Search This Blog

Monday, October 21, 2013

သိပ္ပံပညာ

သိပ္ပံပညာ ဆိုတာ ဘာကို ပြောတာလဲ။ ကျနော်တို့ နည်းနည်း စဉ်းစားကြည့်ရအောင်။ သိပ္ပံပညာဆိုတာဟာ ကျနော်တို့ အာရုံနဲ့ ခံစားလို့ရတဲ့ လောကကြီးထဲက သဘာဝဖြစ်စဉ်တွေကို သဘာဝကျတဲ့ ဖြေရှင်းမှုမျိုး ပေးဖို့ဆိုတဲ့ လူသားရဲ့ ကြိုးပမ်းချက်ပါ။ သိပ္ပံပညာရှင်တွေဟာ သူတို့ ကဏ္ဍအလိုက် သဘာဝဖြစ်စဉ် အမျိုးမျိုးကို ရှုစားလေ့လာကြတယ်။ ဒီ့နောက်မှာတော့ ဒီဖြစ်စဉ်တွေကို ရှင်းပြဖို့ စနစ်ကျတဲ့နည်းလမ်းတွေကို အသုံးပြုပါတယ်။

သိပ္ပံနည်းလမ်း

သိပ္ပံပညာမှာ အခြေခံအားဖြင့် သိပ္ပံနည်းလမ်း (Scientific Method) ဆိုတာ ရှိပါတယ်။ သူ့မှာ အကြမ်းဖျင်း အဆင့် (၅)ဆင့် ရှိတယ်။

အဆင့် (၁) ရှုမြင်မှတ်သားခြင်း။ ဖြစ်စဉ်တစ်ခုကို ကြည့်ရှုလေ့လာရုံ အဆင့်ပါ။

အဆင့် (၂) အနုမာန တည်ဆောက်ခြင်း။ သင့်တင့်လျောက်ပတ်တဲ့ အတွေးစဉ်မျိုးနဲ့ ဘာက ဘယ်လိုဖြစ်နိုင်တယ်လို့ ဆင်ခြင်တဲ့အဆင့်ပါ။

အဆင့် (၃) စမ်းသပ်ခြင်း။ ဒီ အနုမာန မှန်မမှန်ဆိုတာကို လက်တွေ့ စမ်းသပ်ရပါမယ်။ ကိုယ်တွေးထားတာ မှန်ခဲ့ရင် ဘာက ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ကြိုတင်မှန်းဆထားရမယ်။ ဒီမှန်းဆချက် အတိုင်း အကြိမ်ကြိမ် ဖြစ်လာရင် အနုမာနဟာ ခိုင်မာလာတဲ့ အဓိပ္ပာယ်ပါပဲ။

အဆင့် (၄) အခြားပညာရှင်များနှင့် ဆွေးနွေးခြင်း။ ပညာရပ်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ ထူးချွန်တဲ့ ပညာရှင်များစွာကို မိမိရဲ့ အနုမာနကို တင်ပြရမယ်။ ပညာရှင် အသိုင်းအဝိုင်းက ကိုယ်တိုင် အသီးသီး စမ်းသပ်ကြည့်ပြီး အတည်ပြုပေးရပါမယ်။

အဆင့် (၅) သီအိုရီ။ ဒီလို အတည်ပြုပြီးရင်တော့ ဒီ အနုမာန ကို သီအိုရီ တစ်ခုလို့ သတ်မှတ်လို့ ရနိုင်ပါပြီ။

ဒီ့အတွက်ကြောင့် ကောင်းမွန်တဲ့ သိပ္ပံသီအိုရီ တစ်ခုဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား ကို မှီတည်ရမယ်။ ခန့်မှန်းချက် ထုတ်နိုင်တဲ့ ဖြေရှင်းချက်မျိုး ပေးနိုင်ရမယ်။ သီအိုရီတွင်း အယူအဆ အားလုံး ဟာ ကိုက်ညီမှု ရှိရမယ်။ တခါတလေ မတူညီတဲ့ ဘာသာရပ်နှစ်ခုက သီအိုရီတွေဟာ တစ်ခုကို တစ်ခု ထောက်ပံ့နေတာမျိုး ရှိတယ်။ ဥပမာဆိုရင် ဆင့်ကဲဖြစ်စဉ် သီအိုရီအရ သက်ရှိဇီဝတွေ ဆင့်ကဲပေါ်ပေါက်ဖို့ နှစ်သန်းထောင်ချီပြီး လိုမယ်လို့ ဆိုတယ်။ ဘူမိဗေဒက ကျောက်တုံးတွေကို သက်တမ်းကောက်ကြည့်ရင်လည်း နှစ်သန်း ၄၅ဝဝ လောက်ထိကို တွေ့ရတယ်။ ဒါမျိုး ကိုက်ညီမှု ရှိနေရင် သီအိုရီနှစ်ခုဟာ ခိုင်မာလာပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံဟာ သက်သေ အထောက်အထား ပေါ် အခြေခံထားတဲ့ သီအိုရီတွေ တစ်ခုကိုတစ်ခု ကွန်ယက်သဖွယ် ယှက်ဖြာ ထောက်ပံ့နေတဲ့ ယုတ္တိစနစ်တစ်ခုလို့ ဆိုကောင်းဆိုနိုင်ပါတယ်။

