Search This Blog

Wednesday, December 19, 2012

ကမ္ဘာ့အပေါ်ခွံ ကျောက်ဖျာ ရွေ့ လျားမှုများ

အာခီယန်ကာလ (လခသန ၃.၈-၂.၅ ဘီလီယံ)

(၁) အာခီယန်ကာလ ဦး၊လယ်၊နှောင်း။

          ဟေဒီယန်ကာလသည် နှောင်းကာလ ဥက္ကာမိုးရွာသွန်းမှု ဖြင့် အဆုံးသတ်သွားပြီးနောက် ကမ္ဘာ့အပေါ်ခွံသည် တစ်စထက် တစ်စ ပိုမို တည်ငြိမ်လာခဲ့သည်။ သို့တိုင်အောင် ကမ္ဘာ့အပေါ်ခွံသည် ရုပ်ဆက်ကားချပ်များ ကဲ့သို့ အစိတ်စိတ် အမွှာမွှာ ကွဲလျက် ကျန်ရစ်ဆဲ ဖြစ်သည်။ ထိုအပေါ်ခွံကျောက်ဖျာများသည် အလယ်သားမှ ချော်စီးကြောင်းများကြောင့် လှုပ်ရှားနေသည်။ ကျောက်ဖျာ တစ်ခု၏ တစ်နေရာတွင် အလယ်သားထဲသို့ နစ်ဝင်လျက် အရည်ပျော်လျက်နေသော်လည်း နောက်တစ်နေရာတွင် ကျောက်ဖျာနှစ်ခုအကြား ပက်ကြားအက်အတွင်းမှ ချော်များ တိုးထွက်လျက် ကျောက်ဖျာ အသစ်ကို ဖန်တီးနေသည်။ ဤနည်းဖြင့် သမုဒ္ဒရာကျောက်ဖျာသည် ကွန်ဗေယာပတ်ကြိုးပမာ ရွေ့လျားလျက် ဖြစ်ပျက်သံသရာလည်နေပေ၏။



ပုံ- ကျောက်ဖျာများ အသစ်ဖြစ်ခြင်းနှင့် ပြန်လည် ပေါင်းစည်းခြင်း


         တိုက်များဖြစ်ထွန်းမှု၏ အထောက်အထားအဖြစ် အကာစတာနိုင်းစ် ကျောက်တုံးအရ လွန်ခဲ့သော နှစ်သန်း ၄ဝဝဝကဟု ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။ အာခီယန်ကာလသည်မူ ယနေ့ခေတ် တိုက်များ ပထမဆုံး ဖြစ်ထွန်းလာသောခေတ်ပင် ဖြစ်သည်။ လိပ်သည်းကျောက်သားထုသည် သမုဒ္ဒရာထဲမှ ထိုးထွက်လျက် ပထမဆုံးကျွန်းများအဖြစ်၊ နောက်ပိုင်းတွင် တိုက်ငယ်များဖြစ်လာသည်။ ထိုမှတဖန် အချိန်ကြာလာသည့် အလျောက် ဆက်လက်တိုးချဲ့လာခဲ့သည်။ ယနေ့ခေတ်တိုက်အများစုတွင် နှစ်သန်းထောင်ချီအောင် မပြောင်းလဲသေးသော အနှစ်သားထုကြီးများရှိသည်။ ၎င်းအနှစ်သားထုများစွာသည် စင်စစ် အာခီယန်ကာလက ရှေးဦးတိုက်များ၏ လက်ကျန်များဖြစ်သည်။


         ချော်ရည်များမှ သမုဒ္ဒရာရေနှင့်ထိတွေ့လျက် လိပ်သည်းကျောက်ဖြစ်လာပြီး ထိုလိပ်သည်းကျောက်သားထု ကြီးထွားလာသော် တိုက်များဖြစ်လာသည်ကို အခန်း (၂)တွင် ဖော်ပြပြီးဖြစ်သည်။ တိုက်များသည် လွန်ခဲ့သောနှစ် သန်း ၃၇ဝဝခန့်တွင် ဖြစ်ရှိနေပြီ ဖြစ်သည်။ သမုဒ္ဒရာကျောက်ဖျာ၏ ရွေ့လျားမှုကြောင့် ၎င်းတိုက်ငယ်များသည် စုစည်းလျက် တိုက်အရွယ်အစားများ ပိုမိုကြီးလာသည်။ တောင်တန်းများသည် တိုက်များ တစ်ခုနှင့်တစ်ခု ဝင်ဆောင့်ရာမှ ကျောက်သားများ လိပ်တက်လျက် ဖြစ်ပေါ်လာသည် ဖြစ်ရာ ကျွန်ုပ်တို့သည် အထောက်အထားအဖြစ် အာခီယန် ခေတ်ကဟု သက်တမ်းကောက်နိုင်သော တောင်တန်းဖြစ်စဉ်များကို တွေ့ရနိုင်သည်။

         လွန်ခဲ့သောနှစ်သန်း ၂၇ဝဝမှ ၃ဝဝဝခန့်အတွင်းတွင် ဤတိုက်များကို ရေလေတိုက်စားသောရာမှ ကျောက်များ တိုက်စားခြင်းမှ ဖြစ်လာသော အနည်အနှစ်များကို အနီးဝန်းကျင်မှ သမုဒ္ဒရာများထဲ ပို့ချ၍ တိုက်များဝန်းကျင်မှ သမုဒ္ဒရာတွင် ရေအောက်တိုက်သားထု (Continental Shelf) ကို ဖြစ်ပေါ်စေသည်။ ရေအောက် တိုက်သားထုများ ရှိနေသောကြောင့် ရေတိမ်ပင်လယ်များ ပိုမိုဖြစ်ထွန်းလာ၏။ ထိုနေရောင်ခသောရေတိမ် ပင်လယ်များသည် နေရောင်ကိုမှီခိုရသော ရှေးဦးဇီဝခေတ် ဂေဟအဖွဲ့အစည်းများအတွက် အလွန်အရေးကြီးကြောင်း ထပ်မံတွေ့ရှိရမည်ဖြစ်သည်။

အာခီယန်ကာလ ဦးပိုင်း (လခသန ၃.၆-၃.၂ ဘီလီယံ)


