Search This Blog

Sunday, July 8, 2012

ဆင့်ကဲဖြစ်စဉ်နှင့် ဗီဇပညာရပ် သမိုင်းကြောင်း

 (၁) သက်ရှိတို့၏ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်သော သဘာဝဖြစ်စဉ်ကို တွေ့ရှိခြင်း


          ရှေးယခင် ၁၇-၁၈ရာစုများက လူတို့သည် သက်ရှိများကို မျိုးတူရာစုလိုက်လျှင် ထပ်မံခွဲခြား၍မရသော မျိုးစိတ်မည်သော အုပ်စုများ ဖွဲ့၍ရသည်ကို တွေ့ရပြီး ဖြစ်သည်။ ထိုမျိုးစိတ်များမှာ နဂိုတည်းက ဤအတိုင်းရှိနေသည် ထပ်၍မပြောင်းလည်းနိုင်သကဲ့သို့ မျိုးစိတ်သစ်များလည်း မဖြစ်ပေါ်နိုင်ဟု လက်ခံထားခဲ့ကြသည်။ သို့ရာတွင် အင်္ဂလိပ် သဘာဝသိပ္ပံပညာရှင် ချားစ်ဒါဝင် (Charles Darwin) သည် ၎င်းအဆိုကို အပြင်းအထန် စိန်ခေါ်လာနိုင်သော အယူအဆအသစ်တစ်ခုကို ထုတ်ဖော်ခဲ့သည်။ ဤအယူအဆသစ်အရ မျိုးစိတ်များသည် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်သော သဘာဝ ဖြစ်စဉ်တစ်ခုရှိသည်ဟု ဆိုထားပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီ (Evolution) ဟု ကျွန်ုပ်တို့ သိရှိထားကြသည့် အယူအဆပင်ဖြစ်သည်။

          ၁၉ရာစု အင်္ဂလိပ် သဘာဝသိပ္ပံပညာရှင် ချားစ်ဒါဝင်သည် ငါးနှစ်မျှကြာသော အင်္ဂလိပ်အစိုးရပိုင် ကမ်းရိုးတန်း မြေပုံဆွဲ သင်္ဘော ခရီးတစ်လျှောက် ကမ္ဘာတစ်ပတ် လေ့လာစုဆောင်းလာသော နမူနာများမှ တွေ့ရှိချက် အထောက်အထားများကို ပြန်လည် သုံးသပ်ရာမှ သိရှိလာခြင်း ဖြစ်သည်။ သူ၏ နမူနာ အများအပြားမှာ တောင်အမေရိက ကမ်းလွန် ပင်လယ်ပြင်ရှိ ဂါလာပါးဂို့စ် ကျွန်းစုလေးများ (Galapagos Archipelago) မှာ ဖြစ်သည်။ ထိုကျွန်းစုလေးသည် ပစိဖိတ် သမုဒ္ဒရာအလယ်တွင် ထီးထီးရှိနေသော လူမနေသည့် ဒေသဖြစ်သည်။ ဒါဝင်သည် ထိုကျွန်းမှ နမူနာအဖြစ် ပစ်ချလာသော ငှက်ပုတီးများကို ငှက်သုတေသီ တစ်ဦးအား ပြကြည့်ရာ ငှက်ပုတီးနှင့် ဆင်သော်လည်း ငှက်ပုတီး မဟုတ်ပဲ ငှက်မျိုးစိတ် အသစ် ၁၄မျိုးဖြစ်ကြောင်းတွေ့ရသည်။



          ဒါဝင်သည် ငှက်၁၄မျိုး၏ အဓိက ကွဲပြားချက်မှာ နှုတ်သီးပုံသဏ္ဍာန် ဖြစ်သည်ကို သတိပြုမိသည်။ ထိပ်ကောက်သော နှုတ်သီး၊ သွယ်ချွန်သော နှုတ်သီး၊ ထုရှိပြီး ကြီးမားသော နှုတ်သီး စသည်ဖြင့် အမျိုးစုံလှသည်။ နောက်တစ်ချက် ထူးခြားသည် မှာ အမျိုးမျိုး ကွဲပြားနေသော နှုတ်သီး အမျိုးမျိုး ရှိသည့်ငှက်များသည် ၎င်းတို့နေထိုင်ရာ ကျွန်တစ်ကျွန်းစီ၏ ထောက်ပံ့နိုင်သော အစာကို စားရန် အံကိုက် လိုက်လျောညီထွေ ဖြစ်နေခြင်းပင်ဖြစ်သည်။
ဒါဝင်၏ ဂါလာပါးဂို့စ် ငှက်ပုတီးများနှင့် ၎င်းတို့၏ နှုတ်သီးအမျိုးမျိုးနှင့် ၎င်းတို့စားသော အစာများ



          မွေးမြူရေးခြံများတွင် လူတို့သည် မိမိတို့လိုချင်သော နွား၊ မြင်း တို့ရအောင် မျိုးစပ်ရွေးချယ်မှုကို တွေးကြည့်ပါ။ အသားတိုးမည့်၊ နို့အထွက်များမည့်နွားများကို လည်းကောင်း၊ အပြေးသန်မည့်၊ အိနြေ္ဒရှိမည့် မြင်းတို့ကို လူတို့ ရွေးချယ် မွေးမြူကြသည်။ သဘာဝအလျောက် ဆိုလျှင် မည်သို့သော သတ္တဝါမျိုးက အရွေးခံရမည်ကို တွေးကြည့်ပါ။ သဘာဝထဲတွင် မျိုးအောင်မြင်၍ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိမည့် တိရစ္ဆာန်များသည် အရွေးခံရ (သို့မဟုတ်) ဆက်လက်ရှင်သန်ခွင့် ရမည်ဖြစ်သည်။ လူတို့က မွေးမြူရေးတိရစ္ဆာန်များကို ရွေးချယ်မွေးမြူခြင်းကို လူလုပ်ရွေးချယ်ခြင်းဟု ဆိုနိုင်ပြီး သဘာဝအလျောက် ပတ်ဝန်းကျင်နှင့် ဆီလျော်သူက ရှင်ကျန်ရစ်ပြီး ရှော်သူတို့က ပျောက်ကွယ်သွားသည်ကို ဒါဝင်က သဘာဝ၏ ရွေးချယ်မှု (Natural Selection) ဟု တင်စားခဲ့သည်။

          ဂါလာပါးဂို့စ် ငှက်များ ၎င်းတို့နေထိုင်ရာ ကျွန်း၏ ရေမြေနှင့် လိုက်လျောညီထွေ ဖြစ်နေခြင်းမှာ မတော်တဆဖြစ်နေခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က စီရင်ထားခြင်း မဟုတ်။ အချိန်နှင့် ငှက်မျိုးဆက်များ ကြာလာပြီးသည့် အလျောက် ပတ်ဝန်းကျင်နှင့် မဆီလျော်သော ငှက်တို့ မျိုးပြုန်းပြီး ဆီလျော်သော ငှက်များသာ စကာတင်ကျန်ရစ်သောကြောင့်သာ လိုက်လျောညီထွေဖြစ်သော ငှက်တွေကိုချည်း တွေ့မြင်ရပြီး လိုက်လျောညီထွေ မဖြစ်သောငှက်များကို မတွေ့ရခြင်းသာ ဖြစ်ပေသည်။

