Search This Blog

Friday, November 23, 2012

ဘူမိသမိုင်းကာလကို ခြုံငုံကြည့်ခြင်း

          ကမ္ဘာဂြိုဟ်၏ သက်တမ်းသည် နှစ်သန်းပေါင်း ၄၅ဝဝကျော်ပြီဖြစ်သည်။ ထိုနှစ်သန်းပေါင်း ၄၅ဝဝ ကျော်အတွင်း ကျွန်ုပ်တို့ လက်ရှိနေထိုင်ရာ ဂြိုဟ်သည် မည်ကဲ့သို့ရှိမည်နည်း။ ကမ္ဘာဂြိုဟ်သည် နေစနစ် စတင်ပေါ်ပေါက်လာစဉ် ကတည်းက အာကာသဖုန်မှုန်များ စုစည်းလျက် ဖြစ်တည်လာခြင်းမှ စတင်ခဲ့သည်။ ဤကာလကိုပင် နှစ်သန်း ၄၅ဝဝကျော်ကဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ထိုကာလအတွင်း ကမ္ဘာသည် ချော်ရည်များနှင့် အတိပြီးခဲ့လေရာ လေ့လာစရာ ကျောက်နမူနာ မကျန်ခဲ့ပေ။ ပူပြင်းလှသောကြောင့် ဂရိမြေအောက် နတ်ဘုရား ဟေးဒီးစ် (Hades) ကိုအစွဲပြုလျက် ဟေဒီယန် (Hadean) ကာလဟု ဘူမိဗေဒပညာရှင်တို့ သမုတ်ကြသည်။ အဆိုပါ ကာလအတွင်း ကမ္ဘာသည် အခြား ဂြိုဟ်တစ်ခုနှင့် တိုက်မိပြီး လွင့်စင်လာသော အပိုင်းအစများမှ လ ကိုဖြစ်ပေါ်စေခဲ့သည်။ ပူပြင်းသော ချော်ရည်ကမ္ဘာ၏ မျက်နှာပြင်သည် အေးမြလာပြီး အစိုင်အခဲ အပေါ်ခွံအလွှာ ဖြစ်တည်လာခဲ့သည်။ ရေငွေ့သည်လည်း အရည်အဖြစ် သမုဒ္ဒရာများ အနေဖြင့် မျက်နှာပြင်သို့ ရောက်ရှိလာခဲ့သည်။ ဟေဒီယန်ကာလနှောင်းပိုင်းက စတင်၍ သက်ရှိဇီဝ ဖြစ်ပေါ်သည့် အထောက်အထားများ တွေ့ရှိရသည်။

          အာခီယန်ကာလ (Archean Eon) သည် လေ့လာစရာ ကျောက်နမူနာများ စတင်ကျန်ရစ်သည့် ဘူမိကာလဖြစ်ပြီး ဆဲလ်တစ်ခုတည်းဇီဝများ လုံဝဥဿုံ ကြီးစိုးသော ခေတ်ကာလ ဖြစ်သည်။ ဆဲလ်များမှာ ဘတ်တီးရီးယားကဲ့သို့ အရွယ်သေးငယ် ရိုးရှင်းသော ဆဲလ်များဖြစ်သည်။ နေရောင်သုံး အစာချက်သည့် ဘတ်တီးရီးယားမှ လွှတ်ထုတ်သော အောက်ဆီဂျင်ကြောင့် ကမ္ဘာ့လေထုနှင့် ရေထုသို့ အောက်ဆီဂျင် ပထမဆုံး ပျံ့နှံ့လာသော ခေတ်လည်းဖြစ်သည်။ ထိုကာလအတွင်း လိပ်သည်းကျောက်ထုထည်ကြီးများ စတင်ပေါ်ပေါက်လာခဲ့ပြီး ခေတ်သစ် တိုက်သားထုများ၏ မူလအစပျိုးရာ ခေတ်လည်းဖြစ်သည်။