         ဤကာလအတွင်း ရှေးဦးတိုက်များမှာ သမုဒ္ဒရာထဲမှ မြေသားအသစ်များ ပိုမို ပေါ်ထွက်လာသည်နှင့် အမျှ ဆက်လက် ဖြစ်ထွန်း ကြီးထွားလာခဲ့သည်။ ကမ္ဘာ့တိုက်များ ပေါင်းစု၍ ရှေးအကျဆုံး မဟာတိုက်ကြီး (Supercontinent) ဖြစ်သော ဗာရယ်ဘာရာ (Vaalbara) သည် လွန်ခဲ့သော နှစ် ၃.၃ဘီလီယံလောက်တွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုမဟာတိုက်ကြီး၏ အထောက်အထားကို တောင်အာဖရိကမှ ကာ့ပဗာရယ် (Kaapvaal) တိုက်အနှစ်သားနှင့် သြစတြေးလျမှ ပီးလဘာရာ (Pilbara) တိုက်နှစ်သား တို့၏ အနည်ကျကျောက် အစဉ်များ ဆင်တူနေမှုမှ ရရှိသည်။ သို့ကြောင့်လည်း အမည်ကို ဗာရယ်ဘာရာ (Vaal-Bara) ဟု ပေးထားရခြင်း ဖြစ်သည်။ ဤအယူအဆသည် အပြည့်အဝ ခိုင်လုံမှု မရှိချေ။ အကယ်၍ ဗာရယ်ဘာရာ မဟာတိုက်ကြီး တကယ် ရှိခဲ့လျှင် ၎င်းသည် နောက်အနှစ်သန်း ၅ဝဝမျှ ကြာသော် ယခုကဲ့သို့ သြစတြေးလျတွင် တစ်နေရာ၊ အာဖရိကတွင် တစ်နေရာစီ ကွဲထွက်သွားကြသည်ဟု ယူဆရသည်။

အာခီယန်ကာလ လယ် (လခသန ၃.၂-၂.၈ ဘီလီယံ)


         အာခီယန်ကပ်လယ်အတွင်း နောက်ထပ် မဟာတိုက် အသစ်တစ်ခုပင် ထပ်ဖြစ်ခဲ့သေးသည်။ ဤမဟာတိုက်ကို အူးရ်(Ur) ဟု အမည်တွင်ပြီး ကာ့ပဗာရယ် နှင့် ပီးလ်ဘာရာ အပါအဝင် (၎င်းတို့သည် ဗာရယ်ဘာရာ တိုက်ကြီးအဖြစ်က ကဲ့သို့ ထိစပ်မနေကြတော့ပါ။) ဘန်ဒါရာ (Bhandara) နှင့် ဆင်ဂဘမ် (Singhbhum) ဟူသော အိန္ဒိယတိုက်နှစ်သားများနှင့် ယခု အရှေ့ အန္တာတိကတိုက် အရှေ့ပိုင်းမှ မြေများ ပါဝင်ကြသည်။ ဤ အူးရ် မဟာတိုက်သည် ဗာရယ်ဘာရာ ကဲ့သို့ လျင်မြန်စွာ မပြိုကွဲပဲ အခြား အသစ်ဖြစ်ထွန်းလာသော တိုက်နှစ်သားများနှင့် ပေါင်းစည်းက ရိုဒင်းနီးယား (Rodinia) နှင့် ပန်ဂီးယား (Pangea) မဟာတိုက်ကြီးများ ဖြစ်လာစဉ်တွင် ပါဝင်ခဲ့သေးသည်ဟု ယူဆရသည်။

အာခီယန်ကာလ နှောင်း (လခသန ၂.၈- ၂.၅ ဘီလီယံ)


         အာခီယန်ကပ်နှောင်းတွင် တိုက်အကြီးစားများနှင့်အတူ မျက်မှောက်ခေတ်၏ ကျောက်ဖျာ အရွေ့ယန္တရားကြီးလည်း ပေါ်ထွန်းလာသည်။ (ကျောက်ဖျာ အရွေ့ယန္တရား ဟူသည်မှာ တောင်များ ဖြစ်ပေါ်စေသည့် ကျောက်ဖျာပေါင်းစည်းဇုံ၊ သမုဒ္ဒရာချောက်နက်များ ဖြစ်ပေါ်စေသည့် နစ်မြုပ်ဇုံ၊ ငလျင်နှင့် ပြတ်ရွေ့ကြောများ ဖြစ်ပေါ်စေသည့် ပြတ်ရွေ့ဇုံ၊ ပြတ်ရွေ့ချိုင့်ဝှမ်း (Rift Valley) များနှင့် သမုဒ္ဒရာကြမ်းခင်း အသစ် ဖြစ်ထွန်းစေသည့် ကွဲထွက်ဇုံ များပါဝင်သော ကမ္ဘာ့အပေါ်ခွံ ကျောက်ဖျာများ ဖြစ်ပျက် သံသရာကြီး ဖြစ်သည်။) တိုက်အကြီးစားကြီးများသည် အာခီယန် ကပ်နှောင်းကျမှ ပထမဆုံး ပေါ်ပေါက်လာသည်ဟု ဆိုသော် စာဖတ်သူသည် အတန်ငယ် နားရှုပ်ရာ၏။ အဘယ်ကြောင့်ဆိုသော် အာခီယန် ကပ်ဦးနှင့် ကပ်လယ်အတွင်း ပေါ်ပေါက်ခဲ့သော ဗာရယ်ဘာရာနှင့် အူးရ် မဟာတိုက်များကို ‘မဟာ’ ဟု သမုတ်ရခြင်းမှာ ကြီးမားလွန်းလှ၍ မဟုတ်။ ၎င်းတို့သည် ယနေ့ သြစတြေးလျတိုက် ထက်ပင် ငယ်သေးသည်။ စင်စစ် ထိုခေတ်အခါက တိုက်ဟူ၍ ၎င်းတိုက်လေးများသာ ရှိသေး၍ဖြစ်ပါသည်။

ရှေးဦးဇီဝခေတ် (လခသန ၂.၅ဘီလီယံ-၅၄၂သန်း)

