Search This Blog
Sunday, December 4, 2011
ကမ္ဘာ၏ အသက်ကို တွက်ချက်ခန့်မှန်းခြင်း
                    ရာစုနှစ်ပေါင်း များစွာကပင် လူများသည် ရှေးဟောင်း စာပေများကို ကိုးကား၍ ကမ္ဘာ၏အသက် မည်မျှရှိသည်ဟု ဆိုခဲ့ရာ၏။ ၁၆ရာစု သြစတြီးယန်း ဘုန်းတော်ကြီး အက်ရှာ (Archbishop Ussher) သည် သမ္မာကျမ်းစာဝင် အချကအလက်များကိုသုံးပြီး ကမ္ဘာ၏အသက်ကိုတွက်ကြည့်ရာ နှစ်၆ဝဝဝ ရှိပြီဟုဆို၏။ နောက်အနှစ် ၂ဝဝဝမျှအကြာ စကော့လူမျိုး သိပ္ပံပညာရှင် ဂျိမ်းစ်ဟတ်တန် (James Hutton) က ကျောက်တုံးများ၏ သဘာဝကို စူးစမ်းလေ့လာရန် စကော့နယ်တစ်လျှောက် ခရီးထွက်ခဲ့သည်။ စကော့တလန် အရှေ့ဖက်ကမ်းရိုးတန်းတွေရှိသော ဆက်ကာပွိုင့် (Siccar Point) မည်သော အငူတစ်ခုကို ရောက်လာသောအခါ ထိုအငူ၏ ကျောက်လွှာများ တည်ရှိပုံမှာ ထူးခြားကြောင်းသတိပြုမိသည်။ ပင်လယ်ရေတိမ်တွင် ထိုးထွက်နေသော ကျောက်စွယ်တစ်ခုကို ဟတ်တန်ရောက်လာသောအခါ ထူးခြားချက်ကို ပိုမိုထင်ရှားစွာမြင်လိုက်ရသည်။ ထိုကျောက်စွယ်လေးတွင် ကျော်လွှာနှစ်ထပ် ဖြစ်နေသည်ကို သူတွေ့၏။ သူ့အရင် နီကိုလပ်စတန်နိုလက်ထက်ကတည်းကရှိသော အသိောကာင့် အောက်မှာနေသောကျောက်သည် အထက်မှ ကျောက်ထက် သက်တမ်းရင့်ကြောင်း သူသိသည်။ ပင်လယ်ထဲအနည်ထိုင်သည့်အခါ ရေပြင်ညီ အနည်ထိုင်သင့်သည်။ ရေပြင်ညီအနည်ထိုင်သွားသောအခါ ၄င်းအပေါ်မှ အနည်အသစ်များ ပိလာသောအခါ သိပ်သည်းသွားပြီး ရေပြင်ညီကျောက်၏အရစ်အရစ်များက ထောင့်မတ်မကျတကျ ဖြစ်နေသည်မှာ ထူးခြားပေသည်။ သို့သော်၎င်းအပေါ်မှ သက်တမ်းနုကျောက်လွှာသည် ရေပြင်ညီအတိုင်းသာ ရှိပေစည်။ ရေလေတိုက်စားထားသော အပေါ်ယံကျောက်လွှာနှင့် ထောင့်မတ်ကျအနည်ထိုင်သော အောက်ကျောက်လွှာတို့၏ ပုံစံမှာ ပဟေဠိဆန်ပေသည်။
                    ဂျိမ်းစ်ဟတ်တန်သည် ဤသို့စဉ်းစားပေမည်။ ပထမဆုံးအနေနှင့် အောက်မှ ကျောက်လွှာသည် မူလက ရေပြင်ညီရှိသော အနည်အနှစ်များ နှစ်ကာလရွေ့ လျော၍ကျောက် ဖြစ်လာရမည်။ ကမ္ဘာပထဝီအားကြီးများကြောင့် ရေပြင်ညီရှိသော ကျောက်လွှာသည် ထောင့်မတ်နီးပါး နေရာရွေ့သွားရမည်။ ထိုထောင့်မတ်နီးပါးရွေ့ သွားသည့် ကျောက်လွှာပေါ်မှ နောက်ထအ်အနည်အနှစ်များ ထပ်ကျတင်မည်။ ထိုအနည်အနှစ်များသည် ၄င်းအောက်မှ ထောင့်မတ်ဖြစ်နေသော ကျောက်လွှာနှင့် အတူ ပေရာချီသော အနက်သို့ ပြန်လည်ရောက်ရှိအောင် အနည်အနှစ်များ အနှစ်နှစ်ချီ၍ ဖုံးရဦးမည်။ ထိုအခါ အပေါ်အလွှာသည် သွေ့ခြောက်ကျစ်လျစ်ပြီး အောက်အလွှာကဲ့သို့ အနည်ကျကျောက်မျိုး ဖြစ်လာရမည်။ ပြီးမှ ပေရာချီသောအနက်မှ မြေမျက်နှာပြင်သို့ တဖြည်းဖြည်း ထွက်ပေါ်လာရမည်။ သူ၏မှန်းဆချက်အရ ဤဖြစ်စဉ်တစ်ခုလုံးဖြစ်ရန် နှစ်၆ဝဝဝ သည် မလုံလောက်။ နှစ်သန်းဂဏန်း ရှိသင့်သည်ဟု ယူဆသည်။ သူ့ထင်မြင်ချက်များကို သူတို့ အင်္ဂလိပ် သိပ္ပံပညာရှင် အသိုင်းအဝိုင်း တွင်ဖြန့်ဝေပေးခဲ့သည်။ ဂျိမ်းစ်ဟတ်တန်၏ တွေ့ ရှိချက်သည် နောင်ပေါ်ထွန်းလာမည့် သိပ္ပံပညာရှင်များအတွက် သဲလွန်စနဲ့ အလုပ်တစ်ခု ပေးလိုက်ခြင်းပင်။ သဲလွန်စမှာ ကမ္ဘာ၏အသက်သည် နှစ်သန်းဂဏန်းရှိနိုင်ခြင်း ဖြစ်သည်။ အလုပ်မှာ ကမ္ဘာ၏အသက်ကို တတ်နိုင်သမျှ တိကျအောင် တိုင်းနိုင်ရန်ဖြစ်သည်။ ၄င်း၏တွေ့ရှိချက်ကြောင့် ကမ္ဘာမြေ၏ အကြောင်းကို လေ့လာသိရှိရန်လူတို့သည် ရှေးဟောင်းစာပေများကို မွှေနှောက်နေခြင်းထက် ကျောက်လွှာများကို လေ့လာခြင်းက ပိုမိုအကျိုးရှိကြောင်း သိလာကြသည်။
ဆက်ကာပွိုင့် အငူမှ ကျောက်လွှာနှစ်ခု တည်ဟန်
                    ဟတ်တန်၏တွေ့ရှိချက်သည် ၁၇၈၈ခုနှစ်တွင်ဖြစ်သည်။ နောက်အနှစ် ၁ဝဝမျှအကြာတွင် သာမိုဒိုင်နမစ် ဆရာကြီး ရူပဗေဒပညာရှင် လော့ဒ်ကယ်လဗင် (Lord Kelvin) က သိပ္ပံနည်းကျ ကမ္ဘာ၏အသက်ကို တွက်ဖို့ ကြိုးစားခဲ့သည်။ သူ၏အမြင်တွင် ကမ္ဘာကြီးသည် တစ်ချိန်က ချော်ရည်ပူများနှင့် အတိပြီးခဲ့သည် ဟုယူဆထားသည်။ ကမ္ဘာအတွင်းမှ ချော်ရည်ပူများကို ပန်းထုတ်တတ်သော မီးတောင်ကြီးများမှ ထိုအကြံကို ရဟန်တူ၏။ ထိုချော်ရည်အတိပြီးသော ကမ္ဘာကြီးက တဖြည်းဖြည်း အပူလျော့ကျ၍ လက်ရှိ အခြေအနေ မြေမျက်နှာပြင် အပူချိန်သို့ ရောက်လာသည်ဟု ယူဆသည်။ သာမိုဒိုင်နမစ်ပညာအရ သူတွက်ချက်ကြည့်ရာ ချော်ရည်မျက်နှာပြင်မှ လက်ရှိအေးပြီးခဲနေသာမြေစိုင်မြေသား မျက်နှာပြင် ဖြစ်လာရန် နှစ်သုံးသန်းကြာဖွယ် ရှိသည်ဟု အဖြေရသည်။ လော့ဒ်ကယ်လဗင်၏ ချော်ရည်ချော်ခဲ အတိပြီးသော ကမ္ဘာအယူအဆမှန်သော်လည်း ကမ္ဘာအသက်ကိုတွက်ရာတွင် ဟာကွက်ရှိနေသည်။ ဤဟာကွက်မှာ ရေဒီယို သတ္တိကြွမှုတည်း။