          ကျွန်းတစ်ခုတွင် အစေ့ကြီးများကို စားနိုင်သည့် နှုတ်သီးထုကြီးသည့် ငှက်ပုတီးနှင့် သစ်စေ့ငယ်များသား စားနိုင်သည့် သွယ်ချွန်သော နှုတ်သီးရှိသည့် ငှက်ပုတီးများရှိသည် ဆိုပါစို့။ နှစ်တစ်နှစ်တွင် ယာယီမိုးခေါင်သွားပါက အာဟာရမပြည့်ဝသော သစ်စေ့ငယ်များမှာ မြန်မြန် ပျက်စီးကုန်၏။ ထို့ကြောင့် သစ်စေ့ကြီးများသာ ကျန်တော့၏။ အစေ့ငယ်များကို စားလေ့ရှိသော ငှက်ပုတီးသည် ကျန်ရစ်သော အစေ့ကြီးများကို မစားနိုင်၍ အစာရှာမရဖြစ်နေသော်လည်း အစေ့ကြီးကိုလည်းကောင်း အစေ့ငယ်ကိုလည်းကောင်း ကြိတ်ဝါးနိုင်သည့် ငှက်ပုတီးများမှာ ဆက်လက်ရှင်သန်ပေါက်ပွားမြဲ ဖြစ်သည်။ လုံလောက်သောမိုးခေါင်မှု ဖြစ်လျှင် အစေ့ငယ်စားသော ငှက်ပုတီးမျိုးမှာ ထိုကျွန်းမှ လုံးဝ ပျောက်ကွယ်သွားပေမည်။ ထိုကျွန်းတွင် ငှက်များ၏ ပျမ်းမျှ နှုတ်သီးထုမှာလည်း မျိုးဆက်များကြာလေလေ ပိုမို ကြီးမားလာပြီး သစ်စေ့ကြီးများကို ကိုက်ခွဲနိုင်အောင် ကောင်းစွာ လေ့ကျင့်ပြီး ဖြစ်လာမည် ဖြစ်သည်။

          အကယ်၍ ထိုကျွန်းရှိသစ်စေ့၏ ပျမ်းမျှအရွယ်အစားသည် ပိုမိုကြီးထွားလာခဲ့သည် ရှိသော် နှုတ်သီးထုရှိပြီးသား ငှက်ပုတီးတို့မှ အချို့သည် မျိုးဆက်များ ကူးလာသည်နှင့်အမျှ နှုတ်သီးထု နှိုင်းရသဘောအရပိုမိုကြီးသော ငှက်မျိုးများ ပိုမိုအောင်မြင်လာပြီး အခြား မျိုးစိတ်တူ ငှက်များနှင့် အလွန်ခြားနားလာမည်။ နောက်ပိုင်း ခြားနားမှု လွန်ကဲလာသောအခါ မူလ ငှက်ပုတီးမျိုးနှင် မိတ်လိုက်မျိုးမပွားနိုင်အောင် ဖြစ်လာနိုင်သည်။ ထိုအခါ ၎င်းတို့၏ ဗီဇချင်း ပြန်လည် မရောထွေးတော့၍ သီးသန့်ဖြစ်သွားသော ငှက်မျိုးများကို မျိုးစိတ် အသစ် အဖြစ်သတ်မှတ်နိုင်ပေသည်။ ယခုဆိုလျှင် မျိုးစိတ်များသည် အသစ်မဖြစ်နိုင်၊ ရှိပြီးသား မျိုးစိတ်များမှာလည်း ထာဝရ မပြောင်းလဲ တည်ရှိသည်ဟူသော အဆိုသည် မှန်သေး၏လော။ မျိုးစိတ်များသည် သဘာဝ၏ ရွေးချယ်မှု အရ အသစ်ဖြစ်ပေါ်နိုင်ပါသတဲ့။ ဟုတ်ပါသည်။ ထိုအဆိုသည် မမှန်တော့ပါ။ မျိုးစိတ်တို့သည် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိနေပါသည်။ သို့ရာတွင် ထိုသို့ ပြောင်းလဲနေဖို့ကား သဘာဝအလျောက် ဗီဇသတင်းအချက်အလက် အသစ်များ တစ်နည်းနည်းနှင့်ရနေဖို့လိုသည်။ ချားစ်ဒါဝင်သည် မည်သည့်နည်းဖြင့် ဗီဇအသစ်များရရှိသည်ကိုမူ မသိရှိခဲ့ပါ။

