Search This Blog

Friday, January 13, 2012

ယဉ်ကျေးမှု ဓလေ့များရဲ့ မူလအစနဲ့ သဘာဝ

ယဉ်ကျေးမှုရဲ့ အဓိပ္ပာယ်
ယဉ်ကျေးမှု (Culture) ဆိုတာဟာ သက်ရှိတစ်ခုခုရဲ့ အပြုအမူတွေကို စုဝေးခေါ်ဆိုတာ ဖြစ်ပြီး အဲဒီ့အပြုအမူတွေဟာ သဘာဝ ဗီဇ အသိကနေ ဖြစ်ပေါ်လာတာ မဟုတ်ပဲ မွေးလာပြီးမှ သင်ယူရရှိလာတဲ့ အပြုအမူ အသိတွေပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ် သက်ရှိတွေမှာ ယဉ်ကျေးမှုကို တွေ့ရသလဲ
အပြုအမူတွေကို မွေးရာပါအသိထက်ချဲ့ထွင် တတ်ဖို့ဆိုတာဟာ မတော်တဆ လုပ်ဆောင်ချက်တွေ၊နဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှု အပေါ်မှာ လုံးလုံးလျားလျား မှီခိုရတဲ့အတွက် အာရုံကြောတစ်ရှုးများပြီး ဆင်ခြင်ဥာဏ် သုံးတတ်တဲ့ သတ္တဝါ အနည်းငယ်မှာသာ တွေ့ ရပါတယ်။ အထူးသဖြင့် ပရိုင်းမိတ် မျိုးနွယ်တွေမှာပေါ့။



ယဉ်ကျေးမှု တစ်ခု ဘယ်လောက်ခံလဲ
ချင်ပန်ဇီ အုပ်စုတစ်ခုမှာ ချင်ပန်ဇီ တစ်ကောင်က ယောက်သွားခွံ ဘယ်လိုခွာစားရလဲက စလို့ မီးဘယ်လို မွှေးရလဲ အထိ မတော်တဆ တွေ့ရှိသွားနိုင်တယ်။ ဒီ မီးမွှေးအတတ်၊ ယောက်သွားခွံခွဲအတတ်ဟာ အဲ့ ချင်ပန်ဇီအုပ်စုမှာ ပျံ့နှံ့သွားဖို့လိုပါသေးတယ်။ မဟုတ်ရင် တတ်ထားတဲ့ တစ်ကောင် သေသွားရင် ဒီ အတတ်တွေဟာ နောက်မျိုးဆက်ကို ဘယ်လို လက်ဆင့်ကမ်းမှာပါလဲ။ ပထမဆုံးအနေနဲ့ တွေ့ရှိပြီးသား ချင်ပန်ဇီဟာ သူ မတော်တဆလုပ်မိတာရဲ့ အကျိုးကို သိရှိရမယ်။ ဘယ်မျောက်မှ မစားနိုင်တဲ့ ယောက်သွားကို စားနိုင်ရင် သူ့ဘဝအတွက် ရုန်းကန်ရေးမှာ သူများထက် တစ်ပန်းသာစေမယ် မဟုတ်ပါလား။ ဒီ အကျိုးကို သိတဲ့အလျောက် သူ့သဘောမပါပဲ လုပ်ဖူးတဲ့ အပြုအမူကို ထပ်တူကျအောင် ပြန်လုပ်တတ်ရမယ်။ (Stereotyping) ဒီတော့မှသာ လုပ်နိုင်တာထက်ပိုပြီး သူကိုယ်တိုင် ယောက်သွားခွံ ခွာစား ‘တတ်’ လာမယ်။ ဒီမှာပြီးသွားပြီလား။ မပြီးသေးပါဘူး။ တစ်ခြား ချင်ပန်ဇီတွေကို သူတတ်ထားတာလေးတွေ လက်ဆင့်ကမ်းဖို့ ရှိသေးတယ်လေ။ ဒါကို ဘယ်လို လက်ဆင့်ကမ်းမလဲဆို သူလုပ်တာကို တစ်ခြား ချင်ပန်ဇီတွေက မတော်တဆ ကြည့်မိပြီး မတော်တဆ အကျိုးကို သိရှိသွားမှ ဖြစ်တယ်။ ဒီတော့မှသာ ဒီချင်ပန်ဇီဟာ အတုခိုးခြင်းနည်း (Imitation) နဲ့ ယောက်သွားခွံခွာတဲ့နည်းကို တတ်သွားမှာဖြစ်တယ်။ ချင်ပန်ဇီဟာ လူနဲ့ ဗီဇအရ ၉၈% တူပါတယ်။ သို့ပေမယ့် ဒီ ၂%ဟာ ကြီးလှစွာသော ကွာခြားမှုကို ဖြစ်စေတယ်။ ချင်ပန်ဇီတစ်ကောင်အတွက် အတတ်ပညာတွေကို ဖြန့်ဝေဖို့ရာ ဆက်သွယ်ဖို့ တိကျတဲ့ ဘာသာစကား စာပေ မရှိပါဘူး။ ဒီတော့ ဘယ်လိုပင် အတတ်သစ်တွေကို နောက် ချင်ပန်ဇီတွေနဲ့ ဝေငှ ဝေငှ နောက်သားသမီးတွေကို သင်ပေး သင်ပေး၊ သဘာဝအသိမဟုတ်တဲ့အတွက် မျိုးဆက် အနည်းငယ် ကြာလာရင် ဒုံရင်းဟာ ဒုံရင်းပဲ ဆက်ဖြစ်နေဦးမှာပါပဲ။ ယဉ်ကျေးမှု တစ်ခု ကြာကြာခံဖို့ဆိုတာ အဲဒီ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်တဲ့ သက်ရှိတွေရဲ့ အချင်းချင်း ဆက်သွယ်နည်း အဆင့်အတန်းကို မှီတည်နေပါတယ်။