(၂) ရှေးဦးဇီဝခေတ် ဦး၊လယ်၊နှောင်း။

         ဤခေတ်ဦးပိုင်း၌ ကမ္ဘာ့ အလယ်သား၏ လှုပ်ရှားမှုသည် အာခီယန် ကာလကလောက် မပြင်းထန်သော်လည်း ယနေ့ထက်ကား များစွာ ပြင်းထန်ဆဲဖြစ်သည်။ အလယ်သားမှ ချော်စီးကြောင်းများ၏ ပိုမို သွက်လက်ခဲ့မှုကြောင့် သမုဒ္ဒရာ ကျောက်ဖျားများသည် လျင်မြန်စွာ အရည်ပြန်ပျော်စွာသကဲ့သို့၊ လျင်မြန်စွာလည်း အသစ် ပြန်ဖြစ်စေသည်။ ထိုကျောက်ဖျာများ အကြားနှင့် အပေါ်တွင် မျောနေသော တိုက်များသည်လည်း ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် ယနေ့ထက် လျင်မြန်စွာ ရွေ့လျားလှုပ်ရှားခဲ့ပုံရသည်။ ရှေးဦးဇီဝခေတ်ဦးပိုင်း လွန်ခဲ့သော နှစ်သန်း ၁၈ဝဝခန့်တွင် ကိုလမ်ဘီယာ မည်သော မဟာတိုက်ကြီးလည်း ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် နှစ်သန်း၂ဝဝအကြာ လွန်ခဲ့သောနှစ်သန်း ၁၆ဝဝလောက်တွင် ပြန်လည် ပြိုကွဲထွက်လာခဲ့သည်။

         ရှေးဦးဇီဝခေတ်နှောင်းပိုင်း (Neoproterozoic Eon) တွင်လွန်ခဲ့သည့်နှစ်သန်း ၁ဝဝဝမှ ၈၃ဝခန့်အတွင်း ကမ္ဘာ့ တိုက်များအားလုံး စုစည်းလျက် ရိုဒင်းနီးယား အမည်ရှိ မဟာတိုက်ကြီး တစ်ခုပေါ်ပေါက်လာသည်။ ၎င်းကို မီယာရိုးဗီးယား (Mirovia) သမုဒ္ဒရာကြီးက ဝန်းရံထားသည်။ နောက်ထပ် နှစ်သန်း၈ဝကြာတွင် မဟာတိုက်ကြီးသည် ပြန်လည် ပြိုကွဲသွားခဲ့ပြန်သည်။ ဝီလဆင်သံသရာအရ နောက်ထပ် မဟာတိုက် ဖြစ်ပေါ်မှုမှာ လွန်ခဲ့သည်နှစ်သန်း ၅၅ဝခန့်တွင် ဖြစ်ပြီး ပန်နော့ရှား (Pannotia) မဟာတိုက်ကြီးဖြစ်သည်။ ရှေးဦးဇီဝခေတ်နှောင်း ကုန်ဆုံးချိန်၌ ပန်နော့ရှား တိုက်ကြီးသည် ဆိုက်ဘေးရီးယား (Siberia)၊ လော်ရန်းရှား (Laurentia)၊ ဘောလတီးကား (Baltica) နှင့် ဂွန်ဒွါးနား (Gondwana) တိုက်များအဖြစ် ပြန်လည် ပြိုကွဲသွားသည်။ ထိုသို့ကွဲထွက်ရာ၌ လော်ရန်းရှား၊ ဘော်လတီးကားနှင့် ဂွန်ဒွါးနားတို့၏ ကြား၌ အိုင်ယာပီးတပ်စ် (Iapetus) အမည်ရှိ သပ်သဏ္ဍာန် သမုဒ္ဒရာကျောက်ဖျာ တစ်ခုပေါ်ထွက်လာခဲ့သည်။


ပုံ- ရှေးဦးဇီဝခေတ်နှောင်းပိုင်း ကမ္ဘာ့ တိုက်များ တည်ဟန်။ (အပေါ်) လွန်ခဲ့သည့်နှစ်သန်း၁ဝဝဝ။ (အောက်) လွန်ခဲ့သည်နှစ်သန်း၅၅ဝ။


ထင်ရှားသော ဇီဝခေတ် (လခသန ၅၄၂သန်း-ယနေ့ထိ)

(၃) ကန်ဘရီယန်ယုဂ် (လခသန ၅၄၂သန်း-၄၈၈သန်း)

         ကမ္ဘာတောင်ဖက်ခြမ်းမှ ရိုဒင်းနီးယား မဟာတိုက်ကြီး ပြိုကွဲပြီးနောက် ကမ္ဘာတိုက်များသည် အီကွေတာ တလျှောက် ကွဲထွက်လာကြသည်။ နှင်းဘောလုံး ကမ္ဘာခေတ်လည်း ကုန်ဆုံးသဖြင့် ကမ္ဘာကြီးသည် ပြန်လည် ပူနွေးလာခဲ့သည်။ ကန်ဘရီယန်ခေတ်တွင် ကုန်းမြေအများစုသည် အပူပိုင်းဇုံနှင့် သမပိုင်းဇုံများတွင်သာ ရှိတတ်သဖြင့် ရေခဲမြစ်များ အရည်ပျော်လျက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေသည်။ တိုက်များ၏ ကမ်းစပ်များကို ရေလွှမ်းသဖြင့် ကွဲထွက်စပြုနေသော တိုက်များအကြား ကျယ်ပြန့်သော အပူပိုင်းဒေသ ရေတိမ် ပင်လယ်များ ဖြစ်ပေါ်လာပြီး ပင်လယ်နေ သတ္တဝါတို့ ပျော်မြူးရာ ဂေဟစနစ်များကို ဖန်တီးပေးလျက်ရှိသည်။ ကမ္ဘာမြောက်ခြမ်းသည်မူ ပန်သယ်လက်စစ် မဟာသမုဒ္ဒရာ (Panthalassic Ocean; Pan= အလုံးစုံ ၊ Thalassa=သမုဒ္ဒရာ)က သာ လွှမ်းမိုးထားခဲ့သည်။ ကန်ဘရီယန်ယုဂ်နှောင်းပိုင်း၌ ဂွန်ဒွါးနား၏ မြောက်ဖက်စွန်းသည် ပထမဆုံးအကြိမ်အဖြစ် အလယ်သား ချော်ရည် ထိုးဖောက်ခြင်း ခံရသည်။ ဤသို့ဖြင့် ဧဗယ်လွန်းနီးယား (Avalonia) အမည်ရှိ တိုက်ပြတ်စလေးသည် ဂွန်ဒွါးနားမှ စတင်ခွဲထွက်လာခဲ့သည်။