သီအိုရီ ၊ အရပ်စကားနဲ့ သိပ္ပံစကား

အရပ်စကားမှာ ဒါဟာ သီအိုရီတစ်ခုပါကွာ ဆိုတာမျိုးဟာ အကြောင်းအရာတစ်ခုဟာ မခိုင်လုံကြောင်း အနက်သဘောဖြစ်ပါတယ်။ သိပ္ပံပညာ ဝေါဟာရမှာ သီအိုရီဆိုတာ အလွန်ခိုင်မာတဲ့ ဖြေရှင်းချက် တစ်ခုဖြစ်တယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။ ဒါပေမယ့် ဘာလို့ သိပ္ပံက ဒီလို အဓိပ္ပာယ် လွဲချော်စေနိုင်တဲ့ သီအိုရီဆိုတဲ့ စကားလုံးမျိုးကို ယူသုံးထားရသလဲ။

သံသယဝါဒီ သိပ္ပံ

သိပ္ပံဟာ သံသယ ဝါဒ ကို ဆွဲကိုင်ပါတယ်။ သဘာဝလောကကြီးရဲ့ အမှန်တရားကို အာရုံငါးပါးသော အသိနဲ့သာ ရှုမြင်ရတယ်ဆိုတဲ့ အကန့်အသတ်ကို အမြဲသတိချပ်နေတယ်။ ဒီ့အတွက် သဘာဝလောကကြီးရဲ့ ပကတိ သဘောကို လူသားက အတိအကျ ဘယ်လိုမှ မသိနိုင်ဘူးလို့လဲ မှတ်ယူတယ်။ သဘာဝလောကကြီးကို အနုမာနတွေ၊ သီအိုရီတွေလို ပြတင်းပေါက်လေးတွေ ဖောက်ပြီး ရှုမြင်ရတယ်လို့ မှတ်ယူတယ်။ ဒီ ပြတင်းပေါက်တွေက မြင်ရတဲ့ အရာဟာ အမှန်ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒီ့အတွက် သိပ္ပံဟာ အလွန်သံသယ ထားပါတယ်။ ပန်းသီးတစ်လုံး ကြွေကျရင်တောင်မှ အကြိမ် ၁သန်းမှာ ၁သန်းလုံး ကြွေကျပါစေ၊ စမ်းသပ်ချက် အားလုံး တထပ်တည်း ကျပါစေ၊ ၁ဝဝ% မှန်ကန်သေချာပါ၏လို့ ဘယ်တော့မှ မဆို။ မှန်ဖို့ ဖြစ်နိုင်ချေ အရမ်းများလွန်းတယ်လို့သာ ဆိုတယ်။

မဖြေရသေးတဲ့ မေးခွန်းတွေ

ကျနော်တို့ စာသင်တန်း တစ်ခု တက်ပြီဆိုပါစို့။ ဒီသင်တန်းမျိုး တခါမှလည်း မတက်ဖူးပါ။ ဘာသင်ရမယ်ဆိုတာကို တိတိကျကျ သိမထားပါ။ ကျနော်တို့မှာ စာမေးဖို့ မေးခွန်းကို မရှိပါ။ ပထမနေ့ စာသင်ပြီးနောက် သင်ဘာဖြစ်လာပါပြီလဲ။ နားမလည်သေးတဲ့၊ မကြားလိုက်တဲ့၊ ဘဝင်မကျတဲ့ အကြောင်းအရာတွေအတွက် မေးခွန်းတွေ ထွက်လာပါတယ်။ အဓိကပြောချင်တာက ဒီလိုပါ။ ကျနော်တို့ဟာ ဘာမှ မသိရင် ဘာမှလည်း မေးခွန်း ရှိလာမှာ မဟုတ်ဘူး။ မေးခွန်းရှိတယ်ဆိုတာ ကျနော်တို့ သိရှိလာလို့ ဖြစ်တယ် ဆိုတာပါပဲ။ သိပ္ပံမှာ မဖြေရသေးတဲ့ မေးခွန်းတွေ များပြားလှတယ်။ ဘာလို့လဲဆိုတော့ သိပ္ပံဟာလည်း အများအပြားကို ဖြေရှင်းပြနိုင်ထားလို့ပါပဲ။ တဖန်ကျနော်တို့ကလည်း တက်ကြွစွာ ပါဝင်လေ့လာ နေကြလို့ပါပဲ။