ရှေးဦးလူသားများရဲ့ ယဉ်ကျေးမှု
လူသားတွေအထဲမှာ ဘာသာစကားနဲ့ တွင်ကျယ်စွာဆက်သွယ်နိုင်လာတဲ့ လူသားမျိုးနွယ်ဟာ နီအန်ဒါသယ်လို့ ယူဆရတယ်။ ဘာသာစကားဟာ အမဲလိုက်အချက်ပေးသံတွေကနေ ဆင့်ကဲ ဖြစ်လာတယ်လို့ ယူဆရလို့ သစ်သီးသစ်ဖုတွေပဲ စားတဲ့ Australopithecus နဲ့ အသေသားကိုသာ အသားအဖြစ်မှီဝဲတဲ့ Homo habilis (လက်နက်လူသား) တွေမှာ ဘာသာစကား ဖြစ်ပေါ်ဟန်မတူပါ။ Homo erectus (မတ်မတ်လူသား) မှာတော့ ရှေးဦး ဘာသာစကား တစ်မျိုးပေါ်ပေါက်နေနိုင်ပါတယ်။ ဒီ ဘာသာစကား စပေါ်ပေါက်တဲ့ လူသားမှာ မီးမွှေးခြင်းအတတ်နဲ့ အမဲလိုက်လှံကို မီးတိုက်ပြီး မာကျောအောင် လုပ်တဲ့ နည်းတွေ ရှိနေပြီဆိုတာ သတိပြုစရာဖြစ်တယ်။ နီအန်ဒါသယ်တွေဟာ မတ်မတ်လူသား နောက်ဖြစ်လာတဲ့ မျိုးနွယ်တစ်ခုဖြစ်ပြီး မတော်တဆ တွေ့ရှိမှုတွေကို မပျောက်ပျက်အောင် စုဆောင်း ထိန်းသိမ်းထားနိုင်တဲ့ ပထမဆုံး လူသားမျိုးနွယ်လဲ ဖြစ်တယ်။ သူ့ဘိုးဘေးတွေလိုပဲ မီးမွှေးတတ်တယ်။ ကျောက်၊ တိရစ္ဆာန်ချိုနဲ့ သစ်သား လက်နက်တွေ သုံးတတ်တယ်။ အထူးခြားဆုံးကတော သူတို့တွေမှာ ခုခေတ် ဆင်တွေထက်ကြီးတဲ့ အမွေးရှည်ဆင်ကြီးတွေကို သတ်နိုင်တဲ့အထိ ရှုပ်ထွေးတဲ့ အမဲလိုက်နည်းတွေ ရှိတယ်။ ချင်ပန်ဇီတွေ ဘယ်လိုမှ မလုပ်နိုင်လောက် ချောမွေ့တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ ဒါတွေဟာ အသင့်အတင့် တိကျတဲ့ ဘာသာစကား ရှိမှ ဖြစ်နိုင်တဲ့ စွမ်းဆောင်ချက်တွေပါ။

