Search This Blog

Tuesday, March 20, 2012

သက်မဲ့ရုပ်မှ သက်ရှိဖြစ်ပေါ်ခြင်း - ဇီဝအစ အဇီဝ သီအိုရီ

                 သက်ရှိဇီဝသည် လွန်ခဲ့သော နှစ် သန်း ၄၁ဝဝ ခန့်တွင် ကမ္ဘာဂြိုဟ်အနေဖြင့် ရေကို အရည်အဖြစ် ရပ်တည်ခွင့်ပေးလာ ကတည်းက ရေကြားခံတွင် ကာဗွန်နှင့် နိုက်ထရိုဂျင် ဒြပ်ပေါင်းများ ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်။ ဤကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း အစရှိသော ရုပ်မော်လီကျူးတို့သည် မည်သည့် သဘာဝလွန် တန်ခိုးရှင် ပုဂ္ဂိုလ်၏ ပယောဂမှ မပါပဲ၊ မည်သည့် သဘာဝလွန် အကြောင်းအရားများမှ မပါပဲ၊ ဓာတုဗေဒ သဘောအစစ်အမှန်ဖြင့် သကြား၊ အဆီ၊ အမီနိုအက်ဆစ် စသည့် ဇီဝအခြေခံမော်လီကျူးများ ဖြစ်လာပြီး တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်ခြင်း (Competition)၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိမှု (Adaptation) ဟူသော အမှတ်ဖြင့် သဘာဝအလျောက် စစ်ထုတ်ရွေးချယ်သည့် ယန္တရား (Natural Selection)၊ အသစ်ဖောက်ပြန်ပေါ်ပေါက်ခြင်း (Mutation)တည်းဟူသော သဘောတရားများအရ ရှုပ်ထွေးသော ဆဲလ်များ ဖြစ်ပေါ်လာသည် အထိပင်ဖြစ်သည်။ ဤသို့ဆိုလျှင် စာရှုသူအချို့အနေဖြင့် ဇီဝသည် မလျှော့ချနိုင်လောက်အောင် ရှုပ်ထွေးမှု (Irreducible Complexity) ဟု ရှုမြင်လိမ့်မည်။ အဇီဝမော်လီကျူးများမှ ဇီဝသက်ရှိနှင့် လူသားများ အထိ အဆင့်ဆင့် ပြောင်းလဲလာသည် (မှတ်ချက်။ တိုးတက်လာခြင်းမဟုတ်ပါ။ ဖြေရှင်းချက်ကို "ဆင့်ကဲဖြစ်စဉ် သီအိုရီနဲ့ ပတ်သက်လို့ အထင်အမြင်လွဲမှားမှုများ" http://www.kyawzwarlynn.blogspot.com/2012/01/blog-post.html (အလွဲ ၂) တွင် ရှုစားနိုင်ပါသည်။) ဆိုသည်မှာ ယုတ္တိမတန်ဟု ထင်ကောင်းထင်မည်ဖြစ်သည်။ သို့ဆိုလျှင်  အောက်တွင် ဖော်ပြထားသည့်  အကြမ်းဖျင်း အဆင့် (၁၂)ဆင့်သာ ရှိသည့် အဇီဝအစ ဇီဝ အယူအဆ (Abiogenesis) ကို အစွဲအလွဲကင်းရှင်းစွာဖြင့် ဖတ်ရှုနိုင်ရန် မျှော်လင့်မိပါသည်။






အသက်ဇီဝကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း နှင့် ကမ္ဘာပေါ်မှ အသက်ဇီဝ မူလအစ သုံးမျိုး
                အသက်ဇီဝ ဖြစ်တည်လာပုံကို ပြဆိုသော် သက်ရှိနှင့် သက်မဲ့ကို ခွဲခြားပြရပေမည်။ သိပ္ပံပညာအရ သက်ရှိဟူသည် ဇီဝကမ္မဖြစ်ပျက်မှု ဟူသည့် ဂုဏ်ပုဒ် နှင့် ပြည့်စုံရမည်။ သို့ရာတွင် မျိုးပွားနိုင်ခြင်းသည် သက်ရှိ၏ ဂုဏ်ပုဒ် ဖြစ်သောလည်း ဇီဝကမ္မဖြစ်ပျက်မှု ရှိမှသာ သက်ရှိဟု သတ်မှတ်နိုင်သည်။ ဗိုင်းရပ်စ်များသည် သက်ရှိဆဲလ်များ၏ ဇီဝကမ္မဖြစ်စဉ်ကို ကပ်ပါးအဖြစ် သုံးစွဲပြီး မိမိကိုယ် မိမိ ပုံတူပွားနိုင်သော ဇီဝမော်လီကျူးလေးများသာ ဖြစ်သည်။ သို့ဖြစ်၍ ဇီဝကမ္မဖြစ်စဉ်သည်သာ သက်ရှိ၏ အခရာဂုဏ်သတ္တိ ဖြစ်သည်ဟု ကောက်ချက်ရပါမည်။
                ကမ္ဘာဂြိုဟ်ပေါ်မှ အသက်ဇီဝ၏ မူလအစကိုမူ ဖြစ်နိုင်ချေ သုံးမျိုး တွေ့ရမည်။ တစ်မျိုးမှာ ကမ္ဘာဂြိုဟ်ပေါ်တွင် သက်မဲ့ဒြပ်များမှ သက်ရှိများ လွတ်လပ်စွာ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပြီး၊ နောက် တစ်မျိုးမှာ ပြင်ပ အာကာသထဲမှ သက်ရှိများ ဥက္ကာခဲများမှ တစ်ဆင့် ရောက်ရှိ နယ်ချဲ့လာခြင်း ဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာမူ အာကာသထဲမှ ဇီဝမော်လီကျူး ကုန်ကြမ်းများ ရောက်ရှိလာပြီး သက်ရှိဖြစ်လာရန် အခြေအနေပေးနေသော ကမ္ဘာဂြိုဟ်ပေါ်တွင် ကံအားလျော်စွာ ပေါ်ပေါက်လာခြင်းမည်၏။


