဲထွက်ရင်းနဲ့ နောက်ဆုံးရောမမြို့ကို ဂျာမန် ဘာဘေးရီးယန်းတွေလက်ထဲ ကျရောက်သွားတဲ့ အထိဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူပြိုကွဲထွက်စဉ်က အင်ပါယာရဲ့ အရှေ့ပိုင်းကတော့ အင်အားတောင့်တင်းလျက် ကျန်ရစ်ပါတယ်။ ဒီ ရောမအင်ပါယာအရှေ့ခြမ်းဟာ ၃၉၅အေဒီ မှာ ဧကရာဇ် သီယိုဒိုးဆီးယပ်စ် (Theodosius) ကွယ်လွန်ပြီးနောက်မှ နီကိုမီးဒီယား (Nicomedia) မှာ အခြေပြုတဲ့ အရှေ့ရောမ အင်ပါယာနဲ့ ရောမမြို့ကို အခြေပြုတဲ့ အနောက်ရောမ အင်ပါယာဆိုပြီး ဖြစ်လာတာပါ။ အနောက်ရောမ အင်ပါယာဟာ ၄၇၆ အေဒီမှာ ဂျာမန်ဘာဘေးရီးယန်းခေါင်းဆောင် အိုဒိုအေဆာ (Odoacer) လက်ထဲကျသွားပြီး ဂျူးလီးယပ်ဆီဇာနဲ့ သြဂတ်စတပ်ဆီဇာတို့ရဲ့ ရောမအင်ပါယာကြီးရဲ့ မျိုးစဉ်မပြတ်ဆက်လက်တည်တံ့ပြီး ကျန်ရစ်တာဆိုလို့ အဲဒီ့ အရှေ့ရောမ အင်ပါယာပဲ ရှိပါတယ်။ ဘိုင်ဇင်တင်း အင်ပါယာဆိုတာ သူ့ရဲ့မြို့ တော် ကွန်စတန်တီနိုပယ် ရဲ့ နာမည်ဟောင်း ဘိုင်ဇင်တီယမ် (Byzantium) ကို အစွဲပြုပြီး ခေတ်သစ်ပညာရှင်တွေ ပေးထားတဲ့ နာမည်သစ်ပါ။ အဲဒီ့ခေတ်က လူတွေကတော့ ရောမအင်ပါယာလို့ ရိုးရိုးပဲ ခေါ်ကြပါတယ်။ ဘာလို့ကျွန်တော်တို့ နာမည် ခွဲပြီးခေါ်ရလဲဆိုရင် ရောမအင်ပါယာဟာ နဂိုက နတ်ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး လက်တင်စကားပြောလို့ပါ။ ဘိုင်ဇင်တင်းအင်ပါယာက နဂိုတည်းက ခရစ်ယာန်နိုင်ငံတော်ဖြစ်ပြီး ဂရိစကားကို အသုံးများပါတယ်။