စိတ်ကူးဥာဏ်ကွန့်တဲ့ လူသားများ
နီအန်ဒါသယ်တွေဟာ အမွေးရှည်ဆင်ကြီးတွေကိုတော့ အမဲလိုက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့လို စကားပြောတတ်တဲ့ ဆင်ကြီးတွေကိုတော့ ဇာတ်လမ်းတစ်ပုဒ် သဖွယ် စိတ်ကူး မယဉ်နိုင်သေးပါဘူး။ အပြင်မှာ မရှိတဲ့ အရာ တစ်ခုကို မတွေးဆနိုင်ပါဘူး။
နီအန်ဒါသယ်တွေနဲ့ တူညီတဲ့ ဘိုးဘေးမျိုးစဉ်ကနေ ဆင်းသက်တဲ့ အာဖရိကမှာ အစပြုတဲ့ မျက်မှောက်ခေတ် လူသားစစ် (Homo sapiens sapiens) တွေဟာတော့ သူတို့ ဝမ်းကွဲ နီအန်ဒါသယ်တွေနဲ့ မတူ။ စိတ်ကူးဥာဏ်ကွန့်တတ်သူများဖြစ်တယ်။ အာဖရိက တိုက်မှာ တွေ့ရတတ်တဲ့ ရှေးဟောင်း ဂူတွေမှာ ကျောက်ခေတ်က တို့ ဘိုးဘေးတွေရဲ့ နံရံပန်းချီ လက်ရာတွေကို တွေ့နိုင်ပါတယ်။ အပြင်မှာ မြင်ရတဲ့ နွားကို ကျောက်နံရံပေါ်မှာ အရုပ်ရေးခြင်းဆိုတာ စိတ်ကူးဥာဏ် မပါပဲ မဖြစ်ပါဘူး။ အခု အနုပညာလို့ခေါ်တဲ့ စိတ်ကူးယဉ်နိုင်စွမ်း ရှိမှ ဖြစ်တာပါ။ ဒီလို စိတ်ကူးယဉ်နိုင်လာတာနဲ့ အမျှ ခေတ်သစ်လူသား ယဉ်ကျေးမှုဟာ နီအန်ဒါသယ်တွေ နဲ့ တခြား တိရစ္ဆာန်တွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာမှမဆိုင်တဲ့ ယဉ်ကျေးမှုအကြီးကြီးကို ပိုင်ဆိုင်နိုင်လာတော့တယ်။
စိတ်ကူးဥာဏ်ကွန့်မြူးတတ်ပြီး မိမိစိတ်ကူးများကို အပေါင်းအဖော်များအား ဘာသာစကားနဲ့ ပြန်လည် ဖြန့်ဝေနိုင်လာတဲ့အခါ တီထွင်ကြံဆမှုများ၊ အနုပညာများ၊ အတွေးအခေါ်များဟာ လူသားအုပ်စုအတွင်း လျင်မြန်စွာ ပြန့်လျက် မိမိ ရှင်သန်ရေးအတွက် လိုအပ်သော အသိပညာများကို လွယ်လွယ်ကူကူ ဆည်းပူးနိုင်လာတော့တယ်။ ဒီလိုနဲ့ ခေတ်သစ်လူသားတွေဟာ သဲကန္တာရကို ကျွန်ပြု နှင်းတောင်များကို အာခံ အစားအစာရှားပါးတဲ့ မြက်ခင်းလွင်ပြင်များကို သစ္စာခံစေနိုင်ခဲ့တယ်။ ကမ္ဘာအရပ်ရပ်ကို လူသားများ ပြန့်ပွားလာခဲ့တော့တယ်။