(က) အာကာသမှ နယ်ချဲ့ရောက်ရှိလာခြင်း အယူအဆ
                ဤအယူအဆသည်သက်ရှိဇီဝသည် အခွင့်အခါရတိုင်း စကြဝဠာ၏ မည်သည့် နေရာတွင် မဆို ဖြစ်ထွန်းလာနိုင်သည်ဟူသော ပန်စပန်းမီးယား (Panspermia) အယူအဆကို အခြေခံသည်။ ဤအယူအဆအရမူ သက်ရှိသည် ကမ္ဘာတွင်သာ ပေါ်ပေါက်ခဲ့သည်မဟုတ် နေစနစ်အတွင်း အခြားဂြိုဟ်များတွင်လည်း ပေါ်ပေါက်ခဲ့နိုင်သည်ဟု ဆိုလိုသည်။ ဇီဝ၏မူလအိမ်သည် ကမ္ဘာတစ်ဂြိုဟ်တည်းမဟုတ်။ နေစနစ်ကြီး တစ်ခုလုံးပါဝင်သည်ဟု ဆိုလိုသည်။ ထိုဂြိုဟ်တစ်ခုမှ တစ်ခုသို့ အပြန်အလှန် ပဲ့ကြွေတိုက်မိနေသော ဥက္ကာခဲများစွာတွင် ဇီဝမော်လီကျူးများ၊ အသက်ဇီဝများ၊ ပါရှိနေကြသည်။ ယနေ့ခေတ် ဘတ်တီးရီးယားများစွာသည် လူသားတို့ အတွက် အလွန် ပြင်းထန်သော ဓာတ်ရောင်ခြည်၊ အပူချိန်၊ ရေခန်းခြောက်မှု၊ အက်စစ်ကြွယ်ဝမှု၊ ဘေ့စ်ဓာတ်လွန်ကဲမှု စသည်တို့ကို ကောင်းစွာခံနိုင်ကြသည်ကို တွေ့ရသည်။ ဤအချက်ကလည်း ယခုတင်ပြသော အနုမာနကို ထောက်ခံနေပေသည်။ ကမ္ဘာအတွက် အဖြစ်နိုင်ဆုံး ပြင်ပအာကာသ ဇီဝအရင်းအမြစ်မှာ ကမ္ဘာထက် အရွယ်သေးသဖြင့် လျှင်မြန်စွာ အေးခဲသွားသော အင်္ဂါဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ်တွင် သမုဒ္ဒရာများ မဖြစ်ခင်ကပင် အင်္ဂါဂြိုဟ်၌ ဆဲလ် သက်ရှိများ ဖြစ်ထွန်းနေလောက်ပြီဖြစ်သည်။ ထိုသက်ရှိများသည် တစ်နည်းနည်းဖြင့် ဥက္ကာခဲများတွင် တွယ်ငြိလျက် ကမ္ဘာဂြိုဟ်ပေါ် ရောက်ရှိ ပျံ့ပွားလာကြပေမည်။ ထို့နောက် အင်္ဂါဂြိုဟ်သည် အတွင်းသံအနှစ်သားပါ အေးခဲသွားသောအခါ မျက်နှာပြင်သည် အေးခဲလာပြီး သမုဒ္ဒရာများသည် မြေအောက်ရေခဲများနှင့် ဝင်ရိုးစွန်းရေခဲများအဖြစ် သွားရောက်စုဝေးသွားပြီး ရေမရှိတော့၍ ဇီဝသက်ရှိလည်း ပျောက်ကွယ်ခဲ့သည်။ ကမ္ဘာသည် အင်္ဂါဂြိုဟ်ထက် အရွယ်ကြီးမားပြီး အပူကို ထိန်းသိမ်းနိုင်သော သတ္တုများလည်း ပိုမို ပါဝင်သဖြင့် အတွင်းအနှစ်သားမှာ အေးခဲရန် အဆများစွာ ပိုမိုကြာမြင့်သည် ဖြစ်ရာ ယနေ့ခေတ်မှ နောက်ထပ် အနှစ် သန်း ထောင်ပေါင်းများစွာကြာအောင် မျက်နှာပြင်လွှာမှာ ပူနွေးနေဦးမည် ဖြစ်သည်။ သို့ဖြစ်၍သာ သက်ရှိတို့သည် ကမ္ဘာပေါ်တွင် ယနေ့အထိ ဆက်လက်ရှင်သန်လာနိုင်ပုံရသည်။

(ခ) ကမ္ဘာဂြိုဟ်ပေါ်တွင် သက်မဲ့မှသက်ရှိ လွတ်လပ်စွာ ပေါ်ပေါက်လာခြင်း အယူအဆ
                ဤအယူအဆအရမူ ကမ္ဘာပေါ်ရှိ သက်မဲ့ရုပ်များမှ သက်ရှိများ သဘာဝအလျောက် လွတ်လပ်စွာဖြစ်လာသည်ဟု ဆို၏။ ထိုသို့ ဖြစ်ထွန်းလာရန် ရိုးရှင်းလှသော အဇီဝမော်လီကျူးများမှ ရှုပ်ထွေးလွန်းလှသော ဇီဝမော်လီကျူးများ ဖြစ်လာရပေမည်။ ကမ္ဘာပေါ်ရှိ ဇီဝသည် ကာဗွန် နှင့် ရေကို အခြေခံသည်။ ကာဗွန်သည် ရှုပ်ထွေးသော မော်လီကျူးများ ဖြစ်ထွန်းရန် အတွက် တည်ငြိမ်သော ကျောရိုးမည်၏။ ရေသည် အလွန်အားပြင်းသော ဓာတုဖျော်ရည် (Chemical Solvent) ဖြစ်ပြီး ဇီဝမော်လီကျူးများ ဓာတ်ပြုရန် မရှိမဖြစ် အလွန့်အလွန် အရေးကြီးသော ကြားခံဒြပ်ဖြစ်သည်။ ရေမော်လီကျူးသည် လျှပ်စစ်ဖိုမစွန်းများရှိသော ဒွိစွန်းမော်လီကျူး (Polar Molecule) ဖြစ်ရာ ရှုပ်ထွေးပြီးသား ဇီဝမော်လီကျူးများကို ရေခင်ဆွဲအား (Hydrophilic Force)၊ ရေကြောက်တွန်းအား (Hydrophobic Force) များဖြင့် ပို၍ပင် ရှုပ်ထွေးစေလေ၏။ ဇီဝမော်လီကျူးများ ဖြစ်ထွန်းရန် လိုအပ်သော ကာဗွန်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်၊ နှင့် အောက်ဆီဂျင် ကုန်ကြမ်းများကို ကမ္ဘာလေထုနှင့် သမုဒ္ဒရာထဲရှိ အမိုးနီးယား (NH3)၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)၊ မီသိန်း (CH4)၊ များမှ ရရှိသည်။ ဇီဝမော်လီကျူးများတွင် လိုအပ်သော ဆာလဖာနှင့် ဖော့စဖောရပ်စ် တို့ကိုမူ ဟိုက်ဒရိုဂျင် ဆာလဖိုက် (H2S) နှင့် ဖော့စဖိတ်အိုင်းယွန်း (PO3-) များမှ ရရှိပေမည်။

(၁) ဇီဝမော်လီကျူးများ ဖြစ်ထွန်းရန် လိုအပ်သည့် အခြေအနေများ
                ယနေ့ခေတ် ကမ္ဘာဂြိုဟ်၏ ပတ်ဝန်းကျင်တွင် အဏုမြူ ၅လုံး ၆လုံးထက်မပိုသော အဇီဝမော်လီကျူးများသည် မော်လီကျူး ရာထောင်ချီသော ပရိုတင်းမော်လီကျူးများ ရှိစေဦး၊ အဏုမြူ တစ်ဒါဇင်မျှပါသော အမီနိုအက်ဆစ် တစ်ခုပင် သဘာဝအလျောက် ဖြစ်လာဖို့ အလွန် ခဲယဉ်းပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ မျက်မှောက်ခေတ် လေထုနှင့် ရေထုသည် လွတ်လပ်သော အောက်ဆီဂျင် မော်လီကျူးများ ပေါများလွန်းလှ၍ ဖြစ်သည်။ မည်မျှ ပေါများသနည်းဆိုလျှင် နိုက်ထရိုဂျင်ပြီးလျှင် ဒုတိယ အပေါများဆုံး ဓာတ်ငွေ့တည်း။ အောက်ဆီဂျင်၏ ဓာတ်တိုးသတ္တိ (Oxidative Property) အရ လုံလောက်သော အပူချိန် တစ်ခုရလျှင် မည်သည့် ရှုပ်ထွေးသည့် မော်လီကျူးကိုမဆို ဖြိုခွဲဓာတ်ပြုစေနိုင်သည်။ သို့သော် ရှေးဦးကမ္ဘာ့လေထုမှာမူ ကွာခြားသည်။ ၎င်းသည် အောက်ဆီဂျင်မဲ့လေထု ဖြစ်သည်။ အောက်ဆီဂျင်သည် အခြား ဒြပ်စင်များနှင့် ပေါင်းစည်းလျက် ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် ရေအဖြစ်သာ တွေ့မြင်နိုင်သေး၍ ဖြစ်သည်။ ဒြပ်ပေါင်းများထဲမှ ဟိုက်ဒရိုဂျင်သည် လည်းကောင်း၊ ဟိုက်ဒရိုဂျင် ဒြပ်စင်သည်လည်းကောင်း ဓာတ်လျှော့သတ္တိ (Reductive Property) ရှိ၏။ ရှေးဦးကမ္ဘာသည် ဓာတ်လျှော့သတ္တိရှိသဖြင့် ရှုပ်ထွေးသော မော်လီကျူးများ တည်ဆောက်ရာတွင် များစွာ အကူအညီပေးသည်။ မြစ်များက ရေတိုက်စားသဖြင့် သမုဒ္ဒရာထဲ ပျော်ဝင်ရောက်ရှိလာသော သံစသည့် သတ္တုများသည် ဓာတ်ပြုမှုများတွင် ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးနိုင်ကြ၏။ အောက်ဆီဂျင်မဲ့ ရေထုက ထို သံကို သံချေးတက်၍ သမုဒ္ဒရာကြမ်းခင်း၌ အနည်ထိုင်ပျက်စီးခြင်းမှ ကာကွယ်ပေးထားသေး၏။ ကမ္ဘာ့မျက်နှာပြင်သည် ယနေ့ခေတ်ထက် ပူသဖြင့် သမုဒ္ဒရာများသည်လည်း ယနေ့ထက် များစွာပူနွေးပြီး ဓာတ်ပြုမှုများအတွက် လိုအပ်သော ကြားခံဒြပ် ကို ပေးစွမ်းခဲ့ပေမည်။