လိုက်ခင်(ရေညှိ)များ၏ အဖြူရောင်ကို အသုံးချလျက် ငှက်ရန်မှ အကာအကွယ်ယူသော အင်္ဂလန်မှ ဖလံဖြူများသည် ၁၉ရာစုတွင် စက်မှုထွန်းကားမှုကြောင့် သစ်ပင်များတွင် ကျပ်ခိုးများ ကပ်ငြိလာ၍ အကာအကွယ်မဲ့ လာကြသည်။ ထိုအချိန်တွင် ဗီဇဖောက်ပြန်နေသော ဖလံမဲများကမူ ကျပ်ခိုးကပ်နေသည့် ပင်စည် အနက်ရောင် အောက်တွင် အောင်မြင်စွာ ပေါက်ပွားနိုင်ကြသည်။ ယနေ့ခေတ် စက်မှု ထွန်းကားသော နေရာများတွင် ဖလံဖြူများ မရှိသလောက် နည်းသွားသည်ကို တွေ့ရသည်။ သဘာဝအလျှောက် ဖလံမဲများက ရှင်သန်ခွင့်ရခဲ့ ပုံကို ဤသာဓကတွင် တွေ့ရနိုင်သည်။

နားရွက်များဆင့်ကဲဖြစ်ပေါ်မှုနှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ ဖြစ်ပေါ်လာပုံ။ ပုံတွင် နားရွက်သဏ္ဍာန်မတူသော မြေခွေး သုံးမျိုးကို ဖော်ပြထားသည်။ မြေခွေးများအနက် နာရွက်များသည် အပူဓာတ်ကို လေထဲစွန့်ထုတ်ရန် ကူညီသည်။ ရှည်ကြာလှသော မြေခွေးမျိုးဆက်များအတွင်း နားရွက်များသည် ပတ်ဝန်းကျင်နေရာဒေသအရ ပြောင်းလဲလာခဲ့သည်။ ဝဲဘက်အစွန်မှ အာတိတ်မြေခွေးသည် အေးခဲသောရာသီဥတု အလျောက် အပူမစွန့်သည့် အပူထိန်းသည့် နားရွက်များရှိသည်။ အလယ်ပုံမှ သမပိုင်း မြေခွေးနီက ပုံမှန် နားရွက်များရှိသည်။ ယာဖက် အစွန်ဆုံးမှ ကန္တာရမြေခွေးသည် ပူသောရာသီဥတုနှင့်ကိုက်ညီသည့် ခန္ဓာကိုယ်မှ အပူများကို လေထဲ မြန်မြန်စွန့်ထုတ်ပေးနိုင်သော နားရွက်ကားကားများရှိသည် စသည်ဖြင့် မြင်နိုင်ပါသည်။


(၂) မျိုးရိုးဆက်ခံပုံ ပဟေဠိကို အဖြေညြှိခင်း

           လွန်လေပြီးသောအခါများက သွေးသည် ဗီဇကို သယ်ဆောင်သည် ဟူသော အယူအဆရှိခဲ့သည်။ သွေးနှောသည် ဟူသော အသုံးအနှုန်းသည် ဤအယူအဆကိုများစွာ ထင်ဟပ်စေသည်။ သွေးသည် အရည်ဖြစ်သဖြင့် ထိုသွေးထဲတွင်ပါဝင်သော ဗီဇတို့သည်လည်း သွေးနှောသကဲ့သို ဗီဇများသည်လည်း ရောနှောသွားသည်ဟူသော သဘောပင်ဖြစ်သည်။ အရပ်ပုသူနှင့် အရပ်ရှည်သူတို့၏ သွေးများ ရောနှောပါက အရပ်မပုမရှည်များ ဖြစ်လာလိမ့်မည်ဟု ယူဆခဲ့ဖူးသည်။ စင်စစ်လက်တွေ့တွင် ထိုကဲ့သို မဖြစ်နိုင်ပေ။ ဗီဇနှစ်ခုသည် သွေးအရည်ရောနှော သကဲ့သို့ ရောနိုင်သည်ဟူသော ဗီဇနှောခြင်းအယူအဆ (Gene Blending) သည် မှားယွင်းနေပေသည်။