လူသားယဉ်ကျေးမှု တိုးတက်လာမှု
ဒီလိုနဲ့ မျက်မှောက်ခေတ်လူသားတွေဟာ ယခု မြေသြဇာကောင်းသော လခြမ်းရပ်ဝန်း (Fertile Cresent) လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်း ဒေသတွေ၊ မြစ်ဝါမြစ်ဝှမ်း၊ အိန္ဒုမြစ်ဝှမ်းဒေသတွေ၊ ဒန်နျုမြစ်ဝှမ်းဒေသတွေမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အတတ်ကို တတ်မြောက်လာတယ်။ နောက်ပိုင်းမှာ လူ့ယဉ်ကျေးမှုနဲ့ နည်းပညာ ဟာ အဆင့်ဆင့် ထိန်းသိမ်းခဲ့လို့ ဒီစိုက်ပျိုးမွေးမြူရေးနည်းတွေဟာ အောင်မြင်လာပြီး အပိုဆောင်း အစာတွေရလာတယ်။ အစာပိုရလာလို့ လူဦးရေတိုးလာပြီး မြို့ပြလူ့အဖွဲ့အစည်းလည်း တဆက်တည်း ဖြစ်လာတယ်။ ဒီတော့ လူတိုင်း ကောက်စိုက်မွေးမြူရေး လုပ်စရာမလိုတော့ပဲ လူတစ်ချို့ဟာ လက်မှုလုပ်ငန်းတွေမှာ အာရုံစိုက်နိုင်လာတယ်။ လက်မှုလုပ်ငန်းတွေမှာပါ အောင်မြင်လာတဲ့အခါ အဝတ်ပို အသုံးအဆောင်ပိုတွေ ရှိလာပြီဆိုတော့ ကုန်သွယ်မှုပါ ပေါ်ပေါက်လာတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းဟာ သဘာဝထဲမှာ အတော်ကြီးကို တွင်ကျယ်လာနိုင်ပြီဖြစ်တဲ့အပြင် လတ်လတ်ဆတ်ဆတ်ရှိလှပြီး နုနယ်သေးတဲ့ လူ့ယဉ်ကျေးမှုကို တိုးချဲ့တည်ဆောက်နိုင်လာတယ်။ စိတ်ကူးယဉ်တတ်သူတွေဖြစ်လို့ အရင်ကလို လူလိုပြုမူ လူလို စကားဆိုတဲ့ ဆင်တွေတင်မကပဲ လူနဲ့ပုံသဏ္ဍာန်တူတဲ့ တန်ခိုးရှင် နတ်ဘုရားတွေကို စိတ်ကူးယဉ်နိုင်လာတဲ့အထိဖြစ်လာတယ်။ အဲဒီမှာ ဒီ နတ်ဘုရားတွေကို ဆည်းကပ်ဖို့ နတ်ကွန်းတွေဆောက်ကြပြီး ဘာသာရေးအဖွဲ့အစည်းဆိုတာ ဖြစ်လာတယ်။ ဒီဘာသာရေး အဖွဲ့အစည်းဟာ လူ့ယဉ်ကျေးမှုရဲ့ စုစည်းရာ ပေါင်းကူးတံတားအသွင် ဆောင်ရွက်တယ်။ လူမျိုးစု တစ်စုနဲ့ တစ်စု စစ်ဖြစ်တဲ့အခါမှာ ခွန်အားကြီးမားသူတွေကို ဘာသာရေးအသင်းက အာဏာခွဲဝေပေးရင်းနဲ့ နောက်ပိုင်းမှာ အစိုးရဟာ ဘာသာရေးအသင်းအဖွဲ့ကနေ တဖြည်းဖြည်း ခွဲထွက်လျက် ရုပ်လုံးပေါ်လာတယ်။ ဒါဆိုရင် နိုင်ငံတွေနဲ့ ဘာသာရေးတွေတောင် ဆင့်ကဲဖြစ်ပေါ်လာပြီကော။