(၂) ဇီဝမော်လီကျူးများ ဖြစ်လာနိုင်သည့် နည်းလမ်းများ
                ဓာတ်လျှော့သတ္တိရှိ လေထု၌ရှိသော ကုန်ကြမ်းဓာတ်ငွေ့များသည် သဘာဝအလျောက်ဖြစ်သော ခရမ်းလွန်ရောင်ခြည်၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ စသည့် စွမ်းအင်ထု ကြီးကြီးမားမားရှိပါက ရှုပ်ထွေးသော အခြေခံဇီဝမော်လီကျူးများ ဖြစ်လာနိုင်သည်။ ၁၉၅၂ခုနှစ်တွင် စတန်လေ မီလာ (Staney Miller) နှင့် ဟာရိုးယူရေး (Harold Urey) သိပ္ပံပညာရှင် နှစ်ဦးသည် ရှေးဦးလေထု၏ ဓာတ်ငွေ့များပါဝင်သော ဖန်အိုးထဲသို့ ရေကိုအပူတိုက်ကာ ရေငွေ့အဖြစ် ဖြတ်သန်းစေလျက် သဘာဝလျှပ်စီးလက်ခြင်းကို လျှပ်စီးမီးပွားများဖြင့် အတုပြုလုပ်စမ်းသပ်ခဲ့ကြသည်။ ထိုဖန်အိုးမှ တဆင့် ရေငွေ့သည် ငွေ့ရည်ဖွဲ့လျက် စီးကျကာ စုဆောင်းပြွန်တွင်းသို့ ရောက်ရှိလေသည်။ တစ်ပတ်မျှ မရပ်မနား စမ်းသပ်မှုကို ပြုလုပ်ရာ သဘာဝအလျောက် သက်ရှိများတွင် ပါဝင်သည့် အမီနိုအက်ဆစ် အမျိုးနှစ်ဆယ်ထက်ပင် ကျော်အောင် ရရှိလေသည်။ ထို့ပြင် သကြားဒြပ်ပေါင်းများ၊ အဆီဒြပ်ပေါင်းများလည်း ဖြစ်ထွန်းနိုင်ကြောင်းတွေ့ရသည်။ ထိုသို့ဖြစ်လာသော ဇီဝမော်လီကျူးများသည် မိုးရေနှင့်အတူ သမုဒ္ဒရာထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး သမုဒ္ဒရာကို ဇီဝပျော်ရည် (Primodial Soup) အဖြစ်ဖန်တီးလိုက်သည်။ ဖော်မယ်ဒီဟိုက် (CH2O)သည် သမုဒ္ဒရာ၌ ဓာတ်ကူပစ္စည်းသတ္တုအဖြစ် ကယ်လဆီယမ်နှင့် ထိတွေ့သော် ကာဗွန်ငါးလုံးပါသည့် သကြားဖြစ်လာမည်။ ဟိုက်ဒရိုဂျင်ဆိုက်ယန်နိုက် (HCN)သည် အမိုးနီးယားနှင့် ရေကြားခံတွင် ပေါင်းစည်းလျက် နျူကလီယိုတိုက်များတွင် ပါဝင်သည့် အဒီနင်း (Adenine)ဘေ့စ်ဖြစ်လာသည်ကို တွေ့ရသည်။ ဤနည်းလမ်းများဖြင့် ဖြစ်ထွန်းလာသော သကြားနှင့်ဘေ့စ်များသည်  ရေထဲပျော်ဝင်နေသော ဖော့စဖိတ်အိုင်ယွန်းများနှင့် ပေါင်းစည်းမိပြီး နျူကလီယိုတိုက်များ ဖြစ်လာပေမည်။ ထို ရိုင်းဘို့စ်သကြားဖြင့် ဖွဲ့စည်းထားသော နျူကလီယိုတိုက်များသည် ပရမ်းပတာ ပေါင်းစည်းကြပြီး အာအန်အေ မော်လီကျူး အမျိုးစုံဖြစ်လာကြမည်။ ဤ စမ်းသပ်ချက်များ၏ အံ့မခန်းအောင်မြင်မှုမှာ စမ်းသပ်ဓာတ်ငွေ့နှော နှင့် ရေတွင် အောက်ဆီဂျင်ဓာတ်ငွေ့ မပါဝင်ခြင်းကြောင့် ဖြစ်ရလေသည်။ နောက်ပိုင်းတွေ့ရှိချက်များအရ မီလာ-ယူရေးစမ်းသက်ချက်၏ ရှေဦးလေထုအတုတွင် ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နှင့် နိုက်ထရိုဂျင်များ ထည့်သွင်း စမ်းသပ်ကြည့်ရာ ပို၍အမျိုးစုံလင်သော ဇီဝမော်လီကျူးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိလာရသည်။

မီလာ-ယူရေး စမ်းသပ်ချက် သရုပ်ပြပုံ

(၃) အခြေခံဇီဝမော်လီကျူးများ
                ကျွန်ုပ်တို့သည် စမ်းသပ်ချက်များအရ သဘာဝအလျောက် ရရှိလာသော ဇီဝမော်လီကျူးများမှာ သကြားများ၊ နျူကလိယိုတိုက် ဘေ့စ်များ၊ အမီနိုအက်ဆစ်များ၊ ဖြစ်ကြသည်။ အမီနိုအက်ဆစ်များ အချင်းချင်း ဆက်တန်းရှည် ဆက်ကြပါက ပရိုတင်းမော်လီကျူးများဖြစ်လာမည်။ နျူကလိယိုတိုက်များ ဆက်တန်းရှည် ဆက်ပါက အာအန်အေခေါ် နျူကလိယစ် အက်ဆစ်များ ဖြစ်လာမည်။ နျူကလိယိုတိုက် ဘေ့စ်နှင့် ဖော့စဖိတ်တို့ပေါင်းပါက စွမ်းအင်ထွက်လွယ်သော အဒီနိုဆင်း ထရိုင်ဖော့စဖိတ် (ATP) များရနိုင်သည်။

(၄) အဆီပူပေါင်းများ
                သဘာဝအလျောက် ဖြစ်ထွန်းလာသော ဒွိစွန်း အဆီမော်လီကျူးများသည် သူ့အလိုလို အဆီပူပေါင်းများ ဖြစ်လာကြသည်။ ဤသည်မှာ ၎င်းမော်လီကျူးတို့၏ ရေခင်သောအစွန်းများသည် ရေဖက်သို့လှည့်နေပြီး ရေကြောက်သောအစွန်းများသည် အတွင်းဖက်သို့ လှည့်လျက် ရှိပြီး အဆီမော်လီကျူးလွှာ နှစ်ထပ်ဖြစ်လာ၍ ဖြစ်သည်။ သင့်လျော်လုံလောက်သော ပမာဏရှိပါက အဆီတို့သည် ပူပေါင်းများပင် ဖြစ်လာနိုင်ပေသည်။ ထို အဆီပူပေါင်းများသည် အခြားမဟုတ် ယနေ့ဇီဝ၏ အခြေခံအကျဆုံး ဆဲလ်မြှေးပါး၏ ရှေ့ပြေးသဏ္ဍာန် ပင်ဖြစ်သည်။ ထို အဆီပူပေါင်းများသည် ရေထဲတွင် မျောလာသော အခြား အဆီများကိုပါ ၎င်းတို့အစုအဝေးထဲ ထည့်သွင်းလျက် ကြီးထွားလာပြီး အရွယ်ကြီးလွန်းလာသော် အဆီပူပေါင်းအသစ်လေးများအဖြစ် ကွဲထွက်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းအဆီပူပေါင်းများသည် မိမိနှင့် ပုံတူအဆီပူပေါင်းများ ပွားနိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။
ဒွိစွန်းအဆီမော်လီကျူးများ၏ သဘာဝအလျောက်ဖြစ်လာသော ဖွဲ့စည်းပုံများ
 အလုံးသဖွယ် ခေါင်းများသည် ရေခင်သော ဖော့စဖိတ်အပိုင်း ဖြစ်သည်။ အမြီးများသည် ရေကြောက်သော ဖက်တီးအက်ဆစ် (Fatty Acid) အပိုင်း ဖြစ်သည်။