          ဗီဇများကို မပြောင်းလဲတတ်သော ယူနစ်လေးများအဖြစ် ပထမဆုံး စမ်းသပ်ဆောင်ရွက်ခဲ့သူမှာ သြစတြီးယန်း ဘုန်းတော်ကြီး ဂရီဂေါလ် မန်ဒဲလ် (Gregor Mendel) ဖြစ်သည်။ သူသည် ပဲပင်များကို မျိုးစပ်စမ်းသပ် စိုက်ပျိုးကာ အပင်သစ်များ၏ လက္ခဏာများကိုကြည့်၍ ဗီဇများသည် မနှောပဲ ယူနစ်ငယ်များ ဖြစ်သည်ကို စတင် သတိပြုမိခဲ့သည်။ ခေတ်မီ မိုက်ခရိုစကုပ်နှင့် အကူကိရိယာများ မပါပဲ စာရင်းအင်း သက်သက်နှင့်သာ တွက်ချက်ခဲ့ရာ ဗီဇ မျိုးရိုးဆက်ခံပုံ ဥပဒေသ နှစ်ခုကို တွေ့ရှိခဲ့သည်။

          ပထမ ဥပဒေသကို ဗီဇကွဲထွက်ခြင်း ဥပဒေသ (Law of Segregation) ဟုခေါ်ပြီး သက်ရှိတို့၏ ဗီဇများသည် မျိုးပွားချိန်တွင် နဂိုက အစုံလိုက်ရှိသော ပြိုင်ဖက် ဗီဇယူနစ်များ အဖြစ်မှ ကွဲထွက်ပြီး မျိုးပွား ဂမိ (Gamete- မျိုးဥများ) အဖြစ်ဆောင်ယူကြသည်ဟု ဆို၏။ ဒုတိယ ဥပဒေသကို သီးခြားတွဲဆက် ဥပဒေသ (Law of Independent Assortment) ဟုခေါ်ပြီး ဗီဇများသည် မျိုးပွားချိန်တွင် ကွဲထွက်ပြီးနောက် လွတ်လပ်စွာ ပြန်လည် စီစဉ် ချိတ်ဆက်လျက် ဂမိများအသွင် ဆောင်ယူကြသည်ဟု ဆို၏။

          ထိုဥပဒေသနှစ်ရပ်ကို ဖော်ထုတ်ပြီးနောက် ၁၈၆၆ခုနှစ်တွင် သူ၏ သုတေသနစာတမ်းကို ထုတ်ဝေခဲ့သည်။ မိတ္တူ၁၂ဝကျော်ဖြင့် ဥရောပနှင့် အမေရိက သိပ္ပံအသိုင်းအဝိုင်းကို ဖြန့်ဝေခဲ့သော်လည်း စိတ်ဝင်စားမခံရပဲ ရှိနေခဲ့သည်။ ထိုစဉ်အတွင်း မန်ဒဲလ်သည် ပဲကြီးပင်ကို အပင်ပြောင်းလေ့လာကြည့်၏။ သို့သော် ပဲသီးပင်ကဲ့သို့ မဟုတ်ပဲ မမျှော်လင့်ထားသော စိတ်ပျက်ဖွယ်ရာ ရလဒ်များနှင့် ရင်ဆိုင်ရသည်။ သူသည် စင်စစ် ယနေ့ခေတ် ဗီဇထွန်းခြင်း (Genetic Mutation) ဟု သိထားသည့် ဖြစ်စဉ်ကို ရှုစားမိနေခြင်းဖြစ်သည်။ သဘာဝအလျောက် ဗီဇဆက်ခံမှု အလွဲအမှားများကြောင့် ဗီဇအသစ်များ ဖြစ်ထွန်းကုန်ပြီး သူ၏ဥပဒေသများနှင့် ရလဒ်များသည် ချိန်ကိုက်၍မရ ဖြစ်နေခဲ့ပေသည်။ ၁၈၆၈ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တင်မြှောက်ခံရသဖြင့် သုတေသနအလုပ်ကို ရပ်ဆိုင်းခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူသည် ခေတ်သစ်ဗီဇပညာရပ်ကို အုတ်မြစ်ချပေးသော ဖခင်ကြီး ဖြစ်ကြောင်း မျိုးရိုးဆက်ခံပုံနည်းများကို သိပ္ပံနည်းကျ စတင်လေ့လာသူဖြစ်ကြောင်း ငြင်းဆိုရန်မရှိပေ။