ယဉ်ကျေးမှု ကျွန်းနဲ့ လူရိုင်းပင်လယ်ပြင်
ဒီမြို့ပြအဖွဲ့အစည်းဟာ စိုက်ပျိုးမွေးမြူရေး အောင်မြင်မှုကို အခြေခံလို့ စိုက်ပျိုးမြေမကောင်းတဲ့ ဒေသတွေမှာ ဒီလောက် ယဉ်ကျေးမှု ဖြစ်မလာနိုင်ပါဘူး။ ဒီဒေသတွေမှာတော့ လူတွေဟာ အသက်ဆက်ရှင်သန်နိုင်ရုံ အသိပညာ ယဉ်ကျေးမှုလောက်နဲ့ ပြတ်ကျန်ရစ်ခဲ့ကြပါတယ်။ ဒီတော့ မြေသြဇာကောင်းတဲ့ ဒေသ အနည်းအကျဉ်းမှာသာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနိုင်ပြီး ကျန်ဒေသတွေမှာတော့ ဆက်လက်နိမ့်ပါးဆဲဖြစ်တဲ့အတွက် ယဉ်ကျေးမှု ဆိုတဲ့ ကျွန်းလေးတွေဟာ တောအရိုင်း လူမျိုးစုတွေ နေထိုင်ရာ ပင်လယ်ပြင်ကြီးထဲမှာ ရှင်သန်လာကြရတာဖြစ်တယ်။

လူရိုင်း ကျူးကျော်မှုများ (Barbarian Invasions)
ဒီ လူရိုင်းပင်လယ်ကြီးထဲက အကျဉ်ခံရတဲ့ လူရိုင်းတွေဟာ ပြေးစရာ မြေမရှိလို့ ယဉ်ကျေးပြီးလူတွေရဲ့ မြေတွေကို ကျူးကျော်ဖျက်ဆီးကြတယ်။ ဒါကို ရှေးဦးသမိုင်းမှာ အီဂျစ်ကို ဝင်ဖျက်ဆီးတဲ့ ဟိုက်ကဆော့ (Hyksos)၊ မက်ဆိုပိုတေးမီးယားကို ကျူးကျော်တဲ့ အမော်ရိုက် (Amorite) တွေ အနေနဲ့လည်းကောင်း၊ ရောမခေတ်မှာ ရောမအင်ပါယာကို ကျူးကျော်တဲ့ ဂျာမန်နဲ့ ဟန်းလူမျိုးများ အဖြစ်လည်းကောင်း၊ အလယ်ခေတ်မှာ တရုတ်ပြည်ကို သိမ်းယူတဲ့ မွန်ဂိုစစ်ဘုရင် ဂင်ဂျစ်ခန်နဲ့ အရှေ့အလယ်ပိုင်းကို မင်းမူတဲ့ ဆယ်လဂျွတ် (Seljuq)နဲ့ ထော့ကျိုးတိမူးတို့အဖြစ် လည်းကောင်း ဒီ လူရိုင်းကျူးကျော်မှုရဲ့ သဘာဝရဲ့ အငွေ့အသက်ကို လွန်ခဲ့တဲ့ အနှစ် ၅ဝဝ လောက်ထိ ရှုရှိုက်နိုင်ပါသေးတယ်။