ပုံ- (အပေါ်) ကန်ဘရီယန် ခေတ်ဦးပိုင်း ကမ္ဘာတိုက်များ တည်နေဟန် (အောက်) ကန်ဘရီကန် ခေတ်နှောင်းပိုင်း ကမ္ဘာတိုက်များ တည်နေဟန် 

(၄) အော်ဒိုဗစ်ရှီယန်ယုဂ် (လခသန ၄၈၈သန်း- ၄၄၄သန်း)

         ဤယုဂ်အတွင်း ကမ္ဘာ့တောင်ဖက်ခြမ်းတွင် ဂွန်ဒွါးနား (Gondwana) ၊ လော်ရန်းရှား (Laurentia) နှင့် ဘောလတီးကား (Baltica) တိုက်များရှိပြီး ဆိုက်ဘေးရီးယားမှာ ကမ္ဘာမြောက်ဖက်သို့ ရွေ့စပြုလာ၏။ ဘောလတီးကားသည် လော်ရန်ရှားဖက်သို့ ချဉ်းကပ်လာခဲ့သည်။ တဖန် ဧဗယ်လွန်းနီးယား တိုက်ပြတ်စလေးသည် ဂွန်ဒွါးနားမှ ဆက်လက် ခွဲထွက်နေခဲ့သည်။ ဂွန်ဒွါးနားနှင့် ဧဗယ်လွန်းနီးယား ကြားတွင် ရိုင်းယစ်သမုဒ္ဒရာ (Rheic Ocean) ကျောက်ဖျာသစ် ပေါ်ပေါက်လာသည်။ အော်ဒိုဗစ်ရှီယန်ယုဂ်နှောင်းပိုင်း၌ ရိုင်းယစ်သမုဒ္ဒရာကျောက်ဖျာသည် ဆက်လက်ကျယ်ပြန့်လာမှုကြောင့် ဧဗယ်လွန်းနီးယားသည် ဘော်လတီးကားနှင့် လော်ရေးရှားဖက်သို့ ရွေ့ လျားနေသည်။ ဤသို့ဖြင့် ၎င်းတို့တိုက်သုံးခု ကြားရှိ အိုင်ယာပီးတပ်စ် ပင်လယ် (Iapetus Sea) သည် ကျဉ်းမြောင်း သေးသိမ်လာရ၏။ ဂွန်ဒွါးနားကမူ ယုဂ်တစ်လျှောက်လုံး တောင်ဝင်ရိုးစွန်းဖက်သို့ တဖြည်းဖြည်း ရွေ့သွားပြီး ရေခဲများနှင့် ဖုံးလွှမ်းလာသည်။




 ပုံ- (အပေါ်) အော်ဒိုဗစ်ရှီယန်ယုဂ် အလယ်ပိုင်း ကမ္ဘာ့တိုက်များ တည်နေဟန်။ (အောက်) အော်ဒိုဗစ်ရှီယန်ယုဂ် နှောင်းပိုင်း ကမ္ဘာ့တိုက်များ တည်နေဟန်။ 

(၅) ဆိုင်လော်ရီယန်ယုဂ် (လခသန ၄၄၄သန်း- ၄၁၆သန်း)

         ဆိုင်လော်ရီယန်ယုဂ်၌ ဂွန်ဒွါးနားတိုက်ကြီးသည် တောင်ဝင်ရိုးစွန်းဖက်သို့ ဆက်လက် ရွေ့လျားလျက် ရှိခဲ့သည်။ ဆိုက်ဘေးရီးယား၊ လော်ရန်းရှားနှင့် ဘော်လတီးကား တိုက်တို့မူ အီကွေတာတွင် ဆက်လက် တည်ရှိကြသည်။ ဆိုင်လော်ရီယန်ယုဂ် အကုန်တွင် လော်ရန်းရှားနှင့် ဘော်လတီးကား တိုက်ကြီးများ ဝင်ဆောင့်မိကြပြီး မြေသားတွန့်ခေါက်လျက် တောင်တန်းသစ်များ ဖြစ်ပေါ်လာသည်။ လော်ရန်းရှားနှင့် ဘော်လတီးကား ကြားရှိ အိုင်ယာပီးတပ်စ် သမုဒ္ဒရာသည်လည်း အလယ်၌ ကုန်းမြေခြားသဖြင့် တောင်နှင့် မြောက်ခြမ်းများ အဖြစ်ကွဲထွက်သွားသည်။



ပုံ- ဆိုင်လော်ရီယန်ယုဂ် တိုက်များတည်ဟန် 

(၆) ဒီဗိုနီယန်ယုဂ် (လခသန ၄၁၆သန်း- ၃၅၉သန်း)

         ဤယုဂ်အတွင်း ကမ္ဘာတောင်ဖက်ခြမ်း၌ ရူရာမေးရီးကားနှင့် ဂွန်ဒွါးနား မည်သော မဟာတိုက်ကြီး နှစ်ခု ရှိခဲ့သည်။ ကုန်းမြေသည် အလွန် ခြောက်သွေ့ပြီး ကန္တာရဆန်သည်။ လော်ရန်းရှား၊ ဘော်လတီးကားနှင့် ဧဗယ်လွန်းနီးယားတိုက်တို့သည် ရူရာမေးရီးကား (Euramerica) တိုက်ကြီး အဖြစ် ဆက်လက် ပေါင်းစည်း နေခြင်းကြောင့် အိုင်ယာပီးတပ်စ် သမုဒ္ဒရာ၏ မြောက်ဖက် အကြွင်းအကျန် သည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ တိုက်သားများ ဆက်လက် တိုက်မိခြင်းကြောင့် ဒီဗိုနီယန်ယုဂ် နှောင်းပိုင်း၌ အကားဒီးယန်း တွန့်ခေါက်တောင်တန်းဖြစ်စဉ် (Acadian Orogeny) ပေါ်ပေါက်ခဲ့သည်။