(၃) ခေတ်သစ်ဇီဝဗေဒ - ဒါဝင်အလွန် ဆင့်ကဲဖြစ်စဉ်နှင့် ဗီဇပညာရပ် တို့ ပေါင်းစည်းခြင်း

          ဒါဝင်သည် သူ၏ သဘာဝ၏ ရွေးချယ်မှု သီအိုရီကို ရှင်းပြရန် ဗီဇနှော မျိုးရိုးဆက်ခံခြင်း ပုံစံဖြင့် မတတ်နိုင်ပေ။ ဤပုံစံအရ ဗီဇများသည် ကြာလေကြာလေ ရောနှောလျက် ၎င်းတို့၏အရည်အသွေးမားလည်း တူညီသွားနိုင်၍ ဖြစ်သည်။ ရေဆေးအရောင်များကို ဆတူရောစပ်ရင်း တဖြည်းဖြည်း အရောင် အားလုံး အနက်ရောင် ဖြစ်သွားသကဲ့သို့တည်း။ ဗီဇတို့၏အရည်အသွေးများ တူသွားလျှင် သတ္တဝါတို့၏ ပြင်ပ ရုပ်သွင်မှာလည်း ဆင်တူကုန်မည်။ လူဆိုလည်း အရပ်အမောင်း အတူတူသာ မွေးလာကုန်မည်။ အခြေအနေတစ်ရပ်တွင် ပိုလျော်ညီသဖြင့် သဘာဝကရွေးချယ်ရအောင်လည်း အားလုံးအတူတူဖြစ်နေသဖြင့် ပိုလျော်ညီသော ဗီဇဟုလည်း ရှိမည်မဟုတ်။ သဘာဝ၏ ရွေးချယ်မှု ယန္တရားသည်လည်း ရပ်တန့်နေမည် ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်လည်း ဖြစ်တော့မည် မဟုတ်။ သို့သော် ဗီဇပညာပိုင်းဆိုင်ရာ ပြဿနာမှလွဲလျှင် ဆင့်ကဲဖြစ်စဉ် သီအိုရီအတွက် အထောက်အပံ့ပြုစရာ များစွာရှိနေသည်။ ဒါဝင်နှင့် ခေတ်ပြိုင် မန်ဒဲလ် က ၁၈၆၆တွင် သုတေသနစာတမ်း ထုတ်ဝေခဲ့စဉ်က ဒါဝင် သတိမထားမိခဲ့ပေ။ မန်ဒဲလ်၏ ဗီဇပညာရပ် စာတမ်းသည် ဗီဇနှော မျိုးရိုးဆက်ခံခြင်း ပုံစံကို ပယ်ရှားကာ ယူနစ်ပုံစံကို အခြေခံသော မျိုးရိုးဆက်ခံမှုကို လက်တွေ့ပြထားသော စာတမ်းဖြစ်ပြီး ဒါဝင်၏ အခက်အခဲကို ဖြေရှင်းပေးနိုင်သည်။ ဒါဝင်ပြဆိုသည့် သဘာဝအလျောက် ဗီဇသတင်းအချက်အလက် အသစ်များ ရရှိနိုင်သည့် နည်းလမ်းများကိုလည်း မန်ဒဲလ်က တွေ့ရှိပြီး ဖြစ်သည်။ ဒါဝင်လိုအပ်သည့် လက်တွေ့ကို မန်ဒဲလ်က တွေ့ရှိထားပြီး မန်ဒဲလ်လိုအပ်သည့် သဘောတရားပိုင်းကို ဒါဝင်က ထုတ်ဖော်ပြီးဖြစ်နေသည်။ သို့သော် ကံမကောင်းစွာပင် သူတို့ နှစ်ယောက်စလုံးသည် တစ်ယောက်အယူအဆ တစ်ယောက် မသိပဲ ကွယ်လွန်ခဲ့ကြသည်။