ယဉ်ကျေးမှုရဲ့ တန်ပြန်ခုခံမှု
လူရိုင်းတွေရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ အား (Brute Force) ကို ယဉ်ကျေးမှုတွေက တုံ့ပြန်ပုံ နှစ်မျိုးရှိတယ်။ ပထမခံစစ် အနေနဲ့ ယဉ်ကျေးမှုတွေဟာ သူ့ရဲ့ နည်းပညာကို အသုံးချပြီး အရိုင်းများကို တားဆီးဖို့ အားထုတ်တယ်။ ရောမခေတ်က စနစ်ကျတဲ့ လီဂျင်တပ်တွေ၊ ရောမလမ်းတွေနဲ့ ဝန်ဆောင်မှု ပြည့်မီတဲ့ ရောမ ဆိပ်ကမ်းတွေဟာ ရောမကို လူရိုင်းတိုက်ခိုက်မှုမှာ မကျဆုံးအောင် အနှစ် ၃ဝဝ လောက် သက်ဆိုးရှည်ခွင့်ပေးထားတယ်။ နောက်ဆုံး ရောမ အင်ပါယာဟာ စစ်ရေးအရ ကျဆုံးသွားတယ်။ ရောမယဉ်ကျေးမှုရော အရိုင်းများလက်မှာ ပျောက်ဆုံးပျက်ဆီးပြီလား။ မပျက်ဆီးပါ။ သူ့မှာ ဒုတိယခံစစ်လိုင်း ရှိပါသေးတယ်။ ဒီခံစစ်ကတော့ ယဉ်ကျေးမှုရှိပြီး လူသားတိုင်းကို ပြဌာန်းပေးထားတဲ့ မိမိ ယဉ်ကျေးမှုကို ထိန်းသိမ်းရေးဆိုတဲ့ အင်မတန် အင်အားကောင်းတဲ့ ခံစစ်ဖြစ်တယ်။ လူရိုင်းတွေဟာ ရောမစစ်တပ်ကို နိုင်ပေမယ့် သူ့ရဲ့ ယဉ်ကျေးမှုက လွှမ်းမိုးပစ်တာကိုတော့ ကောင်းကောင်းခံလိုက်ရပါပြီ။ ရောမတွေကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာကို ဂျာမနီနဲ့ စပိန်ကနေ အိုင်ယာလန်က ဘာဘေးရီးယန်း (လူရိုင်း)တွေ ထိ ကိုးကွယ်လာတယ်။ နတ်ကိုးကွယ်တဲ့ မွန်ဂိုတွေဟာ တရုတ်ယဉ်ကျေးမှု အလွှမ်းမိုးခံလာရပြီး မဟာယန ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတယ်။ တစ်ဆက်တည်းမှာ တရုတ်တစ်ယောက်လို ပြုမူနေထိုင်လာတယ်။ ဒီ ဒုတိယခံစစ်မှာတော့ ယဉ်ကျေးမှုဖက်က ကျရှုံးတာ အင်မတန် ရှားပါတယ်။