(၅) ယနေ့ခေတ် ဓာတုဇီဝစနစ်
                ယနေ့ခေတ် ဓာတုဇီဝ စနစ်ကို ခြုံငုံကြည့်လျှင် ဗီဇသတင်းအချက်အလက်များကို နျူကလိယိုတိုက်ဆက်တန်းမှ ဘေ့စ်အစဉ်များအဖြစ် ထိန်းသိမ်းပေးသူမှာ ဒီအန်အေဖြစ်ပြီး ၎င်း၏ ဘေ့စ်အစဉ်များအရ တပ်ဆင်လိုက်သော အမီနိုအက်ဆစ်အစဉ်များမှာ ပရိုတင်း ဓာတ်ကူပစ္စည်းများဖြစ်ပြီး ၎င်းပရိုတင်း ဓာတ်ကူများစွာသည် ဒီအန်အေကို ပုံတူပွားရာတွင် ကူညီပေးကြသည်။ ထိုဓာတ်ပြုမှုများစွာအတွက် လိုအပ်သော စွမ်းအင်ကို သကြားနှင့် အေတီပီ (ATP) တို့ကို ဖြိုခွဲရယူသည်။ ဒီအန်အေမှ ဗီဇသတင်းများကို ပရိုတင်းများအဖြစ် တပ်ဆင်ရာ၌ အာအန်အေ ခေါ် ဒီအန်အေလောက် မတည်ငြိမ်သော ယာယီမော်လီကျူးက ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးသည်။


ပရိုတင်း တပ်ဆင်ခြင်းဖြစ်စဉ်ကို အရှင်းဆုံး ပုံစံဖြင့် သရုပ်ပြပုံ။ ဒီအန်အေမှ အာအန်အေ အဖြစ် ဗီဇသတင်းကို ယာယီ ကူးယူခြင်းကို ဗီဇပုံမူကူးခြင်း (Transcription) ဟု ခေါ်သည်။ အာအန်အေမှ ဘေ့စ်အစဉ်အဖြစ် ရှိနေသော ဗီဇသတင်းကို ပရိုတင်းအဖြစ် အမီနိုအက်ဆစ်များကို စီစဉ် တပ်ဆင်သော ဖြစ်စဉ်ကို ဗီဇပုံမူပြန်ခြင်း (Translation) မည်၏။


(၆) အိုင်ဂျန် ထောက်ပြသော ပြဿနာ (Eigen’s Paradox)
                ယနေ့ခေတ် ဓာတုဇီဝစနစ်သည် မည်သည့်အပိုင်းမှ စတင်ပေါ်ပေါက်လာသည်ကို မေးခွန်းထုတ်လာကြသောအခါ၊ ပထမဆုံးပေါ်ပေါက်သော မော်လီကျူးသည် ဒီအန်အေ လော၊ ပရိုတင်းလော မကွဲပြားပေ။ မန်းဖရက်ဒ် အိုင်ဂျန် (Manfred Eigen) ကမူ ထိုပြဿနာကို ရိုးရိုးလေးပင် ကောက်ချက်ချထားသည်။ ဒီအန်အေသည် ပုံတူပွားရန်အတွက် ပရိုတင်းဓာတ်ကူများ လိုအပ်သည်။ ဓာတ်ကူများဖြင့် ပုံတူပွားသည့်တိုင်အောင် အသစ်ကူးထားသော ဒီအန်အေသည် မူလ ဒီအန်အေနှင့် မတူပဲ ပုံမူပြန်ခြင်းအရ ရလဒ်ပရိုတင်း၏ လုပ်ဆောင်တာများကို ထိခိုက်စေလောက်သည့် နျူကလိယိုတိုက် ဆက်တန်း အမှားများပါလာတတ်သည်။ ထိုအမှားများကို ပြင်ရန် နောက်ထပ် ပရိုတင်း ဓာတ်ကူများ လိုနေ၏။ ဒီအန်အေ မိတ္တူကူး ပရိုတင်းဓာတ်ကူသည် အမှားပြင်ဓာတ်ကူပရိုတင်း မပါပဲ မှန်ကန်အောင် ဓာတ်ကူပေးနိုင်သည်မှာ နျူကလိယိုတိုက် အစုံပေါင်း ၁ဝဝမျှသာဖြစ်သည်။ ဤအများဆုံး မှန်အောင် ဓာတ်ကူပေးနိုင်သည့် အမှတ်ကို ကျော်သည်နှင့် နဂိုမော်လီကျူးမှ ပုံတူကူးလာသော ဒီအန်အေ အသစ် အားလုံးလိုလိုပင် အနည်းဆုံး အမှားတစ်ခု ပါလာလိမ့်မည်။ ထိုအမှားကြောင့် ဖြစ်လာမည့် ပရိုတင်းများသည်လည်း ကောင်းစွာ အလုပ်လုပ်နိုင်မည် မဟုတ်ပေ။ တဖန် အမှားပြင်ပေးသော ပရိုတင်းများ ဖြစ်လာရန်အတွက်လည်း နျူကလိယိုတိုက် အစုံ ၁ဝဝထက်ပိုသော ဒီအန်အေများ လိုအပ်နေပြန်သည်။ မှန်ကန်သော ဒီအန်အေ ဆက်တန်းရှည်ကြီးများ ဖြစ်လာရန် အမှားပြင် ပရိုတင်း ဓာတ်ကူများလိုအပ်နေပြီး ထို ပရိုတင်းများမှာလည်း မှန်ကန်သော ဒီအန်အေဆက်တန်းရှည် များလိုအပ်ပေသည်။ သို့ဖြစ်၍ အခြားအထောက်အကူ မရှိပဲ ဒီအန်အေသည်လည်း နျူကလိယိုတိုက် အစုံ အလုံး ၁ဝဝကျော်မည် မဟုတ်သကဲ့သို့ ကမ္ဘာဦး ပရိုတင်းများသည်လည်း ယနေ့ပရိုတင်းများအဖြစ် ပိုမိုရှုပ်ထွေးလာမည် မဟုတ်ချေ။ ထိုပြဿနာသည် ကြက်ဥနှင့် ကြက်မ မည်သည်က အရင်ဖြစ်သနည်း ဟူသော ပြဿနာမျိုးနှင့် ဆင်ဆင်တူလေသည်။