         ၎င်းသည် နောင် ပါမီယန်ယုဂ်တွင် ပီပြင်စွာ ဖြစ်ပေါ်မည့် အက်ပယ်လာချီယန် တောင်တန်း (The Appalachians) အတွက် ပထမအဆင့်ဖြစ်သည်။ အဆိုပါ တောင်တန်းသည် ယနေ့ခေတ်တွင် မြောက်အမေရိကတိုက် အရှေ့ဖက်ပိုင်း၌ တွေ့ရှိနိုင်သည်။ အယ်လ်ပ်စ် တောင်တန်းများ၏ အမြင့်မျိုး ရှိခဲ့ဖူးသော်လည်း ရေလေတိုက်စားမှုကြောင့် တောင်ကုန်းလေးများ သဖွယ်သာ ကျန်ခဲ့တော့သည်။ ဒီဗိုနီယန်ယုဂ် တစ်လျှောက်တွင် မြောက်ဖက်သို့ တိုးဝင်နေသည့် ရိုင်းယစ်သမုဒ္ဒရာကျောက်ဖျာမှာ အလယ်သား ချော်ထုအတွင်း ပြန်လည်ပျော်ဝင်လာသဖြင့် ရူရာမေရီးကားနှင့် ဂွန်ဒွါးနား မဟာတိုက်ကြီး နှစ်ခုလုံးသည် မြောက်ဖက်သို့ စတင်ရွေ့လျားလာခဲ့သည့်နည်းတူ အချင်းချင်းလည်း ပိုမိုနီးကပ်လာကြသည်။



 ပုံ- (ဝဲ) ဒီဗိုနီယန်ယုဂ်ဦးပိုင်း တိုက်များတည်ဟန်။ (ယာ) ဒီဗိုနီယန်ယုဂ်ယုဂ်လတ်ပိုင်း တိုက်များတည်ဟန်။

(၇) ကာဗွန်နီဖားရပ်စ်ယုဂ် (လခသန ၃၅၉သန်း-၂၉၉သန်း) (မစ္စစစ်ပီယန်နှင့် ပန်ဆိုင်လဗန်းနီးယန်းယုဂ်ငယ်များ)

         မစ္စစစ်ပီယန်ယုဂ်၌ ဂွန်ဒွါးနားတိုက်ကြီးသည် မြောက်ဖက်သို့ ဆက်လက်ရွေ့လျားနေခဲ့သည်။ ၎င်းတို့ကြားရှိ ရိုင်းယစ်သမုဒ္ဒရာသည် ကျဉ်းမြောင်းလာခဲ့သည်။ ဂွန်ဒွါးနား၏ မြောက်ဖက်အစွန်းသည် ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ အလယ်သားချော်ရည် တိုးဝင်ခွဲထုတ်ခြင်း ခံရသည်။ ယင်းကွဲထွက်မှုကြောင့် ဂွန်ဒွါးနားမှ ပြတ်ထွက်လာသည့် ကုန်းမြေတို့သည် ဥရောပနှင့် အာရှ ဟန်းနစ် (Hunnic) တိုက်ပြတ်စများဖြစ်လာကြသည်။ ဂွန်ဒွါးနားနှင့် ဟန်းနစ်တိုက်ပြတ်စများ ကြား၌ သမုဒ္ဒရာကျောက်ဖျာသစ် တစ်ခုပေါ်ပေါက်လာပြီး ပလေယိုတက်သီးစ် သမုဒ္ဒရာ (Paleo-Tethys Ocean) ကို ဖြစ်စေသည်။ ပန်ဆိုင်လဗန်းနီးယန်းယုဂ်သို့ ရောက်သော် ဂွန်ဒွါးနားသည် အက်ပယ်လာချီယန်တောင်တန်း ဖြစ်ပေါ်မှု၏ နောက်တစ်ဆင့်အဖြစ် ရူရာမေးရီးကားတိုက်နှင့် ဝင်ဆောင့်မိကြသည်။ အဆိုပါ ဝင်ဆောင့်မှု၌ ရိုင်းယစ်သမုဒ္ဒရာလည်း အပြီးပိုင် ပျောက်ကွယ်သွားခဲ့ပေသည်။

 ပုံ- (အပေါ်) မစ္စစစ်ပီယန်ယုဂ် နှင့် (အောက်) ပန်ဆိုင်လ်ဗန်းနီးယန်းယုဂ် တို့၌ ကမ္ဘာ့တိုက်များ တည်ဟန်


(၈) ပါမီယန်ယုဂ် (လခသန ၂၉၉သန်း- ၂၅၂သန်း)