သိပ္ပံငြင်းခုန်မှုများ

သိပ္ပံပညာမှာ အမြဲတစေ ငြင်းခုန်ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒါဟာ ပညာရှင်တွေ သဘောထား ကွဲလွဲပြီး သိပ္ပံပညာတစ်ခုလုံး ကမောက်ကမ ဖြစ်နေတာ မဟုတ်ပါဘူး။ ဟိုတစ်မျိုး ဒီတစ်မျိုး ဖြစ်နေတာလည်း မဟုတ်ပါ။ သိပ္ပံဟာ အမြဲ အနုမာနအသစ်တွေ၊ သီအိုရီ အသစ်တွေ ရှာဖွေနေတယ်။ လက်ရှိ လက်ခံထားတဲ့ သီအိုရီထက် ပိုရှင်းပြနိုင်တဲ့ သီအိုရီ ရှိနိုင်လားဆိုတဲ့ သဘောမျိုးနဲ့ အမြဲစမ်းသပ်ကြည့်နေတယ်။ လက်ရှိ သီအိုရီတွေကို စိန်ခေါ်နေတယ်။ ဒီလိုနဲ့ သီအိုရီရဲ့ အမှားတွေကို ပြင်ရတယ်။ လုံးဝမှားသွားရင် အစကနေ ပြန်စရမယ်။ ဒါကြောင့် ငြင်းခုန်ဆွေးနွေးမှုတွေဟာ သိပ္ပံရဲ့ အားနည်းတဲ့ လက္ခဏာ မဟုတ်ပါ။ ဒါကပဲ သိပ္ပံရဲ့ ခွန်အား သိပ္ပံရဲ့ တိုးတက်ခြင်းပါပဲ။

ဘယ်တော့မှ မပြီးတဲ့ ပန်းချီးကား တစ်ချပ်

သိပ္ပံပညာမှာ အခု သီအိုရီတွေထက် ပိုကောင်းတဲ့ သီအိုရီအသစ်တွေကို အမြဲ ကြိုဆိုနေတယ်။ ပြုပြင်ပြောင်းလဲနေတယ်။ ဒီပြောင်းလဲမှုတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါ။ သိပ္ပံဟာ အကြိမ်ကြိမ် ပြန်လည် ခြယ်သနေတဲ့ ပန်းချီကား တစ်ချပ်ဖြစ်တယ်။ သိပ္ပံဟာ အမြဲပြောင်းလဲနေတယ်ဆိုတာ “သိပ္ပံဟာ မှားနေတယ်။ မခိုင်လုံဘူး” ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါ။ သိပ္ပံပညာဟာ သံသယဝါဒီဖြစ်တဲ့အတွက် သူ့ရဲ့ အသိပညာတွေကို ဘယ်တော့မှ ၁ဝဝ% မှန်တယ်လို့ မမှတ်ယူထားဘူး။ ဒီ့အတွက် သူဟာ အမြဲပြင်ဆင် ပြောင်းလဲနေတယ်။ ဒါကပဲ သိပ္ပံရဲ့ အသက်ဝင်နေခြင်း၊ သိပ္ပံရဲ့ ခွန်အားဖြစ်ပါတယ်။

သိပ္ပံဟာ ရသ မဟုတ်

သိပ္ပံပညာကြောင့် လောကကြီးကို အံ့သြရခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း မရှိပါဘူး။ သိပ္ပံဟာ ရသ မဟုတ်လို့ သူဟာ လူရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ မသက်ရောက်စေပါဘူး။ ဥပမာ ဆင့်ကဲဖြစ်စဉ် သီအိုရီက ဒီလိုဆိုပါမယ်။ ကမ္ဘာပေါ်က သက်ရှိအားလုံးဟာ အဆက်မပြတ်ခဲ့သော ဇီဝကမ္မဖြစ်စဉ် ဆက်တန်းကြီး တစ်ခုတည်းဖြစ်တယ်။ နှစ်သန်း ထောင်ချီအောင် အကြိမ်ကြိမ် ကူးယူခဲ့တဲ့ ဓာတ်ပြုမှုဆက်တန်းကြီး ဖြစ်တယ်ဆိုတာဟာ လေ့လာသူ အတွက် အံ့သြဖွယ်ရာပါ။ ဒါပေမယ့် သီအိုရီက အံ့သြစေတာ မဟုတ်ပါ။ အံ့သြခြင်းဟာ လူမှာပဲ မူတည်ပါတယ်။ သိပ္ပံကြောင့် လူတွေ စိတ်သဘောထား ပြည့်ဝလာတာ မဟုတ်သလို၊ ရုတ်ရင်းကြမ်းတမ်း လာတာလည်း မဟုတ်ပါ။ ဒါကြောင့် သိပ္ပံဟာ ရသ မဟုတ်လို့ ဆိုခြင်းဖြစ်တယ်။