(၇) အာအန်အေ တို့၏ ထူးခြား ဂုဏ်သတ္တိ နှင့် ပြဿနာ၏အဖြေ
                ယနေ့ခေတ် ဓာတုဇီဝလောကတွင် ဒီအန်အေမှ ဗီဇသတင်းများကို ပရိုတင်းများအဖြစ် ပုံမူပြန် (Translation) ရာ၌သာ လိုအပ်သော အရေးမကြီးထင်ရသည့် အာအန်အေ နျူကလိယစ် အက်စစ်သည် ထူးခြားသော ဂုဏ်သတ္တိများ ရှိနေ၏။ ၎င်းနှင့် ညီနောင်ဖြစ်သော နျူကလိယစ် အက်စစ် တစ်မျိုး ဖြစ်သော ဒီအန်အေသည် နျူကလိယိုတိုက်ဆက်တန်း နှစ်ခုကို ဘေ့စ်များအကြား ဟိုက်ဒရိုဂျင် ဓာတ်စည်းများဖြင့် ကြောင်လိမ်လှေကားသဖွယ် ခွေလျက်သာ နေ၏။ အာအန်အေမှာမူ နျူကလိယိုတိုက်ဆက်တန်း တစ်ခုအဖြစ်သာ အနေများ၍ အမီနိုအက်စစ် ဆက်တန်းများ ရေခင်ရေကြောက်အားများဖြင့် ခွေလိမ်ပြီး ဓာတ်ကူပစ္စည်းဖြစ်သော ပရိုတင်းများ ဖြစ်လာသကဲ့သို့ပင် ၎င်းသည်လည်း ခွေလိမ်လျက် နျူကလိယစ်အက်စစ် ဓာတ်ကူပစ္စည်းများ ဖြစ်လာနိုင်ပေသည်။ ထို အာအန်အေ ဓာတ်ကူပစ္စည်းများကို ရိုက်ဘိုဇိုင်း (Ribozyme) ဟုခေါ်သည်။ တဖန် အာအန်အေသည် နျူကလိယစ်အက်ဆစ် ဖြစ်သဖြင့် ဗီဇသတင်းများကို သယ်ပေးသော ဒီအန်အေ၏ ရှေ့ပြေးမော်လီကျူးလည်း မည်ပေသည်။ ထို့ကြောင့် ပရိုတင်းနှင့် ဒီအန်အေ မည်သူ အရင်ဖြစ်သနည်းဟူသော ပြဿနာကို အာအန်အေက အရင်ဖြစ်သည်ဟု ဖြေရှင်းခြင်းမည်၏။
                သို့ဖြစ်၍ ကမ္ဘာဦးကာလက ဇီဝစနစ်များသည် အာအန်အေ ဓာတ်ကူပစ္စည်းများကို ဗဟိုပြုသော အာအန်အေပဓာနလောက (RNA World) ဖြစ်မည်။ ၎င်း ဓာတ်ကူပစ္စည်းများ၏ တည်ဆောက်ပုံများ ခိုင်မြဲအောင် အမီနိုအက်ဆစ် ဖြည့်စွက်ရပေမည်။ (က)။ နောင်အခါသော် ပိုမိုရှည်လျား ရှုပ်ထွေးလာသော အာအန်အေအချို့သည် အမီနိုအက်ဆစ် တစ်ခုမကပဲ ဆက်တန်းရှည်များလိုအပ်လာမည်ဖြစ်သည်။ (ခ)။ ထိုအခါ အမီနိုအက်ဆစ် တစ်လုံးစီသာ တွဲသော အာအန်အေတို့ အချင်းချင်း ဓာတ်ပြုလျက် အခြားသော အာအန်အေတို့ လိုအပ်သော အမီနိုအက်ဆစ် ဆက်တန်းရှည်များကို ဖန်တီးပေးလာရမည်။ (ဂ၊ ဃ)။ အာအန်အေတို့ အချင်းချင်း ဓာတ်ပြုရာ၌ အစီအစဉ်ကျစေရန် နောက်ထပ် အာအန်အေ တစ်မျိုးက အကူအညီ ပေးလာရမည် ဖြစ်သည်။ (င)။ အမီနိုအက်ဆစ် တစ်လုံးစီကို သဘာဝအတိုင်း ဆက်ရာမှ မြန်ဆန် ထိရောက်အောင် ဓာတ်ကူပေးနိုင်သော အာအန်အေများလည်း ပေါ်ပေါက်လာဦးမည် ဖြစ်သည်။ (စ)။ ဤသို့ဖြင့် ဆက်လက် အဆင့်ဆင့် ပြောင်းလဲသောအခါ အမီနိုအက်ဆစ် တစ်လုံးစီ သယ်ပေးသော အာအန်အေ (ဂ) သည် ယနေ့ခေတ် ဆဲလ်များတွင် အမီနိုအက်ဆစ် တစ်လုံးစီကို ရှာဖွေ သယ်ဆောင်ပေးသော ပို့ဆောင်အာအန်အေ (tRNA) ဖြစ်လာပေမည်။ (ဆ)။ ပို့ဆောင် အာအန်အေတို့ အစီအစဉ်တကျ တွဲနိုင်ရန် အာအန်အေကမူ ယနေ့ခေတ် ဒီအန်အေမှ ပုံမူကူးပြီး ဖြစ်လာသော သတင်းပို့ အာအန်အေ (mRNA) ဖြစ်လာပေမည်။ (ဇ)။ အမီနိုအက်ဆစ်များ ဆက်သွယ်မှုကို ဓာတ်ကူပေးသည့် အာအန်အေတို့မှာ ယနေ့ခေတ် ပရိုတင်း တပ်ဆင်မှု ဖြစ်ပေါ်သည့် ရိုက်ဘိုဆုမ်းမှ အမီနိုအက်ဆစ် ဆက်တန်းများပြုလုပ်ပေးသည့် ရိုက်ဘိုဆုမ်း အာအန်အေ (rRNA) များ ဖြစ်လာပေမည်။ (စ်)။ ဖြစ်ပေါ်လာမည့် အမီနိုအက်ဆစ် ဆက်တန်းသည် ပိုမိုရှည်လျားလာသောအခါ ပိုလီပက်ပတိုက်များ (Polypeptide) ၊ ပက်ပတုမ်း (Peptone)များ၊ ပရိုတီးယို့စ် (Proteose) များ၊ ဖြစ်လာလျက် နောင်အခါသော် ပရိုတင်းများ အဖြစ်မွေးဖွားလာခဲ့သည်။ (ည) ။၎င်းတို့ကို အကူပစ္စည်းအဖြစ် အသုံးချခဲ့သော မူလ ရိုက်ဘိုဇိုင်းများ တစ်ဖြည်းဖြည်း ကွယ်ပျောက်လာခဲ့ဟန်တူပေသည်။

ပုံ(၁၇) အာအန်အေ နှင့် ပရိုတင်း ဆင့်ကဲဖြစ်စဉ်

                ဤသို့ဖြင့် ပရိုတင်းများသည် ပိုမိုရှုပ်ထွေးလာသည့်အလျောက် ဒီအောက်ဆီရိုက်ဘို့စ် နျူကလီယိုတိုက် (Deoxyribose Nucleotide) များကို ဖန်တီးနိုင်လာသောအခါ ဒီအန်အေ မွေးဖွားလာခဲ့သည်။ ယနေ့ခေတ် အမြင်ဖြင့်ရှုသော် ဒီအန်အေသည် အခရာ ဗီဇမော်လီကျူးသဖွယ်ဖြစ်လျက် သတင်းပို့ အာအန်အေသည် ယာယီမိတ္တူ သဖွယ်သာ ဖြစ်နေသော်လည်း ဆင့်ကဲဖြစ်စဉ်အရ ကြည့်လျှင် သတင်းပို့ အာအန်အေသည် မူရင်းဖြစ်ပြီး ဒီအန်အေသည် ပိုမိုကျစ်လျစ်သော မိတ္တူ တစ်မျိုးသာ ဖြစ်သည်ကို တွေ့ရပေမည်။ သို့ရာတွင် ဒီအန်အေ၏ တည်ဆောက်ပုံသည် အာအန်အေထက် ပိုခိုင်မြဲသည့်အလျောက် အခရာ ဗီဇမော်လီကျူးသည် အာအန်အေမှ ဒီအန်အေ အဖြစ်ပြောင်းလဲလာခဲ့သည်။ ဤ အာအန်အေ အခရာကျသော ဗီဇစနစ်ကို အာအန်အေ ပဓာနလောက (RNA World) ဟုခေါ်ပြီး ဒီအန်အေ ပေါ်ထွန်းလာပြီး ၎င်းသည်သာ အခရာကျသော ယနေ့ခေတ်ဗီဇစနစ်ကို ဒီအန်အေ ပဓာန လောက (DNA World) ဟုခေါ်နိုင်သည်။
 