         ကမ္ဘာတိုက်များသည် ယုဂ်တစ်လျှောက်လုံးတင် ပန်ဂျီးယား မဟာတိုက် အဖြစ် ပေါင်းစည်းလာခဲ့သည်။ ယုဂ်အကုန်ပိုင်းတွင်၊ မြောက်တရုတ်တိုက်ငယ်နှင့်၊ တောင်တရုတ် တိုက်ငယ်တို့သာ ပန်ဂျီးယားနှင့် မထိစပ်ပဲ ကျန်ရစ်တော့သည်။ ဤသို့ဖြင့် ဆိုက်ဘေးရီးယား၊ ရူရာမေးရီးကား နှင့် ဂွန်ဒွါးနားတို့၏ တဖက်၌ ပလေယိုတက်သီးစ်ပင်လယ် ကနေရာယူ ထားသည့် ပင်လယ်ကွေ့ တစ်ခုဖြစ်လာခဲ့သည်။ ဂွန်ဒွါးနားတိုက်ကျောက်ဖျာ၏ မြောက်ဖက်အစွန်းသည် တတိယအကြိမ် အလယ်သားချော်ရည် တိုးထွက်မှုကြောင့် မဟာတိုက်ကြီးမှ ပြတ်ထွက်လာ ခဲ့သည်။ အဆိုပါ တိုက်ပြတ်စသည် ဆင်မားရီးယားတိုက် (Cimmeria) ဟု ခေါ်တွင်ပြီး ယနေ့ခေတ် တူရကီ၊ အီရန်၊ အာဖဂန်နစ်စတန်၊ တိဗက်၊ အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်တို့ ပါဝင်သည်။ တိုးထွက်လာသည့် ချော်မှ သမုဒ္ဒရာကျောက်ဖျာသစ် တစ်ခုကို ဖန်တီးသည်။ ၎င်းကို နီယိုတက်သီးစ် (Neo-Tethys) ကျောက်ဖျာဟု ခေါ်တွင်ပြီး ၎င်းကျောက်ဖျာ ပေါ်မှ သမုဒ္ဒရာသည် တက်သီးစ် သမုဒ္ဒရာဖြစ်ပေသည်။ ပန်ဂျီးယားတိုက်ကြီး၏ အပြင်ဖက် (ပင်လယ်ဖက်) တွင် စိုစွတ်သော သစ်တောများ ရှိပြီး ခြောက်သွေ့အေးမြသော ကုန်းတွင်းပိုင်းရှိသည်။ ဝင်ရိုးစွန်း တို့သည် အသက်ကင်းမဲ့သော တန်ဒရာဒေသများဖြစ်သည်။ ကုန်းတွင်းပိုင်း ခြောက်သွေ့မှုသည် ယုဂ်တစ်လျှောက် ပို၍ပို၍သာ ကြီးမားလာခဲ့သည်။ ပါမီယန်ယုဂ်အကုန်တွင် ကမ္ဘာ၏ ပျမ်းမျှ အပူချိန်သည် ၁ဝဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ မြင့်တက်လာခဲ့ပြီး အကျိုးဆက်အနြေုဖင့် သတ္တဝါနှင့် အပင်မျိုးနွယ် ၉၅%ကျော်အောင် မျိုးပြုန်းပျောက်ကွယ်ခဲ့ရသည်။ ခေတ်အဆက်ဆက် မျိုးပြုန်းမှုများ၌ ပါမီယန်မျိုးပြုန်းမှုသည် သက်ရှိများအတွက် အထိအနာဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်သည်။


 

ပုံ- (အပေါ်) ပါမီယန်ယုဂ်ဦးပိုင်းတွင် ကမ္ဘာ့ တိုက်ကြီးများ တည်ဟန်။ (အောက်) ပါမီယန်ယုဂ်အကုန်တွင် ကမ္ဘာ့တိုက်ကြီးများ တည်ဟန်။


(၉) ထရိုင်ယဆစ်ယုဂ် (လခသန ၂၅၂သန်း- သန်း၂ဝဝ)


         ထရိုင်ယဆစ်ယုဂ် အစပိုင်းတွင် ဆိုက်ဘေးရီးယားသည် ရူရာမေးရီးကားနှင့် ထိစပ်သွားပြီး ပန်ဂျီးယား မဟာတိုက်ကြီးသည် ၎င်း၏သက်တမ်း တစ်လျှောက်တွင် အကြီးမားဆုံး အရွယ်သို့ ရောက်ရှိလာခဲ့သည်။ ကုန်းမြေအားလုံးမှာ တိုက်ကြီးတစ်ခုတည်း အဖြစ် စုဝေးသွားသော် ဘေးရှိရေထုသည် ပန်သယ်လက်ဆာ မဟာသမုဒ္ဒရာကြီး အဖြစ်တည်ရှိနေသည်။ မဟာတိုက်ကြီးသည် ဖြစ်တည်ပြီးကာစကပင် စတင်ပြိုကွဲသည့် အရိပ်လက္ခဏာများ ပြသလျက်ရှိနေသည်။ ယုဂ်အကုန်ပိုင်းတွင် မြောက်အမေရိကသည် တစ်ဖက် ဥရောပနှင့် အာဖရိကသည် တစ်ဖက် ကြား၌ မြေကျွံချိုင့်ဝှမ်း ပေါ်ပေါက်လာသည်။ ဤသည်မှာ ၎င်းတိုက်ကျောက်ဖျာတို့၏ကြားသို့ ချော်ရည်များ တိုးဝင်လာ၍ ကျောက်ဖျာများ ဝေးကွာလာခြင်းဖြစ်သည်။ အချိန်နှင့် အမျှ ကျယ်ပြန့်လာသော မြေကျွံချိုင့်ဝှမ်းသည် အနာဂတ် အတ္တလန်တိတ် သမုဒ္ဒရာလောင်း ဖြစ်သည်။ ယုဂ်အကုန်ပိုင်း၌ ပန်ဂျီးယားတိုက်ကြီးသည် အလယ်၌ ပင်လယ်ကြားသွားသဖြင့် မြောက်ပိုင်း၌ လော်ရေးရှား (Laurasia) မဟာတိုက်ကြီးနှင့် တောင်ပိုင်းတွင် ဂွန်ဒွါးနား မဟာတိုက်ကြီး အဖြစ် ပြန်လည် ပြိုကွဲသွားခဲ့သည်။ တက်သီးစ်သမုဒ္ဒရာသည် ဆက်လက် ကျယ်ပြန့်လာပြီး ဆင်မားရီးယားတိုက်သည် လော်ရေးရှားတိုက်ကြီးဆီ မြောက်ဖက်သို့ ရွေ့ လာခဲ့သည်။

ပုံ (အပေါ်) ထရိုင်ယဆစ်ယုဂ် အလယ်ပိုင်း ပန်ဂျီးယားတိုက်ကြီး စတင်ဖွဲ့ စည်းနေဟန်။ (အောက်) ထရိုင်ယဆစ်ယုဂ်အကုန် ပန်ဂျီးယားတိုက်ကြီး နှင့် အခြား ကုန်းမြေငယ်များ တည်နေဟန်။



(၁ဝ) ဂျူရပ်ဆစ်ယုဂ် (လခသန သန်း၂ဝဝ-၁၄၆သန်း)