          ရှေးဦးဇီဝခေတ် (Proterozoic Eon)သည် တတိယခေတ်ဖြစ်ပြီး ဆဲလ်ဝတ်ဆံပါသော ယူကာရုတ်ခေါ် ပိုမို ရှုပ်ထွေးကြီးမားသည့် ဆဲလ်များ ပေါ်ပေါက်လာသောခေတ် ဖြစ်သည်။ ထိုခေတ် နှောင်းပိုင်းတွင် ဆဲလ်များစွာနှင့် ဖွဲ့စည်းထားသော ဗဟုဆဲလ်ဇီဝများ ပေါ်ထွန်းလာခဲ့သည်။ ၎င်းတွင် ပထမဆုံး အယ်လဂျေး (ပင်လယ်ရေမှော်) ကိုလိုနီများ နှင့် ပထမဆုံး သတ္တဝါများ ပါဝင်ကြသည်။ ဤခေတ်အတွင်း ဂြိုဟ်၏သမိုင်းကြောင်းတွင် အဆိုးဝါးဆုံး ရေခဲခေတ်ကို ကြုံတွေ့ခဲ့ရသည်။

          ထင်ရှားသော ဇီဝခေတ် (Phanerozoic Eon) သည် စတုတ္ထခေတ်ဖြစ်ပြီး ဗဟုဆဲလ်ဇီဝ များစွာ ထွန်းကားလာသော ခေတ်ဖြစ်သဖြင့် သက်ရှိအထောက်အထား ရုပ်ကြွင်းများမှာ ယခင် ခေတ် ကျောက်လွှာများထက် များစွာ ထင်ရှားလာပြီဖြစ်သည်။ ဘူမိဗေဒပညာရှင်တို့က ၎င်းခေတ်ကို သက်ဦးကပ် (Paleozoic Era)၊ သက်လယ်ကပ် (Mesozoic Era)၊ သက်နှောင်းကပ် (Cenozoic Era) ဟု ကပ်သုံးကပ်ခွဲခြားထားပြန်သည်။ သက်ဦးကပ်ကို ယုဂ် (Period) ငါးခု ပိုင်းခြားထားသည်။ ကန်ဘရီယန်ယုဂ် (Cambrian) သည် အခွံပါသော သတ္တဝါများ စတင်ပေါ်ပေါက်သော ခေတ်ဖြစ်သည်။ ၎င်းနောက်လိုက်သည့် အော်ဒိုဗစ်ရှီယန် (Ordovician) နှင့် ဆိုင်လော်ရီယန်ယုဂ် (Silurian) ယုဂ်တို့သည် ယနေ့ခေတ် သမုဒ္ဒရာ ဂေဟစနစ်များ၏ အုတ်မြစ်အခြေခံများ ဖြစ်တည်ရာ ကာလဖြစ်သည်။ အော်ဒိုဗစ်ရှီယန်ယုဂ်တွင် ငါး၏ ရှေးဦးမျိုးနွယ်များ ပေါ်ပေါက် လာခဲ့သည်။ ဆိုင်လော်ရီယန်ယုဂ်တွင် သတ္တဝါများ ကုန်းမြေသို့ နယ်ချဲ့ထွင်ကြောင်း ခိုင်မာသော အထောက်အထားများ တွေ့ရှိရသည်။ မျက်မှောက်ခေတ် ငါးမန်းပါဝင်သော အရိုးနုငါးများသည် ယခုယုဂ်တွင် ပေါ်ပေါက်လာကြသည်။

