Search This Blog

Sunday, July 8, 2012

ဆင့်ကဲဖြစ်စဉ်နှင့် ဗီဇပညာရပ် သမိုင်းကြောင်း

 (၁) သက်ရှိတို့၏ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်သော သဘာဝဖြစ်စဉ်ကို တွေ့ရှိခြင်း


          ရှေးယခင် ၁၇-၁၈ရာစုများက လူတို့သည် သက်ရှိများကို မျိုးတူရာစုလိုက်လျှင် ထပ်မံခွဲခြား၍မရသော မျိုးစိတ်မည်သော အုပ်စုများ ဖွဲ့၍ရသည်ကို တွေ့ရပြီး ဖြစ်သည်။ ထိုမျိုးစိတ်များမှာ နဂိုတည်းက ဤအတိုင်းရှိနေသည် ထပ်၍မပြောင်းလည်းနိုင်သကဲ့သို့ မျိုးစိတ်သစ်များလည်း မဖြစ်ပေါ်နိုင်ဟု လက်ခံထားခဲ့ကြသည်။ သို့ရာတွင် အင်္ဂလိပ် သဘာဝသိပ္ပံပညာရှင် ချားစ်ဒါဝင် (Charles Darwin) သည် ၎င်းအဆိုကို အပြင်းအထန် စိန်ခေါ်လာနိုင်သော အယူအဆအသစ်တစ်ခုကို ထုတ်ဖော်ခဲ့သည်။ ဤအယူအဆသစ်အရ မျိုးစိတ်များသည် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်သော သဘာဝ ဖြစ်စဉ်တစ်ခုရှိသည်ဟု ဆိုထားပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီ (Evolution) ဟု ကျွန်ုပ်တို့ သိရှိထားကြသည့် အယူအဆပင်ဖြစ်သည်။

          ၁၉ရာစု အင်္ဂလိပ် သဘာဝသိပ္ပံပညာရှင် ချားစ်ဒါဝင်သည် ငါးနှစ်မျှကြာသော အင်္ဂလိပ်အစိုးရပိုင် ကမ်းရိုးတန်း မြေပုံဆွဲ သင်္ဘော ခရီးတစ်လျှောက် ကမ္ဘာတစ်ပတ် လေ့လာစုဆောင်းလာသော နမူနာများမှ တွေ့ရှိချက် အထောက်အထားများကို ပြန်လည် သုံးသပ်ရာမှ သိရှိလာခြင်း ဖြစ်သည်။ သူ၏ နမူနာ အများအပြားမှာ တောင်အမေရိက ကမ်းလွန် ပင်လယ်ပြင်ရှိ ဂါလာပါးဂို့စ် ကျွန်းစုလေးများ (Galapagos Archipelago) မှာ ဖြစ်သည်။ ထိုကျွန်းစုလေးသည် ပစိဖိတ် သမုဒ္ဒရာအလယ်တွင် ထီးထီးရှိနေသော လူမနေသည့် ဒေသဖြစ်သည်။ ဒါဝင်သည် ထိုကျွန်းမှ နမူနာအဖြစ် ပစ်ချလာသော ငှက်ပုတီးများကို ငှက်သုတေသီ တစ်ဦးအား ပြကြည့်ရာ ငှက်ပုတီးနှင့် ဆင်သော်လည်း ငှက်ပုတီး မဟုတ်ပဲ ငှက်မျိုးစိတ် အသစ် ၁၄မျိုးဖြစ်ကြောင်းတွေ့ရသည်။