သိပ္ပံနဲ့ ဘာသာရေးဟာ တခြားစီ

သိပ္ပံဟာ လက်တွေ့အထောက်အထား ပြလို့ရတဲ့ လောကရဲ့ အစိတ်အပိုင်းတွေကိုပဲ ကန့်သတ်လေ့လာပါတယ်။ ဒီ အထောက်အထားပေါ်မှာပဲ အခြေခံပြီး ဖြေရှင်းချက်တွေ တည်ဆောက်ရတာ ဖြစ်တယ်။ ဘာသာရေးဟာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ တခါတလေကျရင် သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ၊ သိပ္ပံနည်းကျ သမ္မာကျမ်းစာ စသည်ဖြင့် တွေ့ရတတ်ပါတယ်။ ဒါဟာ ခေတ်သစ်မှာ သိပ္ပံရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာကို လူတွေက တအား အားပေးအားမြောက်လုပ်လွန်းလို့ (သိပ္ပံကို သေချာ နားမလည်ပဲ ဘာသာရေးလို လက်ခံယုံကြည်ပစ်လိုက်တဲ့ လူမျိုးတွေလည်း ရှိသေးရဲ့) သိပ္ပံဟာ အရမ်း ပေါ်ပြူလာဖြစ်လာတယ်။ ဘာသာရေးအဆိုတွေကို သိပ္ပံနဲ့ ချိန်ထိုးဖြေရှင်းရမယ်လို့ မြင်လာတယ်။ ဒါကြောင့် စာရေးဆရာတွေက ဒီ ပေါ်ပြူလာဖြစ်မှုကို အသုံးချလိုက်ကြတာပါ။

ဘာသာရေးကျမ်းစာမှာ နိုးဝါးလှေကြီးဟာ ၁၈ရာစု စစ်သင်္ဘောထက် ကြီးတဲ့ သစ်သားလှေကြီးလို့ ဆိုထားတယ်။ အင်ဂျင်နီယာ သိပ္ပံအတတ် အနေနဲ့ဆို ဒါဟာ လက်ခံနိုင်စရာ မရှိဘူး။ သစ်သားနဲ့ အဲလောက်ကြီးတဲ့ လှေ မဆောက်နိုင်ပါဘူး။ သစ်သား၊ ကော်၊ သံမှိုဆိုတဲ့ ကိရိယာလောက်နဲ့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ မြင်းမိုရ်တောင်ဆိုတာ GPS ဂြိုဟ်တုခေတ်မှာ ဘယ်လိုမှ မတွေ့နိုင်တဲ့တောင်။ ဟိန္ဒူ စကြဝဠာအမြင်တစ်ခုလုံးဟာ လက်တွေ့ အထောက်အထားနဲ့ လွဲချော်နေတယ်။ ဒါပေမယ့် မြင်းမိုရ်တောင်ဆိုတာ ဘာသာရေးကျမ်းဂန်တွေမှာ အတိအလင်း ဖော်ပြထားရင်ပဲ ရနေပါပြီ။

ဘာသာရေးဟာ ယုံကြည်မှုပါပဲ။ လှေကြီး ရှိတယ်၊ မြင်းမိုရ်တောင်ကြီးရှိတယ်။ ဒါဆိုရပါပြီ။ ဘာမှ ပြဿနာလည်း မရှိပါဘူး။ ဒါဟာ ဘာသာရေးပါပဲ။ ဘာသာရေးဟာ လူတွေရဲ့ စိတ်လုံခြုံမှုတွေ၊ ဘဝအဓိပ္ပာယ်တွေကို ပေးစွမ်းနိုင်တယ်။ သိပ္ပံဟာ ရသတောင် မဟုတ်လို့ သူက ဘာမှ မပေးပါဘူး။ အချက်အလက်တွေပဲ ပေးတာပါ။ စိတ်ခံစားချက်တွေကို နှိုးဆွပေးနိုင်တာက ဘာသာရေးပါ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ သိပ္ပံပညာရှင်တွေ ရှိကြပါတယ်။ သူတို့က အနေနဲ့ သိပ္ပံနဲ့ ချိန်ထိုးရတဲ့ အမြင်နဲ့ ယုံကြည်မှု ဘာမှ မဆိုင်ဘူးလို့ ခံယူတတ်ကြတယ်။ တနည်းအားဖြင့် ယုံကြည်ဖို့ဆိုတာ ယုံကြည်တဲ့အရာကို အရှိတရားကြီး တစ်ခုလို လက်ခံဖို့ မလိုဘူးလို့ ယူဆတတ်ကြတယ်။