          ဒီဗိုနီယန်ယုဂ် (Devonian) သည် ငါးမျိုးနွယ်များ ကြီးစိုးသော ယုဂ်ဖြစ်ပြီး ရေငန်မှ ရေချိုသို့ ဂေဟစနစ်များ အခြေခိုင်မာလာခဲ့သည်။ ကုန်းနေရေနေ သတ္တဝါတို့သည် ဤယုဂ်တွင် စတင်ဖြစ်တည်စ ပြုနေပြီဖြစ်သည်။ အခန်း (၁ဝ) တွင် ဖော်ပြထားသည့် ကာဗွန်နီဖားရပ်စ် ယုဂ်သည် အင်းဆက်များ ၏ ခေတ်ဖြစ်သည်။ ရေမွှာအိမ် ပါပြီး အခွံမာဥ ဥသော တွားသွားသတ္တဝါ ရှေ့ပြေးများ ကိုလည်း တွေ့ရနိုင်သည်။ ကုန်းမြေ အနှံ့အပြားကို ရေလွှမ်းခဲ့ပြီး နွံတောများဖြင့် စည်ပင်သော ကာလဖြစ်သည်။ ပါမီယန်ယုဂ် (Permian) တွင် ကုန်းမြေ ခေါင်ခေါင်တွင် ရှင်သန်နိုင်သော တွားသွားသတ္တဝါများသည် မြစ်ချောင်းကမ်းပါး ဒေသကို ကျော်လွန်လျက် ကုန်းတွင်းဖက်သို့ နယ်ချဲ့ထွင်နိုင်လာသည့် အလျောက် စည်ပင်ပွားများလာခဲ့သည်။ ခြေတိုသော တွားသွားသတ္တဝါများသည် ခန္ဓာကိုယ် အောက်တွင် ခြေတံရှည်ပါသော တွားသွားသတ္တဝါများ - သီရပ်ဆစ်(Therapsid) ကို ဆင့်ကဲပေါ်ပေါက်စေခဲ့သည်။ ပါမီယန်ယုဂ် အကုန်တွင် သမိုင်းတွင် အကြီးမားဆုံး ဧရာမ မျိုးပြုန်းမှုကြီး ဖြစ်ပေါ်ခဲ့သည်။ သက်ရှိမျိုးစိတ်များစွာမှာ ဤမျိုးတုံးမှုတွင် ပါဝင်သွားခဲ့သည်။

          ထရိုင်ယဆစ်ယုဂ် (Triassic) တွင် ပြန်လည်ထူထောင်လာသော ကုန်းဂေဟစနစ်များတွင် အဓိကပါဝင်သူများမှာ တွားသွားသတ္တဝါများပင် ဖြစ်ကြသည်။ သီရပ်ဆစ် တွားသွားသတ္တဝါများမှ အမွေးပါသော ဆိုင်နိုဒွန့် (Cynodont)များ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် နောက်ပေါ်ပေါက်လာမည့် နို့တိုက်သတ္တဝါ၏ ရှေ့ပြေးမျိုးနွယ်များဖြစ်သည်။ အခြား တွားသွားသတ္တဝါတို့၏ ပြောင်းလဲမှု လမ်းကြောင်းကမူ သီရပ်ဆစ်တို့နှင့် မတူ။ တင်ပါးဆုံ အရိုးတည်ဆောက်ပုံ ပြောင်းလဲလာပြီး နောက်ခြေထောက်ဖြင့်သာ လမ်းလျှောက်သည့် အာခိုဆောများ ဆင့်ကဲပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ဒိုင်နိုဆောနှင့် ငှက်များ၏ ဘိုးဘေးများဖြစ်ကြသည်။ ယနေ့ခေတ် ငှက်များ နောက်ခြေဖြင့် လမ်းလျှောက်ပြီး ရှေ့ခြေဖြင့် ပျံသန်းသည့် ကိုယ်ဟန်မှာ ဤအာခိုဆော တွင် အစပြုခဲ့သည်ဟု ဆိုရမည်။

          ဂျူရပ်ဆစ်ယုဂ် (Jurassic) တွင် အာခိုဆောများမှ ဒိုင်နိုဆောနှင့် အခြားဆက်နွယ်သော တွားသွားသတ္တဝါမျိုးနွယ်များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနက် တယ်ရိုဆောများသည် ပျံသန်းနိုင်သော အရေပါးတောင်ပံများ ပေါ်ပေါက်လာခဲ့သလို ရေယက်များပေါ်ပေါက်လာပြီး ပင်လယ်ကို နယ်ချဲ့သော ရေနေတွားသွားသတ္တဝါ သားရဲများကို တွေ့ရနိုင်သည်။ ငှက်မျာသည် ဂျူရပ်ဆစ်ယုဂ်တွင် ပေါ်ပေါက်လာကြသည်။ ခရီတေးရှပ်ယုဂ် (Cretaceous) သည် ထို တွားသွားသတ္တဝါများ ကမ္ဘာကို ကြီးစိုးထားသော ခေတ်ဖြစ်သည်။ နို့တိုက်သတ္တဝါများသည် ကြွက်အရွယ်သာ ရှိပြီး သားရဲကြီးများ အိပ်စက်သော ညဖက်မှ အစာရှာတတ်ကြသည်။ ယနေ့ခေတ် နို့တိုက်သတ္တဝါများစွာသည် ညဖက် အစာရှာသည့် ဓလေ့ရှိဆဲဖြစ်ရသည့် အကြောင်းရင်းခံဖြစ်သည်။ ဒိုင်နိုဆောနှင့် အခြား သားရဲကြီးများသည် ဤယုဂ်အကုန်ပိုင်းတွင် ကျဆုံးစ ပြုလာပြီဖြစ်သည်။ ခရီတေးရှတ်ယုဂ်သည် ကြီးမားသော ဥက္ကာခဲတစ်ခု မက်ဆီကိုဒေသကို ကျရောက်ခဲ့မှုဖြင့် အဆုံးသတ်ခဲ့သည်။