 (၈) အဆီပူပေါင်းနှင့် ဓာတုဇီဝစနစ်များ ပေါင်းစည်းခြင်း
                သမုဒ္ဒရာထဲတွင် ပျော်ဝင်နေသော ဤဇီဝမော်လီကျူးများသည် ကျယ်ပြောလှသော ရေထုဝယ် သေးနုတ်လှသော ပမာဏလောက်ဖြင့် ဇီဝ၏ ပိုမိုရှုပ်ထွေးသော ဖွဲ့စည်းမှုများ မဖြစ်လာနိုင်ပေ။ သမုဒ္ဒရာထဲရှိ အဆီများက ပူပေါင်းအဖြစ် ဖွဲ့စည်းစဉ်တွင် ဤဇီဝမော်လီကျူးများလည်း ပိတ်လှောင်မိပြီး ဖြစ်သွားနိုင်သည်။ ထိုအခါ ပြင်ပ အနှောင့်အယှက် ကင်းသည်က တစ်ကြောင်း၊ အနေနီးစပ်ခြင်း သက်ရောက်မှု (Proximity Effect) အရ အလုံပိတ်ထားသော ပူပေါင်းအတွင်း ရောက်ရှိနေ၍ ၎င်းတို့ချင်း ထိတွေ့မှု များသည်က တစ်ကြောင်း ဓာတ်ပြုမှုများ ပိုမိုလျင်မြန်ပြီး၊ ပိုရှုပ်ထွေးသော မော်လီကျူးအကြီးစားများလည်း ဖြစ်ထွန်းလာနိုင်သည်။ အာအန်အေလောကမှ ဒီအန်အေ လောက ဖြစ်လာပုံသည် ဤအဆီပူပေါင်းများထဲ၌ ဖြစ်လာပေမည်။
                ဇီဝမော်လီကျူးများသည် အဆီပူပေါင်းကို တစ်လုံးစီဖြင့် အလွယ်တကူ ဝင်လာပြီး ဆက်တန်းရှည် မော်လီကျူးကြီးများ ဖြစ်လာသော အခါ အပြင်သို့ ပြန်မထွက်နိုင်ပဲ ဖြစ်လာသည်။ ထို့အပြင် ပင်လယ်သည် ထိုအခါက ရေအောက်မီးတောင်များ ပိုမိုများပြားရာ ယခုထက် ပို၍ပူနွေးပြီး တိုက်များလည်း ကောင်းစွာ မဖြစ်ထွန်းသေး၍ ရေလည်း ယခုထက် ပိုတိမ်လေရာ အပူစီးကြောင်း (Convection Currents) များလည်း ပိုမိုသွက်လက်ခဲ့မည်ဖြစ်သည်။ အဆီပူပေါင်းများသည် ရေအောက်မီးတောင်များတွင် ဖြစ်တည်ခဲ့ပြီးနောက်၊ ရေမျက်နှာပြင်ဖက်သို့ ရောက်သောအခါ ပိုမိုရှုပ်ထွေးသော ဆက်တန်းရှည် (Polymer) များ ဖန်တီးလာခဲ့လိမ့်မည်။ တဖန် ရေအောက်သို့ ပြန်ရောက်သောအခါ နောက်ထပ် ကုန်ကြမ်း မော်လီကျူးငယ်များ ထပ်မံ ဝင်ရောက်လာပြီး ရေအေးဖက်သို့ ရောက်သောအခါ နောက်ထပ် ဆက်တန်းရှည်မော်လီကျူးများ ဖြစ်လာကြသည်။ ဤနည်းဖြင့် ရေပူရေအေး သံသရာအတိုင်း အဆီပူပေါင်းများအတွင်း ဇီဝမော်လီကျူး ဆက်တန်းရှည်များ ပိုမို ပိတ်လှောင်မိလာခဲ့သည်။
                ပျော်ဝင်ခြင်း နိယာမ (Solvation) အရ ထိုမော်လီကျူးများကို ဆိုဒီယမ်၊ ပိုတက်ဆီယမ် စသော ပျော်ဝင်မော်လီကျူးများ ဝိုင်းရံလျက် ရှိတတ်ကြသည်။ တဖန် မော်လီကျူး ပိုကြီးလေ ပျော်ဝင်မော်လီကျူးများကို ပိုဆွဲထားနိုင်လေ ဖြစ်သည်။ မော်လီကျူးပိုကြီးပြီး ပျော်ဝင်မော်လီကျူးပိုများသဖြင့် အရည်ပျစ်လာသောအခါ ပူပေါင်းအတွင်းသို့ ရေများ ဝင်ရောက်လာသည်။ ထိုအခါ သာမိုဒိုင်နမစ် နိယာမ (Thermodynamics) အရ အဆီပူပေါင်းသည် ဝင်ရောက်သော ရေနှင့် အချိုးကျ အဆီမော်လီကျူးများကို အခြား အရည်ကြဲသော ပူပေါင်းများဆီမှ လုယူနိုင်လာသည်။ ဤသည်မှာ ယှဉ်ပြိုင်ခြင်း၏ အစပင် ဖြစ်သည်။ ဤနိယာမ အရ ပူပေါင်းအတွင်း ဇီဝမော်လီကျူး ပိုများလေ ရေနှင့် အဆီပိုဆွဲနိုင်ပြီး အဆီပူပေါင်းလဲ ပိုကြီးလာလေဖြစ်သည်။ သို့နှင့် ပိုများသော ဇီဝမော်လီကျူးများပါသည့်၊ ပိုကြီးသည့် အဆီပူပေါင်းများသည် သဘာဝ၏ ရွေးချယ်ခြင်းကို ခံရလေသည်။
                ဒီအန်အေ လောကသည် အပိုဒ်(၇)တွင် ဖော်ပြထားသည့်အတိုင်း ဆင့်ကဲဖြစ်ပေါ်လာသည့်အခါ အဆီမော်လီကျူးများကို ပြုလုပ်နိုင်သည့် ပရိုတင်း ဓာတ်ကူများ ပေါ်ပေါက်လာသောအခါတွင်မူ အခြေအနေသည် များစွာ ပြောင်းလဲလာပေသည်။ ယခင်က တစ်ခုနှင့်တစ်ခု နီးစပ်လှသော်လည်း သက်သက်စီ ပုံတူပွားကြသော အဆီပူပေါင်းနှင့် ဓာတုဇီဝနစ်များမှာ ယခုအခါတွင် ပေါင်းစည်းမိကြလေပြီ။ ဓာတုဇီဝစနစ်မှ ပရိုတင်းများသည် အဆီပူပေါင်း၏ ပျက်စီးယို့ယွင်းသွားသော အစိတ်အပိုင်းများကို ပြန်လည် ဖာထေးနိုင်လာပေပြီ။