         ဂျူရပ်ဆစ်ယုဂ်၌ လော်ရေးရှားနှင့် ဂွန်ဒွါးနား ကြား၌လည်းကောင်း၊ လော်ရေးရှား၏ မြောက်အမေရိကနှင့် ဥရောပပိုင်းကြား၌ လည်းကောင်း ချော်ရည်တိုးထွက်လာပြီး မြောက်အတ္တလန်တိတ် သမုဒ္ဒရာကျောက်ဖျာ ဖြစ်ပေါ်လာခဲ့သည်။ ကြီးထွားနေသည့် ကျောက်ဖျာကြောင့် မဟာတိုက်ကြီး နှစ်ခုသည် ဆက်လက် ဝေးကွာလာခဲ့သည်။ ဂျူရပ်ဆစ်ယုဂ်အတွင်း တက်သီးသမုဒ္ဒရာသည် ဆက်လက် ကျယ်ပြန့်လာခဲ့ပြီး ဆင်မားရီးယား မြောက်ဖက်ရှိ ပလေယိုတက်သီးသမုဒ္ဒရာ ကျောက်ဖျာသည် လော်ရေးရှား မဟာတိုက်ကြီးအောက်သို့ လျှိုဝင်လျက် အလယ်သားချော်ထုအတွင်း ပြန်လည် ပျော်ဝင်လျက်ရှိသည်။ ဤသို့ ကျောက်ဖျာအရည်ပျော်ရာမှ ထွက်လာသည့် ချော်ရည်တို့ကြောင့် ပလေယိုတက်သီးစ် မြောက်ပိုင်းနှင့် ဆိုက်ဘေးရီးယား တောင်ပိုင်းတို့သည် မီးတောင်များ ပေါ်ထွန်းရာနေရာ ဖြစ်လာသည်။ ယုဂ်နှောင်းပိုင်းသို့ရောက်သော် ပလေယိုတက်သီး သမုဒ္ဒရာကျောက်ဖျာသည် ပျောက်ကွယ်သွားပြီး တက်သီးစ် သမုဒ္ဒရာသည် အကြီးဆုံး အရွယ်သို့ ရောက်လာခဲ့သည်။



ပုံ- (အပေါ်) ဂျူရပ်ဆစ်ယုဂ် ဦးပိုင်း ကမ္ဘာ့ တိုက်များတည်ဟန်။ (အောက်) ဂျူရပ်ဆစ်ယုဂ်နှောင်းပိုင်း ကမ္ဘာ့တိုက်များတည်ဟန်။


(၁၁) ခရီတေးရှတ်ယုဂ် (လသခန ၁၄၆သန်း- ၆၅.၅သန်း)


         ခရီတေးရှတ်ယုဂ်ဦးပိုင်း၌ တောင်အမေရိကနှင့် အာဖရိကသည် ဆက်လက်ကွဲထွက်လာပြီး တောင်အတ္တလန်တိတ်သမုဒ္ဒရာကျောက်ဖျာ ပေါ်ထွက်လာသည်။ မြောက် နှင့် တောင်အတ္တလန်တိတ် ကျောက်ဖျာတို့ ဆက်လက်ကြီးထွားလာ၍ ဤယုဂ်ကုန်ဆုံးသော် တောင်အမေရိကနှင့် အာဖရိကတို့သည် လုံးဝခြားသွားပြီး မြောက်နှင့် တောင် အတ္တလန်တိတ် သမုဒ္ဒရာကျောက်ဖျာတို့လည်း ထိစပ်သွားကြသည်။ ယင်းယုဂ်အတွင်း ဂွန်ဒွါးနားကြီး ကိုယ်တိုင်သည် အကြီးအကျယ် ပြိုကွဲစပြုလာခဲ့သည်။ ဂွန်ဒွါးနား၏ မြောက်စွန်းပိုင်းကို စတုတ္ထအကြိမ် ချော်ရည်ထိုးခွဲသဖြင့် အန္တာတိက သမုဒ္ဒရာကျောက်ဖျာနှင့် အိန္ဒိယကျောက်ဖျားတို့ ပေါ်ပေါက်လာပြီး နောက်ထပ် တိုက်ပြတ်စ များစွာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတိုက်ပြတ်စများတွင် မာဒါဂတ်စကား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဂီနီ နှင့် နယူးဇီလန်တို့ ပါဝင်ကြသည်။ အဆိုပါတိုက်ပြတ်စများ ကွဲထွက်ပြီး ကျန်ခဲ့သည် ဂွန်ဒွါးနားလက်ကျန် အန္တာတိကတိုက်သည် ကမ္ဘာ့ တောင်စွန်းသို့ ဆုတ်ခွာသွားသည်။ အန္တာတိကနှင့် အိန္ဒိယသမုဒ္ဒရာ ကျောက်ဖျားတို့ ကြီးထွားလာသည် နှင့်အမျှ တိုက်ပြတ်စတို့သည် မြောက်ဖက်သို့ ဦးတည် ရွေ့ လာခဲ့သည်။ ဤသမုဒ္ဒရာကျောက်ဖျာသစ် ပေါ်ပေါက်မှုကြောင့် တက်သီးစ်သမုဒ္ဒရာသည် ၎င်းနှစ်မြှပ်ပစ်ခဲ့သည့် ပလေယိုတက်သီးစ် သမုဒ္ဒရာ၏ ကံကြမ္မာမျိုးကို စတင်လိုက်နာရတော့သည်။ ယုဂ်နှောင်းပိုင်းတွင် အိန္ဒိယနှင့် မာဒါဂတ်စကားတို့ ကြား၌ သမုဒ္ဒရာကျောက်ဖျာသစ်တစ်ခု စတင်ပေါ်ပေါက်လာသေး၏။

ပုံ- (အပေါ်) ခရီတေးရှတ်ယုဂ်ဦးပိုင်း ကမ္ဘာ့တိုက်များတည်ဟန်။ (အောက်) ခရီတေးရှတ်ယုဂ်နှောင်းပိုင်း ကမ္ဘာ့တိုက်များတည်ဟန်။


(၁၂) ပလေယိုဂျင်းယုဂ် (လခသန ၆၅.၅သန်း-၂၃သန်း)