          ပလေယိုဂျင်းန်ယုဂ် (Paleogene) သည် ငှက်နှင့် နို့တိုက်သတ္တဝါများ၏ ခေတ်ဖြစ်သည်။ ငှက်များတွင် အသားစား ငှက်ဘီလူးကြီးများ (Terror Birds) မှာထင်ရှားသည်။ နို့တိုက်သတ္တဝါ မျိုးနွယ်များစွာလည်း ပေါ်ပေါက်လာခဲ့သည်။ အစောပိုင်း နို့တိုက်သတ္တဝါများသည် ဥဥ နို့တိုက်သတ္တဝါများ ဖြစ်သည်။ နောင်အခါ အကောင်လိုက် မွေးပြီး သားပိုက်အိတ်တွင် ကြီးစေသော သားပိုက်နို့တိုက်သတ္တဝါ (Marsupials) များ ပေါ်ပေါက်လာသည်။ ကျွန်ုပ်တို့လူ ပါဝင်သော နို့တိုက်သတ္တဝါများမှာ သန္ဓေသားကို မိခင်၏ သားအိမ်တွင် အဆုံးထိ ဖွံ့ဖြိုးစေသော အချင်းပါ နို့တိုက်သတ္တဝါ (Placental Mammals)များ ဖြစ်ကြသည်။ လွန်ခဲ့သောနှစ်သန်း ၄ဝခန့် ပလေယိုဂျင်းယုဂ်အတွင်း ရာသီဥတု ခြောက်သွေ့စပြုလာပြီး ပထမဆုံး မြက်ခင်းလွင်ပြင်များ ပေါ်ပေါက်လာခဲ့သည်။ မာကြောသော မြက်ကို စားနိုင်ရန် နို့တိုက်သတ္တဝါတို့ ဆင့်ကဲပြောင်းလဲခဲ့ရာမှ စားမြုံ့ပြန်ခြင်းဓလေ့ ဖြစ်ထွန်းခဲ့သည်။

          နီယိုဂျင်းန်ယုဂ် (Neogene) တွင် ရှေးဦးပရိုင်းမိတ်များမှ ဟိုမီနစ် (Hominids) ခေါ် လူတူပရိုင်းမိတ်များ ဆင့်ကဲပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ဆာဟာရဒေသသည် ရာသီဥတု ခြောက်သွေ့မှုကြောင့် သဲကန္တာရ အသွင်ပြောင်းလဲပြီး ကြမ်းတမ်းပူပြင်းသော ပတ်ဝန်းကျင်တွင် ရှင်သန်ရန် ဟိုမီနစ်များအနက်မှ ဥာဏ်ပိုထက်သော မျက်မှောက်ခေတ် လူသားများ မျိုးကွဲထွက်လာခဲ့သည်။ လူသားသည် မီးကို ကိုင်တွယ်တတ်လာသည်။ စိတ်ကူးဥာဏ်ကွန့်နိုင်လောက်အောင် ဦးနှောက်ဖွံ့ဖြိုးလာပြီဖြစ်၍ အနုပညာ ဖန်တီးတတ်လာသည်။ ဘာသာတရားနှင့် ယဉ်ကျေးမှုများ ဆင့်ကဲပေါ်ထွန်းလာခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုပါ ပိုင်နိုင်လာသော လွန်ခဲ့သောနှစ် တစ်သောင်းခဲ့အချိန်တွင် လူ့ယဉ်ကျေးမှုနှင့် သမိုင်းဝင်ခေတ် အစပျိုးပြီဖြစ်ပြီး ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်၏ သဘာဝသမိုင်းကြောင်း လေ့လာမှု ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