(၉) ဆဲလ်၏ ရှေ့ပြေး အဆီပူပေါင်းစနစ်များ
                အဆီပူပေါင်းများ ရေရှည် တည်မြဲရန်နှင့် ကြီးထွားရန်မှာ သဘာဝအလျောက်ဖြစ်ပေါ်သော နောက်ထပ် အဆီ မော်လီကျူးအသစ်များကို ရရှိမှ ဖြစ်ပေမည်။ တစ်ဖန်ရှိပြီးသား အဆီပူပေါင်း၏ အမြှေးပါးများသည်လည်း ပျော်ရည်ပြင်း ရေဆွဲအား (Osmotic Pressure) ကြောင့်လည်းကောင်း၊ အဆီများ ဓာတ်လျော့ပျက်စီးခြင်းကြောင့် လည်းကောင်း၊ အဆီဖွဲ့စည်းပုံ၏ ဓာတုသဘောအရ တောင့်ခိုင်မှု ရှိဖို့လိုသည်။ အဆီအမြှေးပါးဖွဲ့စည်းမှု တောင့်တင်းရန်မှာ ထိုအဆီအမြှေးပါး၏ မော်လီကျူးအမျိုးအစားပေါ် မူတည်သည်။ တဖန် အဆီပူပေါင်း၏ အတွင်းနှင့်အပြင် ပျော်ရည်ပြင်းအား မတူသည့်အလျောက် ရေသည် အထဲသို့ တိုးဝင်ပါက ပူပေါင်း ပေါက်သွားနိုင်ပြီး အပြင်သို့ စိမ့်ထွက်ပါက ပူပေါင်းသည် ရှုံ့သွားနိုင်သည်။ ထို ရှုံ့ခြင်းတင်းခြင်းကို ခံနိုင်ရည်ရှိအောင် ပူပေါင်း၏ အတွင်းအပြင် ပျော်ရည်ပြင်းအားကို ထိန်းပေးဖို့လိုသည်။ သို့နှင့် အဆီပူပေါင်း အမြှေးပါးနေရာတွင် နစ်ဝင်လျက် ပျော်ရည် အဏုမြူများကို တစ်ဖက်မှ တစ်ဖက်သို့ ပို့သော ပရိုတင်းဓာတ်ကူများ ဆင့်ကဲဖြစ်ထွန်းလာသည်။ ယနေ့ခေတ်သက်ရှိဆဲလ်များ အားလုံးတွင်မူ ဖော့စဖိုလစ်ပစ် အဆီမော်လီကျုး တစ်မျိုးတည်းသာတွေ့ရသဖြင့် ၎င်းသည်သာ အသင့်လျော်ဆုံး ဖြစ်ဟန်တူသည်။ ဖော့စဖိုလစ်ပစ်သည် တောင့်တင်းရုံသာမက အလတ်စားနှင့် အကြီးစား မော်လီကျူးများကိုလည်း ဖြတ်သန်းစီးဆင်းခွင့် မပေးချေ။ ထို့ကြောင့် မော်လီကျူးအကြီးစားများကို အဆီလွှာ တစ်ဖက်မှ တစ်ဖက်သို့ပို့ပေးသော ပရိုတင်းများ ပေါ်ပေါက်လာသည်။ ယနေ့ခေတ် ဆဲလ်တိုင်းတွင် ထို အမြှေးပါး ပရိုတင်းများနှင့် မကင်းချေ။ ၎င်းတို့သည် ဆဲလ်၏ ပုံပန်းသဏ္ဍာန်ကို ထိန်းပေးသော မော်လီကျူးများ ဖြစ်ကြသည်။ ဇီဝစနစ်နှင့် အဆီပူပေါင်းတို့ အသင့်အတင့် အတုံ့အလှည့်ရရှိပြီးသော အခါတွင် ဆဲလ်၏ ရှေးပြေး စနစ်များ စတင်ဖြစ်လာခဲ့မည်။ ၎င်းစနစ်များတွင် ဖော့စဖိုလစ်ပစ် အဆီပူပေါင်းများ ရှိပြီး ဒီအန်အေဖြင့် ဗီဇသတင်းကို ထိန်းသိမ်းကာ စနစ်၏ ပျော်ရည်ပြင်းအားကို ထိန်းသိမ်းသည့် အမြှေးပါး မော်လီကျူးများ ဖြစ်လာမည်။

(၁ဝ) စွမ်းအင် သုံးသည့် စနစ်များ
                ပူပေါင်းတွင်းမှ ပျော်ဝင်ပစ္စည်းများကို ပြင်းအား ပိုများသော ပြင်ပသို့ ထုတ်ပစ်သည့် ဓာတ်ပြုမှုများအတွက် စွမ်းအင်လိုအပ်သည်။ ၎င်းစွမ်းအင်ကို ပြိုကွဲလွယ်ပြီး ဓာတုစွမ်းအင်များသော မည်သည့် မော်လီကျူးမှ မဆိုရရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ နျူကလိယစ် ဘေ့စ် တစ်မျိုးဖြစ်သော အက်ဒနင်း နှင့် ဖော့စဖိတ် သုံးလုံး ပါဝင်သော အေတီပီ ဇီဝဒြပ်ပေါင်းသည် ပူပေါင်းအတွင်း အပေါများဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ဟန်တူသည်။ သို့ဖြစ်၍သာ စွမ်းအင်သုံး ပရိုတင်းများသည် အေတီပီ မော်လီကျူးကိုသာ တစ်ခုတည်းသော အရင်းအမြစ် အဖြစ် အသုံးပြုကြပေမည်။ ထို အေတီပီ ကမူ ဖော့စဖိတ် နှစ်လုံး ပါဝင်သော အေဒီပီ (Adenosine Diphosphate) မှ ရရှိလာခြင်းဖြစ်ပြီး၊ ထို အေဒီပီမှ အေတီပီ ပြောင်းရန် စွမ်းအင်ကို သကြား၊ အမီနိုအက်ဆစ်၊ အဆီ စသည့် ပစ္စည်းများကို ဖြိုခွဲပစ်ရာမှ ရရှိနိုင်သည်။ ထိုသို့ ဖြိုခွဲရာ၌ ဒြပ်ပေါင်း တစ်မျိုးစီအတွက် ပရိုတင်း ဓာတ်ကူ တစ်မျိုးစီ ရှိနေပြီး စနစ်မှာ အလွန် ရှုပ်ထွေးသည် ဟု ထင်ရသော်လည်း၊ စင်စစ် ဓာတ်ပြုမှုအမျိုးအစားမှာ ဒါဇင် အနည်းငယ် တမျှ နည်းပါးပေသည်။

(၁၁) စွမ်းအင် ထုတ်သည့် စနစ်များနှင့် ဇီဝကမ္မဖြစ်စဉ်
                ကမ္ဘာ၏ ဓာတ်လျော့သတ္တိရှိသော သဘာဝ ပတ်ဝန်းကျင်သည် သကြားများ၊ အမီနိုအက်ဆစ်များ၊ ဘေ့စ်များ၊ အဆီများ သဘာဝအလျောက် ဖြစ်ထွန်းစေနိုင်သော်လည်း၊ ဇီဝကမ္မဖြစ်စဉ် ရှိနေသော လှုပ်ရှားသက်ဝင်နေမည့် သက်ရှိဆဲလ်တစ်ခု ဖြစ်လာရန်မူ မလုံလောက်ပေ။ ဇီဝဓာတုစနစ်များတွင် မော်လီကျူးအသစ်များကို သဘာဝ၏ အကူအညီမပါပဲ လိုအပ်ချက်အရ တည်ဆောက်နိုင်ရမည်။ ထိုသို့တည်ဆောက်ရန် သင့်လျော်သော ကမ္ဘာဦး ပတ်ဝန်းကျင်မျိုးမှာ ရေအောက် ချော်ပူစမ်းများ ဖြစ်သည်။ ထို ချော်ပူစမ်းများမှ ထွက်သော ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တို့ကို ထိုချော်ပူစမ်းများမှပင် ထွက်သော သံဆာလဖိုက်နှင့် နီကယ်ဆာလဖိုက် ဓာတ်ကူများ၏ အကူအညီဖြင့် သကြားဒြပ်ပေါင်းများ ဖြစ်လာနိုင်သည်။ တစ်ဖန် ဓာတ်ပြုမှုများ ဖြစ်ရန် အပူချိန် ၂၅ဝ° ဆဲလစီးယပ်စ်ကိုလည်း ချော်ပူစမ်းများက ပေးစွမ်းနိုင်သည်။ အဆိုပါ စွမ်းအင် ထုတ်သည့် စနစ်ကို ဓာတုစွမ်းအင်သုံး အစာချက်ခြင်း (Chemosynthesis) ဟု ခေါ်ဆိုနိုင်ပြီး ရောင်ခြယ်များနှင့် စွမ်းအင်မြင့် အီလက်ထရွန်များကို အခြေခံသော နေရောင်သုံး အစာချက်ခြင်း၏ ရှေ့ပြေးစနစ်ဖြစ်သည်။
                အဆိုပါ ရရှိလာသော သကြားများကို လိုအပ်သော နေရာတွင် အဆင့်ဆင့် ပြန်လည် ဖြိုခွဲခြင်းဖြင့် စွမ်းအင် ထုတ်ယူနိုင်သည်။ သကြားကို စွမ်းအင်သုံး စနစ်များက ဇီဝကမ္မလောင်စာဖြစ်သည့် အေတီပီနှင့် အခြားဖြိုခွဲရလွယ်သော စွမ်းအင် သိုလှောင်သည့် မော်လီကျူးများ အဖြစ် အသွင်ပြောင်းပေးသည်။ အဆီပူပေါင်းအတွင်း သင့်လျော်သော လောင်စာပြင်းအား ရရှိအောင် လုပ်ဆောင်ပေးထားသည်။ ထိုလောင်စာများဖြင့် ပရိုတင်းဓာတ်ကူများသည် ဓာတ်ပြုမှု ပေါင်းစုံ ကို ဆောင်ရွက်နိုင်ကြသည်။