          ၁၈၈ဝပြည့်နှစ်များတွင် အန်မစတာဒမ် တက္ကသိုလ်မှ ရုက္ခဗေဒပညာရှင် ဟူဂို ဒီရိုင်းစ် (Hugo de Vries) သည် မျိုးစိတ်များကွဲပြားမှု နှင့်ဆီလျော်အောင် ပြုပြင်ပြောင်းလဲခြင်းဖြင့် မည်သို့ မည်ပုံ ဖြစ်လာသည်ကို လေ့လာနေသူတစ်ဦး ဖြစ်သည်။ သူက ဒါဝင်၏ ဆီလျော်အောင်ပြုပြင်နေထိုင်ခြင်း ဖြင့် ယနေ့သက်ရှိများ ဆင့်ကဲဖြစ်ပေါ်လာသည် ဟူသော ဥပဒေသသည် ဇီဝလောကကြီးတွင် အဓိက ကျသော ဥပဒေသ ဖြစ်သည်ကို လက်ခံ၏။ သို့သော် သဘာဝထဲတွင် ရွေးချယ်စရာ တစ်ခုချင်း ကွဲပြားမှု အနည်းငယ်မျှသာ ရှိခဲ့လျှင် မျိုးစိတ် တစ်ခုနှင့် တစ်ခုကြား ကွာဟချက်များ အဘယ်ကြောင့် အလွန်ကျယ်ပြောသနည်း။

ဗီဇနှောခြင်းအယူအဆ (ဝဲဖက်) နှင့် မန်ဒဲလ်၏ ဗီဇဆက်ခံပုံအယူအဆ တို့ နှိုင်းယှဉ်ပြပုံ

          ဒီရိုင်းစ်သည် မွေးမြူရေးသမားများအနေဖြင့် တစ်ခုချင်းစီ၏ ကွဲပြားချက် အနည်းငယ် ရှိနေမှသာ ကန့်သတ်သော အပြောင်းအလဲများ ရအောင် မျိုးစပ်နိုင်ပြီး ကွဲပြားချက်မရှိလျှင် အပြောင်းအလဲဖြစ်အောင် မျိုးမစပ်နိုင်မှန်းသိရှိသည်။ ကျူလစ်ပန်းစိုက်သူများအနေနှင့် ပန်းအနီပွင့်သော အပင်များကို ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ပိုနီသော ပန်းများကို ရရှိနိုင်သည်။ သို့သော်လုံးဝ ကွဲပြားခြားနားသော အနီမျိုး (ကြက်သွေးရောင်စသည်) ကို ရရှိရန်မူ သဘာဝအလျောက် အသစ်ဖြစ်လာသည်ကိုပင် စောင့်မျှော်ရပေမည်။ ဤသဘာဝအလျောက် ကွဲပြားမှုအသစ်များ အလိုလို ဖြစ်ထွန်းခြင်းကို ဗီဇထွန်းခြင်း ဟု ဒီရိုင်းစ်က သိရှိလာပြီး အီနိုသီရာ လမ်မကီယားနား (Oenothera lamarkiana) ခေါ်သော ပရိုင်းမို့စ် (Primose) ပန်းအဝါများကို မျိုးစပ်ခြင်းဖြင့် မျိုးစိတ်အသစ်တစ်ခု ထွက်ပေါ်လာကြောင်း ၁၈၈၇တွင် စမ်းသပ်ချက်များအရ တွေ့ရှိခဲ့သည်။ ဤမျိုးစိတ်သစ်ကို (Oenothera laevifolia) ဟုအမည်ပေးခဲ့သည်။ ဒီရိုင်းစ်သည် ဗီဇထွန်းခြင်း နှင့် မျိုးစိတ်အသစ် ဖြစ်ပေါ်ခြင်းတို့ကို မြင်ရသည့် အပြင် နောက်တွေ့ရသည်မှာ ဖြစ်ပေါ်လာသော မျိုးစိတ်သစ်သည် မျိုးစိတ်ဟောင်း နှင့် ပွင့်ချပ်နေရာတွင်သာ ကွာခြားနေခြင်း ဖြစ်သည်။ အကယ်၍ သက်ရှိတို့သည် မျိုးစိတ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် ပြောင်းလဲမှုအနည်းငယ်သာ ရှိလျှင် ပြင်ပရုပ်သွင်များသည် အရောနှော မခံရသော ဗီဇယူနစ်များကြောင့်သာ ဖြစ်ရမည်ကို သိလာပြီး ၁၉ဝဝပြည့်နှစ်တွင် ဒီရိုင်းစ်သည် ပျောက်ဆုံးနေသော မန်ဒဲလ်၏ စာတမ်းကို ပြန်လည်တွေ့ရှိခဲ့သည်။ သူကိုယ်တိုင်မှာလည်း မန်ဒဲလ် မဖြေရှင်ခဲ့နိုင်သော ဗီဇထွန်းခြင်းဖြစ်စဉ်ကို ဖော်ထုတ်ပြီးဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ဤဖြစ်စဉ်သည် စင်စစ် ဒါဝင်၏သီအိုရီ အတွက် လိုအပ်နေသည့် အလိုလို ဖြစ်ထွန်းလာရမည့် ဗီဇအသစ်များ၏ သဘာဝ အရင်းအမြစ် ဖြစ်သည်။ ဗီဇထွန်းခြင်းသည် ဒါဝင်ဝါဒနှင့် မန်ဒဲလ်အယူအဆတို့ကို ပေါင်းကူးပေးရာ ဖြစ်စဉ်ဖြစ်လေရာ၊ ဒါဝင်၏ အယူအဆများကို လေ့လာပြီးသား သူတစ်ယောက်သည် မန်ဒဲလ်၏အယူအဆများနှင့် မန်ဒဲလ်မတွေ့ရှိခဲ့သည့် ဗီဇထွန်းခြင်းကိုပါ တွေ့ရှိလာသောအခါ ၎င်းအပိုင်းအစအားလုံးကို ဆက်စပ်တွေးခေါ်ရန် မခက်တော့ပေ။