ယဉ်ကျေးမှုတွေ ကူးလူးခြင်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း
ဒီလိုနဲ့ အဆက်မပြတ်သော ဥာဏ်ကွန့်မြူးမှုနဲ့ ရှုပ်ထွေးလှတဲ့ လူ့ယဉ်ကျေးမှုတွေဟာ လူရိုင်းပင်လယ်ရဲ့ တိုက်စားမှုကို ကြံ့ကြံ့ခံလာပြီး ကမ္ဘာတစ်ခုလုံးကို ယဉ်ကျေးမှု အသင့်အတင့် လွှမ်းမိုးလာနိုင်ခဲ့တယ်။ ယဉ်ကျေးမှုရဲ့ မဏ္ဍိုင်ကြီးများအဖြစ် အဖွဲ့အစည်းကြီး သုံးမျိုးလောက် ဖြစ်လာတယ်။ ဒါတွေကတော့ ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ ပညာရပ်လေ့လာမှုဆိုင်ရာ နဲ့ သိပ္ပံအဖွဲ့အစည်းတွေဖြစ်တယ်။ နည်းပညာတွေ တိုးတက်လာလို့ ကမ္ဘာကြီးမှာ ဆက်သွယ်ရေးနည်းလမ်းတွေ အားကောင်းလျက် ကမ္ဘာရွာလေးဖြစ်လာတော့တယ်။ တစ်ချိန်က ယဉ်ကျေးမှုဆိုတာ ဖူးဖူးမှုတ် ထိန်းသိမ်းခဲ့ရပေမယ့် အခုဆိုရင် ယဉ်ကျေးမှုကို ထိန်းသိမ်းပေးမယ့် အင်အားတွေ ပေါများစွာရှိနေပါပြီ။ စာတစ်အုပ်ထွက်လာလို့ ဒီစာအုပ်ကို မီးရှို့မဖျက်ဆီးနိုင်မီ တစ်ခြားဘာသာစကားနဲ့ ဘာသာပြန်စာအုပ်တွေ များစွာ ထွက်လာနေပါပြီ။ ယဉ်ကျေးမှုကို ပျက်သုဉ်းစေရန် ကမ္ဘာ့စစ်ပွဲ သို့မဟုတ် ပြင်းထန်လှတဲ့ ကမ္ဘာကပ်တစ်ခုခုကြောင့်သာ ဖြစ်လာနိုင်တော့တယ်။ လူသားတွေဟာ လည်း လူမျိုးစုအသီးသီးက ယဉ်ကျေးမှုတွေကို ဆန္ဒရှိစွာ ဝေမျှလျက် အမျိုးစုံလှတဲ့ ယဉ်ကျေးမှု ဘူဖေးကို သုံးဆောင်နေနိုင်ပါပြီ။

ခေတ်အောက်သော အတွေးအခေါ်များ
ဒါပေမယ့် ကျနော်တို့တွေမှာ ရှေးကျပြီး ခေတ်မမှီတော့တဲ့ မိမိရဲ့ ယဉ်ကျေးမှုဆိုတဲ့ ပညတ်တစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ အတွေးအခေါ် အဆိပ်တစ်ခုရှိနေပါတယ်။ ခုခေတ်ဟာ ရောမခေတ်ကလို လူရိုင်းတွေ ဝိုင်းနေတဲ့ ယဉ်ကျေးမှုကို သံမဏိဓားနဲ့ ဖြစ်စေ မနိုင်လျှင် သံမဏိ နှလုံးသားနဲ့ ဖြစ်စေ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ လိုတာထက်ပိုနေပါပြီ။ ဒီတော့ ကိုယ့် ချဉ်ပေါင်ကြော်လေး တစ်ပွဲကို ငါ့ဟာလေး ငါ့ဟာလေးနဲ့ အချဉ် တစ်မျိုးတည်း ဇွတ်ကြိတ်မှိတ် စားစရာ မလိုတော့ပါဘူး။ ဘူဖေးမှာ ငါးကြော်ရှိတယ်။ ဟင်းချိုလည်း ရှိတယ်။ ပေါင်မုန့်လဲရှိတယ်။ မှိုတက်နေတဲ့ ဒိန်ခဲရှိသလို လောက်တက်နေတဲ့ ငပိလည်း ရှိမှာပါ။ အလိုရှိ သုံးဆောင်ပါ။ မိမိ နေသာထိုင်သာ ရှိအောင်သာ နေပါ။ အမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံစွဲ ကင်းလွတ်လျက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသောဝ်။

(ကျော်စွာလင်း)

No comments:

Post a Comment