                    ၂ဝရာစု အစောပိုင်းက လူတို့သည် ရေဒီယို သတကြွသော ရှားပါးသတ္တုများ ဖြစ်သည့် ယူရေနီယမ်၊ ပလူတိုနီယမ် စသည်တို့ကို စုစည်းပြီး အဏုမြူဗုံးများ ပြုလုပ်ဖောက်ခွဲခဲ့ကြသည်။ ၄င်းပေါက်ကွဲမှုများမှ ရသောစွမ်းအင်နှင့် အားသည် အလွန်ကြီးမားသည်ကို သတိပြုအပ်သည်။ ရေဒီယိုသတ္တိကြွ အဏုမြူများ၏ ဝတ်ဆံများသည် မတည်ငြိမ်ပေ။ မတည်ငြိမ်သဖြင့် ဝတ်ဆွသည် ပိုမိုတည်ငြိမ်သည့် ဝတ်ဆံများ အဖြစ်ကွဲထွက်တတ်သည်။ ဤသို့ ကွဲထွက်ခြင်မှာ ယို့ယွင်းခြင်း (သို့မဟုတ်) ရေဒီယိုသတ္တိကြွခြင်းပင် ဖြစ်သည်။ ၄င်းတို့သည် သဘာဝအလျောက် တဖြည်းဖြည်းယို့ယွင်းသွားတတ်သည်။ အဏုမြူဗုံးသည် ဤဖြစ်စဉ်ကို အရှိန်မြှင့်ပေးရာမှ ရလဒ်ဖြစ်သည်။ ကမ္ဘာဦးအချိန်က ယူရေနီယမ်၊ သော်ရီယန်၊ ပိုတက်ဆီယမ် စသော ရေဒီယိုသတ္တိကြွဒြင်စင်များသည် ယခုအချိန်က ထက်ပိုများပေသည်။ ၄င်းတို့က ထုတ်နေသောအပူသည် ကမ္ဘာကြီးကို ချော်ရည်အတိပြီးအောင် အရည်ပျော်ပြီး အပြင် ထိုအခြေအနေကိုလည်း နှစ်သန်းနှင့်ချီ၍ ထိန်းထားနိုင်ခဲ့ပေမည်။ လော့ဒ်ကယ်လဗင်၏ ကမ္ဘာအသက်နှစ်သုံးသန်းသည် မလုံလောက်သေးပေ။ သို့သော် သူကိုလည်း အပြစ်မဆိုသာပေ။ သူ့ခေတ်က ရေဒီယိုသတ္တိကြွမှု အကြောင်းလုံလောက်အောင် မသိရသေး၍ဖြစ်သည်။
                    ၂ဝရာစု သိပ္ပံပညာရှင် အာသာဟုမ်းစ် (Arthur Holmes) သည် ရေဒီယို သတ္တိကြွမှုကို အကြမ်းမဖက်သည့် အသုံးပြုနည်းတစ်ခုကို တွေ့ ရှိခဲ့သည်။ ကျောက်တို့၏ အသက်ကိုတွက်ရာတွင် သုံးသောနည်းတည်း။ ကျောက်တုံးများကို သက်တမ်းကောက်နိုင်လျှင် အကြာရှည်ဆုံး၊ သက်တမ်းအရင့်ဆုံး ကျောက်တုံး၏အသက်သည် ကမ္ဘာပေါ်တွင် ချော်ရည်မှ အေးခဲပြီး ကျောက်ဖြစ်လာသော အချိန်၏အစပင် ဖြစ်သည်။ ကျောက်တုံးများထဲမှ ရေဒီယိုသတ္တိကြွ ယူရေနီယမ် သတ္တုသည် ဖြည်းညင်းစွာ ယို့ယွင်းပြီး ပိုမိုတည်ငြိမ်သော ခဲသတ္တုဖြစ်လာသည်။ ကျောက်လွှာတစ်လွှာတွင် ပါဝင်သော ယူရေနီယမ်နှင့် ခဲပမာဏအချိုးကို အချက်အလက် အဖြစ်အသုံးချပြီး ၄င်းနှင့် ယို့ယွင်းနှုန်းတို့၏ ဆက်နွယ်မှုအရ ကြာချိန်ကို သိရနိုင်သည်။ ထိုကြာချိန်သည် ထိုကျောက်လွှာ၏ အသက်ပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တွေ့ရသမျှ သက်တမ်းအရင့်ဆုံးဆိုသော ကျောက်များမှ သက်တမ်းကောက်ယူခြင်းဖြင့် ကမ္ဘာ၏အသက်ကို အနီးစပ်ဆုံး တွက်ယူနိုင်သည်။ အာသာတွက်ယူ ကြည့်ရသလောက် ကမ္ဘာ၏အသက်မှာ နှစ်သန်း ၄၅ဝဝ ကျော်ရှိသည်ဟု ဆိုသည်။ ကယ်လဗင်၏ ကမ္ဘာ အသက်ထက်အဆ တစ်ထောင်ကျော်ကြီးသည်ကို နှိုင်းယှဉ်ကြည့်ပါလေ။
(ကျော်စွာလင်း)
(Based on the documentary video; How the Earth Is Made)