          ၂ဝရာစုနှောင်းပိုင်းတွင်မူ ဒါဝင်၏ဆင့်ကဲဖြစ်စဉ် အယူအဆနှင် မန်ဒဲလ်၏ ဗီဇဆက်ခံမှု ဥပဒေသများမှာ စုပေါင်းလျက် ခေတ်သစ်ဇီဝဗေဒ၏ အုတ်မြစ်ကို တည်ဆောက်ကြသည်။ ယနေ့ခေတ် ဇီဝဗေဒပညာသည် ဒါဝင်နှင့် မန်ဒဲလ်တို့ခေတ်က ကဲ့သို့ စမ်းတဝါးဝါး မဟုတ်တော့။ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပေပြီ။ ဒါဝင်၏ သီအိုရီ ကိုယ်တိုင်ပင် အပြောင်းလဲကြီး ပြောင်းလဲတိုးတက်ကာ ဒါဝင်အလွန် ဇီဝဗေဒ (Neo-Darwinism) အဖြစ်ရောက်ရှိနေပြီဖြစ်သည်။ ယနေ့အခါတွင် ဇီဝဗေဒ ပညာရပ်ခွဲအားလုံးကို ပေါင်းစုပေးနိုင်သညမှာ ဤ ဒါဝင်နှင့် မန်ဒဲလ်အယူအဆ နှစ်ရပ် ပူးပေါင်းထုတ်ဖော်ထားသော ပင်မ မဏ္ဍိုင်ကြီး ဖြစ်သည်။ သက်ရှိသဘာဝသမိုင်းအတွက် လိုအပ်လှသော ကျောက်ဖြစ်ရုပ်ကြွင်းပညာ နှင့် သက်ရှိတို့၏ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းတို့ကို သိရှိနားလည်ရန် ဒါဝင်အလွန် ဇီဝဗေဒမှ များစွာ စွမ်းဆောင်ပေးလိမ့်မည် ဖြစ်သည်။

(ကျော်စွာလင်း)

No comments:

Post a Comment