          ကမ္ဘာ၏ သဘာဝသမိုင်းကို ကာလများအဖြစ်လည်းကောင်း၊ ကာလများကို ကပ်များအဖြစ်လည်းကောင်း၊ ကပ်များကို ယုဂ်များအဖြစ် လည်းကောင်း ပိုင်းခြားထားပြီး ၎င်းယုဂ်များအတွက် အဏုယုဂ် (Epoch) များ၊ ခေတ် (Age) များ အဆင့်ဆင့် ပိုင်းခြားပြ ထားသေးသည်။ အောက်တွင် ၎င်း ပိုင်းခြားမှုတို့ကို ဂဏန်း ပမာဏနှင့် ဇယားပြုစု ဖော်ပြပေးထားသည်။ အဏုယုဂ်တို့ကိုမူ များပြားလှ၍ ထည့်သွင်း မဖော်ပြအပ်တော့ပါ။ ကာလ၊ ကပ်၊ နှင့် ယုဂ်တို့ကိုမူ အပြည်ပြည်ဆိုင်ရာ ဘူမိမြေလွှာ ကော်မရှင် (International Commision on Statigraphy – ICS) ၏ သတ်မှတ်ချက်များအရ အောက်ပါအတိုင်း စုစည်း တင်ပြအပ်ပါသည်။





ဘူမိသမိုင်းကာလများ အတိတ်မှ ပစ္စုပ္ပန်သို့ (အညွှန်း- လခသန=လွန်ခဲ့သောနှစ်)

ဟေဒီယန်ကာလ (လခသန ၄.၆-၃.၈ ဘီလီယံ)



အာခီယန်ကာလ (လခသန ၃.၈-၂.၅ ဘီလီယံ)

---အာခီယန် အကြိုကပ်

---အာခီယန် ကာလဦး

---အာခီယန် ကာလလယ်

---အာခီယန် ကာလနှောင်း



ရှေးဦးဇီဝခေတ် (လခသန ၂.၅ဘီလီယံ-၅၄၂သန်း)

---ရှေးဦးဇီဝခေတ်ဦး

---ရှေးဦးဇီဝခေတ်လယ်

---ရှေးဦးဇီဝခေတ်နှောင်း



ထင်ရှားသောဇီဝခေတ် (လခသန ၅၄၂သန်း-ယနေ့အထိ)

---သက်ဦးကပ်

------ကန်ဘရီယန်ယုဂ် (လခသန ၅၄၂သန်း-၄၈၈သန်း)

------အော်ဒိုဗစ်ရှီယန်ယုဂ် (လခသန ၄၈၈သန်း- ၄၄၄သန်း)

------ဆိုင်လော်ရီယန်ယုဂ် (လခသန ၄၄၄သန်း- ၄၁၆သန်း)

------ဒီဗိုနီယန်ယုဂ် (လခသန ၄၁၆သန်း- ၃၅၉သန်း)

------ ကာဗွန်နီဖားရပ်စ်ယုဂ် (လခသန ၃၅၉သန်း-၂၉၉သန်း)

------ပါမီယန်ယုဂ် (လခသန ၂၉၉သန်း- ၂၅၂သန်း)

---သက်လယ်ကပ်

------ထရိုင်ယဆစ်ယုဂ် (လခသန ၂၅၂သန်း- သန်း၂ဝဝ)

------ဂျူရပ်ဆစ်ယုဂ် (လခသန သန်း၂ဝဝ-၁၄၆သန်း)

------ခရီတေးရှတ်ယုဂ် (လခသန ၁၄၆သန်း- ၆၅.၅သန်း)

---သက်နှောင်းကပ်

------ပလေယိုဂျင်းန်ယုဂ် (လခသန ၆၅.၅သန်း-၂၃သန်း)

------နီယိုဂျင်းန်ယုဂ် (လခသန ၂၃သန်း- ယနေ့ထိ)



(Kyaw Zwar Lynn)