         ပလေယိုဂျင်းယုဂ်သို့ရောက်လာသော် တက်သီးစ် သမုဒ္ဒရာသည် များစွာ ကျဉ်းမြောင်းလာခဲ့ပြီး အိန္ဒိယသည် အာရှကို ချဉ်းကပ်လာခဲ့သည်။ ယုဂ်နှောင်းပိုင်းတွင် တက်သီးစ်သမုဒ္ဒရာသည် ဥရောပ၊ အာရှနှင့် အာဖရိကတို့၏ ကြားရှိ ဂငယ်သဏ္ဍာန် ရေထုလေးအဖြစ်သာ ရှိတော့သည်။ သြစတြေးလျနှင့် နယူးဂီနီသည် ဂွန်ဒွါးနား၏ နောက်ဆုံးလက်ကျန် အန္တာတိကားတိုက်မှ လုံးဝ လွတ်မြောက်ပြီး မြောက်ဖက်သို့ ဆက်လက် ရွေ့ လျားခဲ့သည်။ ယုဂ်နှောင်းပိုင်း၌ အိန္ဒိယသည် အာရှနှင့် ဝင်တိုက်မိကြသည်။ ဟန်းနစ်တိုက်ပြတ်စ၊ ဆင်မားရီးယန်းတိုက်ပြတ်စ အသီးသီးတို့သည် အာရှနှင့် စုစုပေါင်း နှစ်ကြိမ်တိုက်မိပြီး တောင်တန်းများ ဖြစ်ပေါ်ဆဲရှိနေသည်။ တဖန် တတိယအကြိမ်အဖြစ် အိန္ဒိယနှင့် ဆောင့်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဟိမဝန္တာတောင်တန်းသည် အခြားအာရှတောင်တန်းများထက် များစွာ မြင့်မားသွားပေသည်။ အိန္ဒိယတိုက်ပြတ်စ၏ တောင်ဖက်၌ အိန္ဒိယသမုဒ္ဒရာသည် ဆက်လက်ကျယ်ပြန့်လာနေခဲ့သည်။ ပလေယိုဂျင်းယုဂ် တစ်လျှောက်၌ ရာသီဥတုပိုမို အေးလာသဖြင့် ပင်လယ်ရေမျက်နှာပြင် နိမ့်ကျလာသည်။ ထို့ကြောင့် တိုက်ကြားရှိ ရေတိမ်ပင်လယ်တို့ ပျောက်ကွယ်သွားကြသည်။ ဥရောပနှင့် အာရှသည် ဆက်သွားပြီး အာဖရိကတိုက်၏ မြောက်ဖက်ရှိ ရေတိမ်ပင်လယ်ကြမ်းပြင်သည် အာရေဗီးယား သဲကန္တာရအဖြစ် ပေါ်ပေါက်လာသည်။


ပုံ- (အပေါ်) အီအိုဆင်း အဏုယုဂ် (ပလေယိုဂျင်းယုဂ်ဦး)။ (အောက်) မိုင်အိုဆင်း အဏုယုဂ် (ပလေယိုဂျင်းယုဂ်နှောင်း)



(၁၃) နီယိုဂျင်းယုဂ် (လခသန ၂၃သန်း- ယနေ့ထိ)


         နီယိုဂျင်းယုဂ်၌ ကမ္ဘာ့ ရာသီဥတု ပို၍ အေးလာပြီး ရေခဲခေတ်များကို ဖြတ်သန်းလာရသည်။ တချိန်က အပူပိုင်းဒေသများဖြစ်ခဲ့သည့် အန္တာတိကားသည် ရေခဲထုကြီးနှင့် ဖုံးလွှမ်းလာသည်။ ကမ္ဘာမြောက်ခြမ်းတွင်လည်း ရေခဲပုံထပ်မှုများလာခဲ့သည်။ မူလက ရေတိမ်ပင်လယ်ဖုံးလွှမ်းနေသည့် နယူးဂီနီသည် ကုန်းမြေဖြစ်လာခဲ့သည်။ အာရေးဗီးယားနှင့် အာရှသည် ဆက်စပ်သွားခဲ့သည်။ တက်သီးစ်သမုဒ္ဒရာ၏ ရေတိမ်ပင်လယ်တို့သည် ကွယ်ပျောက်ကုန်သဖြင့် မြေထဲပင်လယ်၊ ပင်လယ်နက်၊ ကက်စပီယန်ပင်လယ်နှင့် အေရယ်ပင်လယ်ဟူ၍ ပင်လယ်လေးခုအဖြစ် ကွဲထွက်ကုန်သည်။ မြောက်အမေရိကနှင့် တောင်အမေရိကကြားရှိ ရေတိမ်ပင်လယ်လည်း ကွယ်ပျောက်သွား၍ ၎င်း တိုက်နှစ်ခုမှာ ထိစပ်သွားကြသည်။ ရုရှားနှင့် အလက်စကားကြားရှိ ဘားရင်းပင်လယ်မှာမူ ရေခဲခေတ်များ၌ ကုန်းမြေပေါ်ပေါက်ပြီး ထိစပ်လေ့ရှိကြသည်။ ရေခဲခေတ်များကြောင့် ကမ္ဘာ့ မြောက်ခြမ်း ကုန်းမြေတို့သည် ရေခဲ၏ နင်းချေမှုကို များစွာခံစားရသည်။ မြောက်အမေရိကတိုက်၏ မြောက်ပိုင်းတစ်ခုလုံးသည် ရေခဲမြစ်များ၏ တိုက်စားမှုကြောင့် အမာရွတ်များအဖြစ် ကနေဒါမြောက်ပိုင်းမှ ကျွန်းပြတ်များအဖြစ်လည်းကောင်း၊ ဟက်ဒ်ဆင် ပင်လယ်ကွေ့ (Hudson Bay) အဖြစ်လည်းကောင်း အမေရိကန်နိုင်ငံရှိ ရေချိုကန်ကြီး ၅ခုပါဝင်သည့် လော်ရန်းရှန်း မဟာကန်ကြီးများ (Laurentian Great Lakes) များကို ဖြစ်ပေါ်စေသည်။



ပုံ- နီယိုဂျင်းယုဂ်အတွင်း ကမ္ဘာ့ တိုက်များတည်ဟန်။


(ကျော်စွာလင်း)

No comments:

Post a Comment