(၁၂) ရှေးအကျဆုံး ဆဲလ်
                အဆီပူပေါင်းနှင့် ၎င်းအထဲမှ ဇီဝမော်လီကျူးများသည် တစ်ခုနှင့်တစ်ခု အတုံ့အလှည့်များစွာ ပြုလုပ်လျက် ပိုမို ရှုပ်ထွေးလာကြ၏။ ပထမဆုံး ဒီအန်အေ ပုံတူပွားစနစ်သာ ရှိရာမှ အဆီပူပေါင်း သက်တမ်းကို ဆွဲဆန့်နိုင်မည့် အဆီချက်လုပ်သည့် စနစ်ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဖန် ဤအဆီပူပေါင်းနှင့် ဇီဝစနစ်လေး သက်တမ်း ထပ်မံရှည်စေမည့် စွမ်းအင်သုံးသည့် ပျော်ရည်ပြင်းအား ထိန်းစနစ်၊ စွမ်းအင်ထုတ် စနစ်များ၊ နှင့် အတူ ဇီဝမော်လီကျူး ပေါင်းစုံကို သဘာဝက ထုတ်ပေးသည်ကိုသာ မှီခိုစရာ မလိုတော့ပဲ ကုန်ကြမ်းများမှ တိုက်ရိုက်ချက်ယူနိုင်သည့် စနစ်များ ရရှိလာသောအခါ ဇီဝကမ္မဖြစ်စဉ်နှင့် မျိုးပွားနိုင်စွမ်း နှစ်မျိုးလုံး ပိုင်ဆိုင်သော ပထမဆုံး ဆဲလ် တစ်မျိုး ဖြစ်လာခဲ့ပေမည်။ ထို ဆဲလ်၏ အသွင်အပြင် မည်သို့ ရှိမည်၊ သူ၏ ဇီဝဓာတုစနစ်များမှာ မည်သို့ ရှိမည်ကို မသိနိုင်ပါ။ သို့သော် ယနေ့ခေတ် ဒီအန်အေ လောကမှ အချက်အလက်များအရ ဇီဝကမ္မဖြစ်စဉ်နှင့် မျိုးပွာနိုင်မှု နှစ်ခုလုံးကို နိုင်နင်းလောက်သည့် အရိုးရှင်းဆုံး အနည်းဆုံး ဇီဝဓာတု စနစ်ရှိမည်ဟု သတ်မှတ်နိုင်သည်။ ဤဆဲလ်ကို ကျွန်ုပ်တို့ ‘လူကာ’ (LUCA – Last Universal Common Ancestor - အားလုံး၏ နောက်ဆုံးဘုံ ဇီဝသက်ရှိ) ဟု ခေါ်ပါမည်။

သက်မဲ့မှ သက်ရှိ ဖြစ်ပေါ်ပုံ အယူအဆ သုံးသပ်ချက်
                ဤအယူအဆသည် ကမ္ဘာဂြိုဟ်ပေါ်တွင်ပင် သက်မဲ့ရုပ်တရားမှ သက်ရှိ သဘာဝအလျောက် သူ့အလိုလို ဆင့်ကဲဖြစ်ပေါ်လာခြင်းကို ပြဆိုသည်။ ဖြစ်စဉ်၏ အရင်းခံ အကြောင်းတရားမှာ ကမ္ဘာလေထုသည် ထိုစဉ်က ဓာတ်လျော့သတ္တိ ရှိနေ၍ ရှုပ်ထွေးသော ဒြပ်ပေါင်းများ ဖြစ်ထွန်းခြင်းကို အားပေးနေခြင်းပင် ဖြစ်သည်။ ဇီဝသည် မူလအစ များစွာရှိသည်။ ဖြစ်နိုင်ချေများစွာရှိသည့် လမ်းများစွာရှိသည်။ သို့သော် မူလအစတိုင်းသည် အောင်မြင်သော ဇီဝသဘာဝကို မဖန်တီးပေးနိုင်ပေ။ သို့ဖြစ်၍ ကမ္ဘာ၏ အခြေအနေနှင့် ကိုက်ညီသော ဇီဝစနစ်ကို ပေးစွမ်းနိုင်သည့် မူလအစမှသာ ယနေ့ခေတ် ဇီဝအားလုံး ဖြစ်ပေါ်လာသည်ဖြစ်သည်။ အတိုချုပ်ဆိုရသော် ဇီဝသည် မူလအစများစွာရှိနိုင်သော်လည်း၊ ယနေ့ခေတ်ဇီဝသည် ၎င်းမူလအစများစွာထဲမှ တစ်မျိုးတည်းမှ ဆင်းသက်လာသည် ဟုဖြစ်၏။ ဂေဟစနစ် ယန္တရားများအရ မိမိအစာမိမိချက်လုပ်နိုင်သော သက်ရှိသည် အခြေခံ၊ အခရာ အုတ်မြစ် ဖြစ်သော်လည်း၊ ဆင့်ကဲဖြစ်စဉ်အရမူ မိမိအစာမိမိချက်လုပ်နိုင်သော ဇီဝသည် နောက်ပိုင်းတွင်မှ ပေါ်ပေါက်လာသည်။ ရှေးဦးဇီဝသည် ကျွန်ုပ်တို့ လူသားများကဲ့သို့ အစာအာဟာရကို ပြင်ပမှ မှီဝဲရသည်။ လူသားများသည် နေရောင်ဖြင့် အစာချက်သော အပင်မှ မှီဝဲရသော်လည်း၊ ထို ရှေးဦးဇီဝတို့သည် ဓာတ်လျော့သတ္တိအရ သဘာဝအလျောက် အလိုလိုဖြစ်ထွန်းလာနေသော ဇီဝမော်လီကျူးများ (တစ်နည်း) အစာများကို တိုက်ရိုက်မှီဝဲနိုင်သည်။ နောက်တစ်ချက်မှာ ယနေ့ခေတ်ကဲ့သို့ ဓာတ်တိုးပြီးသား လေထု၊ ရေထုမျိုးတွင် ထိုကမ္ဘာဦးက ဖြစ်စဉ်မျိုး လုံးဝ မဖြစ်လာနိုင်ကြောင်း သုံးသပ်နိုင်ရန်ဖြစ်သည်။ အကယ်၍ ဇီဝဖြစ်ထွန်းလာရန် ဇီဝမော်လီကျူးများသည် ကမ္ဘာပေါ်၌ လုံလောက်စွာ မဖြစ်ခဲ့ဆိုပါက ကျွန်ုပ်တို့တွင် နောက်ဖြစ်နိုင်ချေ တစ်ခုရှိသေးသည်။ ယခုအခါတွင်လည်း ပထမအယူအဆမှာ ကဲ့သို့ပင် အနန္တအာကာသပြင်ကို မှန်းဆရမည်။ ၁၉၆၉ခုနှစ် သြစတြေးလျတွင် မာချီဆန် (Murchison) အမည်ရှိ ဥက္ကာခဲကျရောက်လာခဲ့သည်။ ထိုဥက္ကာခဲတွင် အမီနိုအက်ဆစ် အမျိုး၉ဝကျော်ပါဝင်ပြီး ဇီဝသက်ရှိများ၏ အမီနိုအက်ဆစ် အမျိုး၂ဝမှ ၁၉မျိုးထိ စုံလင်စွာ ပါရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဇီဝမော်လီကျူးများသည် ကမ္ဘာပေါ်၌ မဖြစ်ခဲ့သော် အာကာသမှ ကျဆင်းလာဖို့ ရှိ၏။



(ကျော်စွာလင်း)

No comments:

Post a Comment