Search This Blog

Monday, August 20, 2012

ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ အထောက်အထား - လူသား၏ ခရိုမိုဆုမ်းနံပါတ် (၂)


နိဒါန်း

                 ဆင့်ကဲဖြစ်စဉ် သီအိုရီသည် ဇီဝဗေဒပညာတွင် ကျယ်ပြန့်စွာ လက်ခံထားသော သက်ရှိမျိုးစိတ်တို့၏ ဆက်နွယ်ပုံနှင့် မူလအစကို ရှင်းပြသော သီအိုရီဖြစ်သည်။ သိပ္ပံပညာသည် သံသယဝါဒကို အခြေခံသော စူးစမ်းရှာဖွေမှုဖြစ်သည်။ သိပ္ပံတွေ့ရှိချက်တိုင်း၊ သီအိုရီတိုင်းသည် ပကတိ အမှန်တရားဟု သိပ္ပံပညာရှင်တို့ မယူဆကြကုန်။ နောက်ထပ် ပိုမိုဖြေရှင်းနိုင်စွမ်းသော သိပ္ပံအယူအဆ တစ်ခု ပေါ်ပေါက်လာလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်တည်း။

                သိပ္ပံပညာ၌ တွေးဆချက်၊ အနုမာန၊ သီအိုရီ ဟူ အဆင့် သုံးဆင့်ရှိသည်။ သဘာဝကို ရှုမြင်သုံးသပ်ခြင်းဖြင့် တွေးဆချက် တစ်ခုကို တည်ဆောက်ရသည်။ ထို တွေးဆချက်ကို ယုတ္တိရှိအောင် ရှင်းပြရသည်။ အထောက်အထားများ တင်ပြရသည်။ ထိုအဆင့်သည် အနုမာနဖြစ်သည်။ အနုမာနကို ဆိုင်ရာ သိပ္ပံလောကမှာ အကြိမ်ကြိမ် စမ်းသပ် ဝေဖန်ပြီးမှ ကျယ်ပြန့်စွာ ထောက်ခံ လာသောအခါတွင် ထိုအနုမာနသည် သီအိုရီဖြစ်လာသည်။ သိပ္ပံ သီအိုရီတစ်ခုသည် သဘာဝဖြစ်စဉ်များကို ရှင်းပြနိုင်သည့် စွမ်းရည်ပေါ် မူတည်၍ ၎င်း၏ ကြိုတင်ခန့်မှန်းနိုင်စွမ်း ဟူသည်ရှိနေသည်။ ဥပမာအားဖြင့် ကူးစက်ပိုးတစ်မျိုးကို ပဋိဇီဝဆေးဖြင့် နှိမ်နင်းသည့် အခါ နောင်အချိန်တွင် ထိုပဋိဇီဝဆေးကို ခံနိုင်ရည်ရှိသော ပိုးမျိုး ဆင့်ကဲပေါ်ပေါက်လာနိုင်သည် ဟူကြိုတင်တွက်ဆခြင်းမျိုး ဖြစ်သည်။ ရာသီဥတု ခန့်မှန်းမှုများသည် အကျိုး ဖြစ်ထွန်းစေသကဲ့သို့ ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ ကြိုတင်တွက်ဆနိုင်မှုသည် ပြောင်းလဲနေသည့် ပိုး၏ သဘာဝနှင့် ကိုက်ညီသည့် ပဋိဇီဝဆေးများကို အကြားအလပ်မရှိ ထုတ်လုပ်နိုင်ရန် အလွန်အရေးပါသော တွန်းအားနှင့် ဖြေရှင်းချက် တစ်ခုမည်၏။

Wednesday, August 8, 2012

ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံများ

           ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံ (Cladogram) သည် ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်များက ဆင့်ကဲဖြစ်စဉ်၏ အဆင့်များကို တိကျစွာ ဖော်ပြရန် အသုံးပြုသည့် သရုပ်ဖော်ပုံများဖြစ်သည်။ လူသည် မျောက်မှ ဆင်းသက်သည် ဟူသော အရပ်စကားသည် ဆင့်ကဲဖြစ်စဉ်ကို တိကျစွာ မဖော်ညွှန်းသောကြောင့် ဖြစ်ရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ခေါင်းစဉ် အဆုံးပိုင်းတွင် ပြန်လည် ဆွေးနွေးပေးပါမည်။ သရုပ်ဖော်ပုံများကို ကြည့်ရှုလေ့လာတတ်မှ ဇီဝမျိုးနွယ်တို့၏ ဆင့်ကဲဖြစ်စဉ်ကို တိကျစွာ နားလည်မည်ဖြစ်သည်။

နမူနာအဖြစ် ပြသထားသော ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံ