Search This Blog

Friday, April 6, 2012

မလျှော့ချနိုင်သော ရှုပ်ထွေးမှု (Irreducible Complexity)


           မလျှော့ချနိုင်သော ရှုပ်ထွေးမှု ဟူသည်ကား ဖန်ဆင်းရှင်ဝါဒီတို့၏ ဥာဏ်ကြီးရှင် ဒီဇိုင်နာလှုပ်ရှားမှု၏ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပေသည်။ ကမ္ဘာလောကကြီးကို ဘုရားသခင်က ဖန်ဆင်းသည်ဟု ယုံကြည်အပ်သော ဖန်ဆင်းရှင် ဝါဒီတို့အနေဖြင့် လောကကြီးသည် စနစ်ကျလှသည်။ ဒီဇိုင်းအကြီးကြီး တစ်ခုအောက်တွင် လှုပ်ရှားလည်ပတ်နေသည်။ အဆိုပါ ဒီဇိုင်းသည် ပရမ်းပတာ သဘာဝအလျောက် မဖြစ်လာနိုင်။ ဖန်ဆင်းရှင် ဘုရားရှင်က ဖန်ဆင်းတော်မူ၍သာ ဖြစ်လာနိုင်ပေသည်ဟု ယူဆကြသည်။ ၎င်းတို့က လောက၏ဒီဇိုင်း ဆိုရာ၌ သက်ရှိဇီဝ၏ ဆင့်ကဲပေါ်ပေါက်ပုံကို တင်ပြအပ်သော အီဗော်လျူးရှင်းသီအိုရီကို မဖြစ်နိုင် မှားယွင်းသည်ဟု ငြင်းချက်ထုတ်လာသည်။ သက်ရှိတို့တွင် မလျှော့ချနိုင်သော ရှုပ်ထွေးမှု ရှိသည်ဟု ထင်မြင်လာသည်။ မလျှော့ချနိုင်သော ရှုပ်ထွေးမှုဟူသော အသုံးအနှုန်းကို ဆောင်းပါးရှင် နှစ်ကြိမ် သုံးပြီးဖြစ်သည်။ အဘယ်အဓိပ္ပာယ်နည်းကိုမူ မရှင်းပြရသေး။

           မလျှော့ချနိုင်သော ရှုပ်ထွေးမှုဆိုသည်မှာ ဇီဝသက်ရှိတို့၏ အင်္ဂါစနစ်များ၊ ဇီဝကမ္မစနစ်များတွင် ၎င်းစနစ်၏ အစိတ်အပိုင်းလေး တစ်ခုကိုပင် ဖယ်ပစ်စေဦး ၎င်း၏မူလ လုပ်ငန်းစဉ် ပျက်စီးသွားစေနိုင်သော ရှုပ်ထွေးမှုတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ အဆိုပါ အစိတ်အပိုင်း တစ်ခုချင်းစီ ဆင့်ကဲပေါ်ပေါက်လာရန် မဖြစ်နိုင်ဟု ဆိုကြသည်။ စင်စစ်လည်း ၎င်းသည် ဇီဝစနစ်များတွင် အလွန် အတွေ့ရများသော လက္ခဏာတစ်ခု ဖြစ်ကြသည်။ အို ဒါဝင် ခင်ဗျား မှားသွားပြီဖြစ်သည်။ မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များ သည် ဆင့်ကဲဖြစ်ပေါ်ရန် မဖြစ်နိုင်။ သက်ရှိတို့တွင် ဤစနစ်များစွာရှိသည်။ သို့ဖြစ်၍ သင်ပြောသကဲ့သို့ သက်ရှိ ဇီဝသည် ဆင့်ကဲဖြစ်ပေါ်ခြင်း မဖြစ်နိုင်။ အဖဘုရားသခင်မှ ဖန်ဆင်းတော်မူမှ ဖြစ်ပေမည်။ အဖဘုရားသခင်၏ တန်ခိုးတော်သည် ကြီးမြတ်တော်မူလှပေသည်။ ဟာလေလူးယား ဟာလေလူးယား !!!

ပြီးပြတ်သွားပါပြီလော။ ဒါဝင်၏ သီအိုရီသည် တက်တက်စင်မှား သွားပါပြီလော?? ဆက်လက် ရှုစားပါ။



           ဖန်ဆင်းရှင်ဝါဒီတို့ အထူးသဖြင့် အသုံးချသော စနစ်မှာ ဘတ်တီးရီးယားဆဲလ်တို့၏ ပရိုတင်းအမျှင်များဖြင့် ပြုလုပ်ထားသော ဆဲလ်အမြီးများဖြစ်သည်။ အဆိုပါ အမြီးများကို လည်ပတ်စေခြင်းဖြင့် ဘတ်တီးရီးယားသည် ရေကူးနိုင်သည်။ အဆိပ်ရှိရာနေရာမှ ဝေးရာ၊ အစာရှိရာ သွားလာနိုင်သည်။ ဆဲလ်အမြီးတည်ဆောက်ပုံသည် ဘတ်တီးရီးယား အနေဖြင့်မူ အတော် ရှုပ်ထွေးသည်။ ပရိုတင်း အမျိုး၄၂မျိုးပါဝင်ကြောင်း တွေ့ရသည်။ အဆိုပါ ၄၂မျိုးထဲမှ တစ်မျိုးပင် ဖယ်စေဦီး။ ဆဲလ်မြီးမှာ ရေကူးရန် မဖြစ်နိုင်ပါ။ အမှန်ပင် မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်ဖြစ်သည်။ ဒါဝင်၏ သီအီုရီ မှားပြီလော။ မမှားပါ။ မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်ဆိုသည်မှာ ယခုအချိန်တွင် ရှိသော ဆဲလ်အမြီး၏ တည်ဆောက်ပုံသာ ဖြစ်၏။ ဆင့်ကဲဖြစ်စဉ် တစ်လျှောက်တွင် ၎င်းစနစ်သည် အဆင့်ဆင့် ပြောင်းလဲလျက် ယခုကဲ့သို့ မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်ဖြစ်လာရသည်။ ၎င်း အဆိုအရဆိုလျှင် ဘတ်တီးရီးယား၏ ဆဲလ်မြီးသည် ဆင့်ကဲဖြစ်ပေါ်နိုင်ပေသည်။ သို့သော် တကယ်ရော ဆင့်ကဲဖြစ်ပေါ်နိုင်ပါသလော။ ဆက်လက်ရှုစားပါ။
           ဘတ်တီးရီးယား၏ ဆဲလ်အကာအကွယ်သည် သုံးလွှာရှိသည်။ အဆီမော်လီကျူး နှစ်ထပ်ပါသော အပြင်ဖက် ဆဲလ်အမြှေးပါး နှင့် အတွင်းဖက် ဆဲလ်အမြှေးပါး အကြားတွင် ပရိုတင်းဆဲလ် နံရံတစ်ခု ရှိနေ၏။ အတွင်းအမြှေးပါးနှင့် ဆဲလ်နံရံကြားတွင် ပါရီပလာဇမ် (Periplasm) ခေါ် အရည်ကြည်လွှာရှိသည်။

 



အဆင့် (၁) ရိုးရိုးလေးပင် စတင်ကြပါစို့။ ဘတ်တီးရီးယား၏ အတွင်းအမြှေးပါးတွင် ဂလူးကို့စ်၊ အမီနို အက်ဆစ် စသည်တို့ ဖြတ်သန်းသွားလာရန် ရိုးရှင်းသော အပေါက်ပရိုတင်းများ ရှိသည်။ အဆိုပါ အပေါက်မှ မော်လီကျူး မျိုးစုံ သည် အတွင်းအမြှေးပါးနှင့် ဆဲလ်နံရံအကြား နေရာနှင့် ဆဲလ်အတွင်း အရည်ကြည်ကို ဖြတ်သန်း သွားလာနိုင်ကြသည်။



အဆင့် (၂) အဆိုပါ ပရိုတင်းကို အခြား ပရိုတင်းတစ်မျိုးက လာရောက် တွယ်ကပ်ခြင်းကြောင့် ဂလူးကို့စ် အပေါက်၊ အမီနိုအက်ဆစ်အပေါက်၊ ပရိုတင်း အပေါက် စသည်ဖြင့် အထူးပြု အပေါက်များဖြစ်လာသည်။ သို့ဖြစ်ရာ အပေါက်တစ်မျိုးသည် ပစ္စည်းအနည်းငယ်ကိုသာ ဖြတ်သန်းခွင့်ပေးနိုင်တော့သည်။ ဤ ဒုတိယအဆင့် တပ်ဆင်ပြီးသော ပရိုတင်းများနှင့် အပေါက်မျိုးစုံမှာလည်း ဘတ်တီးရီးယားများတွင် ရှိပြီးသားဖြစ်သည်။



အဆင့်(၃) ဘတ်တီးရီးယားတွင် ရှိပြီးသာ ATP Synthase အင်ဇိုင်းများမှ တစ်ခုဖြစ်သော F1-F0 ATP Synthase အင်ဇိုင်းသည် ကျွန်ုပ်တို့၏ ပရိုတင်း အစုအဝေးနှင့် လာရောက် ဆက်နွယ်သည်။ ၎င်းအင်ဇိုင်းရှိခြင်းကြောင့် အပေါက်၏ တစ်ဖက်တွင် မျိုးတူ မော်လီကျူးများနေသောလည်း အေတီပီမှ စွမ်းအင်ကို ဖြိုခွဲ၍ ရရှိသော စွမ်းအင်ဖြင့် ပန့်ထုတ်ပေးနိုင်လာသည်။ ဤသည်မှာ မျိုးတူ ပရိုတင်းများစွာကို အတွင်းအမြှေးပါး၏ အပြင်သို့ ရောက်ရှိလာနိုင်စွမ်း၏ အစပင်ဖြစ်သည်။









အဆင့် (၄) ဆဲလ်နံရံနှင့် ဆဲလ်အပြင်အမြှေးပါးကြားမှ မော်လီကျူးများကို ဆဲလ်အပြင်သို့ စွန့်ထုတ်ရန် စွန့်ထုတ်ပရိုတင်း Secretin နှင့် ဆက်စပ် ပရိုတင်း (Chaperone) များသည် ဆဲလ်နံရံနှင့် ဆဲလ်အပြင် အမြှေးပါးကို ခွလျက် ရှိကြသည်။ ၎င်းစနစ်ငယ်၏ လုပ်ငန်းစဉ်မှာ ဆဲလ်ရည်ကြည်နှင့် ပါရီပလာဇမ်ကို ဆက်ပေးပြီး ပရိုတင်းများကို ဖြတ်သန်းသွားလာခွင့် ပြုပေးခြင်းဖြစ်သည်။
 

အဆင့် (၅) ထို ပါရီပလာဇမ်နှင့် ဆဲလ်အပြင်ကို ဆက်ပေးသော ပရိုတင်း အစုအဝေးနှင့် ယခင်က ဆိုခဲ့သော ဆဲလ်ရည်ကြည်နှင့် ပါရီပလာဇမ်ကို ဆက်ပေးသော ပရိုတင်းစနစ်တို့ ပေါင်းစည်းသော် ဆဲလ်အတွင်းရည်ကြည်မှ ပရိုတင်းများသည် ပေါင်းစည်းထားသော စနစ်နှစ်ခုကို ဖြတ်သန်း၍ ဆဲလ်အပြင်ဖက်သို့ စွန့်ထုတ်နိုင်ကြသည်။ ဤပေါင်းစည်းစနစ်များမှာ ဘတ်တီးရီးယားတို့တွင် ဆဲလ်နံရံ ဆင့်ကဲဖြစ်ပေါ်စဉ်ကပင် ရှိနေပြီးသော ပရိုတင်းစနစ်များဖြစ်သည်။ တာဝန်မှာ ဆဲလ်အတွင်းနှင့် အပြင် ပစ္စည်းများ သယ်ပို့ခြင်းဖြစ်သည်။


ပြန်လည်သုံးသပ်ခြင်း


ယခုအခါ ကျနော်တို့သည် အပေါက်ပရိုတင်း၊ ဒုတိယအဆင့် တွယ်ဆက်သော ပရိုတင်း၊ F1-F0 ATP Synthase ပရိုတင်း အင်ဇိုင်း တို့ဖြင့် ဆဲလ်ရည်ကြည်နှင့် ပါရီပလာဇမ်ကို ဆက်ပေးသော စနစ်ရပြီဖြစ်သည်။ တဖန် Secretin နှင့် ဆက်စပ်ပရိုတင်းများမှ ပါရီပလာဇမ်နှင့် ဆဲလ်ရည်ကြည်ကို ဆက်ပေးသော ပရိုတင်းကို ရပေပြီ။ ဤပရိုတင်းများမှာ ဆဲလ်မြီးတွင်သာ ရှိသောပရိုတင်းများ မဟုတ်။ ဆဲလ်အတွက် လိုအပ်ချက်များအရ ဖွံ့ဖြိုးလာပြီးသော ပရိုတင်းများဖြစ်သည်။ ၎င်းတို့တွင် ဆဲလ်မြီး၏ အစိတ်အပိုင်းများအဖြစ် ရေကူးခြင်းတွင် မဆောင်ရွက်။ ကွဲပြားခြားနားသော စစ်ထုတ်ခြင်း လုပ်ငန်းစဉ်ရှိသည်။ တူညီသော စနစ်များ၏ အချင်းချင်း အတုံ့အလှည့်များကြောင့် ကွဲပြားသော လုပ်ငန်းအသစ်များ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ဤဖြစ်စဉ်ကို Co-option ဟုခေါ်သည်။ ယခု အဆင့်(၆)ကို ဆက်လက် လေ့လာကြပါဦးစို့။



အဆင့်(၆) ဆဲလ်ရည်ကြည်တွင်းမှ ဆဲလ်အပြင်သို့ ပရိုတင်းစနစ်ငယ်နှစ်ခုကို ပေါင်းထားသော ပေါင်းစပ်သယ်ပို့စနစ်ဖြင့် သယ်ပို့ရာတွင် တွယ်ကပ်ပရိုတင်း တစ်မျိုးသည် Secretin၏ မျက်နှာပြင် တစ်နေရာတွင် တွယ်ကပ်လာသည်။



အဆင့်(၇) F1-F0 ATP Synthase က စွမ်းအင်သုံး၍ တွယ်ကပ်ပရိုတင်းများကို ပန့်ထုတ်သဖြင့် Secretin ပေါ်တွင် တွယ်ကပ်ပရိုတင်းများသည် ၎င်းတို့၏ သဘာဝအတိုင်း ဆက်တန်းရှည်ဖြစ်လာသည်။ ဤတွယ်ကပ်ပရိုတင်း ဆက်တန်းရှည်ကြီးကို ပိုင်းလပ်စ် (Pilus) ဟုခေါ်သည်။ အဆိုပါ တွယ်ကပ်ပရိုတင်း ဆက်တန်းရှည်သည် ဘတ်တီးရီးယားကို ကျောက်တုံး၊ ရွှံ့၊ အစာ စသည်တို့ကို ပိုမိုတွယ်ကပ်ခွင့်ရလာသည်။ ထိုသို့ တွယ်ကပ်ခြင်းသည် ဘတ်တီးရီးယားကို အကျိုးပြုပြီး သူ၏ လုပ်ငန်းစဉ်မှာလည်း ချိတ်ကဲ့သို့ အစာနှင့် နေစရာနေရာများကို တွယ်ကပ်ပေးခြင်းပင်ဖြစ်သည်။



အဆင့်(၈) Tol-Pal System ပရိုတင်းသည် ပရိုတွန် ရွေ့လျားမှုအားကို ပရိုတင်း ရွေ့လျားမှုအဖြစ် အသွင်ပြောင်းနိုင်သော ပရိုတင်းတစ်မျိုးဖြစ်သည်။ ၎င်းပရိုတင်းတို့က ကျွန်ုပ်တို့၏ ပရိုတင်းအစုအဝေးကြီးနှစ်ခုကို ဓာတုနည်းအရ လာရောက် ဆက်သွယ်ပေးလိုက်သောအခါ ၎င်း၏ စွမ်းရည်ဖြင့် ပရိုတွန် ရွေ့လျားမှုအားကို ပရိုတင်းရွေ့လျားမှု အားအဖြင့် ပြောင်းပေးပြီး ပိုင်းလပ်စ် ပရိုတင်းဆက်တန်းရှည်ကြီးကို လည်ပတ်စေသည်။ လှုပ်ရမ်းနေသော ပိုင်းလပ်စ်သည် တည်ငြိမ်နေသော ပိုင်းလပ်စ်ထက် တွယ်ကပ်ဖို့ အခွင့်အလမ်းပိုများ၍ တည်ငြိမ်သော ပိုင်းလပ်စ်ထက် ဘတ်တီးရီးယားကို အကျိုးပိုပြုပေသည်။


 

အဆင့်(၉) နောင်အခါတွင် ပိုင်းလပ်စ် လှုပ်ရှားမှု ပိုကောင်းစေရန် Secretin ပရိုတင်း၏ မော်လီကျူးဆက်တန်း လျော့ကျကာ Pကွင်းဖြစ်လာသည်။ ၎င်း၏ ဆက်စပ်ပရိုတင်းများမှာမူ ၎င်းအစား ပွားများဖို့ နေရာရလာပြီး F ကွင်းဖြစ်လာသည်။ ၎င်းအနေအထားသည် ပိုင်းလပ်စ်ကို ရွေ့လျားနိုင်စွမ်းတိုးစေသည်သာမက ပိုင်းလပ်စ်ကိုလည်း မြဲမြံအောင် ထိန်းပေးထားနိုင်သည်။ ပိုင်းလပ်စ်သည်လည်း အပေါက်ပရိုတင်းရှိရာ အတွင်းဆဲလ်အမြှေးပါး ထဲအထိ ခြေကုပ်ယူခြင်းအားဖြင့် ၎င်း၏ တောင့်တင်းမှုကို မြင့်တက်လာသည်။



အဆင့်(၁ဝ) ဇီဝကမ္မဖြစ်စဉ်များတွင် ရှိနေပြီးဖြစ်သော သကြား၊ ဖော့စဖိတ်၊ ကယ်လဆီယမ် ပြင်းအား ထောက်လှမ်းပရိုတင်းများ (Transduction Protein) က ကျွန်ုပ်တို့၏ ပရိုတင်းအစုအဝေးကြီးနှင့် လာရောက် ဆက်နွယ်လာသည်။


           ၎င်းပရိုတင်းတို့သည် ပြင်ပရေထုမှ အစာ၊ အဆိပ်တို့ကို ထောက်လှမ်းနိုင်သော အမြှေးပါး ထောက်လှမ်းပရိုတင်းတို့၏ ဆဲလ်ရည်ကြည်တွင်း ဓာတ်ပြုမှု ကွင်းဆက်များတွင် ဆက်စပ်လာသောအခါ ယခုခေတ် ဘတ်တီးရီးယားတို့၏ ဆဲလ်အမြီးဖြစ်ပေပြီ။


           ကျွန်ုပ်တို့အနေဖြင့် ဘတ်တီးရီးယားဆဲလ်မြီး၏ မလျှော့ချနိုင်အောင် ရှုပ်ထွေးသောစနစ်သည် ဆင့်ကဲဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရပြီဖြစ်သည်။ စင်စစ် ဆင့်ကဲဖြစ်စဉ်သည် ယခုဥပမာကဲ့သို့ မလျှော့ချနိုင်သော ရှုပ်ထွေးမှု စနစ်များဖြင့် ပြည့်နှက်နေသည်။ သီအိုရီအနေဖြင့် ဤပြဿနာရပ်ကို မဖြေရှင်းနိုင်လျှင် ယခုကဲ့သို့ နှစ် ၁၂ဝကျော်အောင် တည်ရှိနေမည်မဟုတ်ချေ။ ဖန်ဆင်းရှင်ဝါဒီတို့ကား တက်တက်စင် လွဲချေပြီ။ သို့ဆိုလျှင် သူတို့ လွဲသည့် အလွဲများကား အဘယ်နည်း??
           မလျှော့ချနိုင်သော ရှုပ်ထွေးမှု စနစ် ဟူသည် စနစ်တစ်ခု၏ လက်ရှိအခြေအနေဖြစ်သည်။ ထိုစနစ်၏ အတိတ်ကာလက လက္ခဏာရပ် တစ်ခု မဟုတ်ချေ။ ဆင့်ကဲဖြစ်စဉ်သည် ဤ မလျှော့ချနိုင်သော ရှုပ်ထွေးမှု စနစ်များ သဘာဝအလျောက် ဖြစ်ပေါ်လာသည်ကို ဖြေရှင်းပြသော သီအိုရီဖြစ်သည်။
           ဖန်ဆင်းရှင်ဝါဒီတို့ကား Co-option ဖြစ်စဉ်ကို နားလည်ဟန်မတူပေ။ တည်ဆောက်ပုံများတွင် အနည်းငယ်သော အပြောင်းအလဲလေးများက စနစ်များအချင်းချင်း အတုံ့အလှည့်ဖြစ်လာစေပြီး ကွဲပြားသော လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်တည်ဆောက်မှုများကို ပေါ်ပေါက်လာစေသည်။ ဆဲလ်မြီးဆင့်ကဲဖြစ်စဉ်တွင် ပါဝင်သော Co-option များကို စာရင်းပြုစုပြရလျှင်--

- အေတီပီစွမ်းအင်ထုတ်ရေး ဆိုင်ရာ ATP synthase အင်ဇိုင်းနှင့် သယ်ပို့ရေးဆိုင်ရာ အပေါက်ပရိုတင်းတို့၏ အတုံ့အလှည့်မှ ပိုင်းလပ်စ် တည်ဆောက်မှုကို ဖြစ်စေသည်။

- ဆဲလ်ရည်ကြည်နှင့် ပြင်ပ ရေထုကို ဆက်သွယ်ပေးသော Pore Protein နှင့် Secretinတို့၏ ပေါင်းစပ်စနစ်သည် ပိုင်းလပ်ဖြစ်လာမည့် တွယ်ကပ်ပရိုတင်းများ ဆဲလ်အပြင်သို့ ထွက်ခွာရာ လမ်းကို ဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်။ သယ်ပို့ရေး လုပ်ငန်းမှ ပိုင်းလပ်စ် တည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်နေခြင်းဖြစ်သည်။

- တွယ်ကပ်ပရိုတင်းနှင့် စစ်ထုတ်ရေးဆိုင်ရာ Secretin တို့၏ ဆက်သွယ်မှုမှ တွယ်ကပ်ခြင်းလုပ်ငန်းနှင့်၊ အခြားစနစ်များဖြင့် ဆက်နွယ်၍ ဗီဇလဲလှယ်ခြင်းစသည့် လုပ်ငန်းအသစ်များကို ဆောင်ရွက်ကြသည်။

- ပရိုတွန် အရွေ့စွမ်းအင်မှ ပရိုတင်းအရွေ့စွမ်းအင် ပြောင်းပေးသော ပရိုတင်းက ပိုင်းလပ်စ်ကို လှုပ်ရှားစေသည့် လုပ်ငန်းအဖြစ် ရောက်ရှိလာသည်။

- ဆဲလ်အတွင်း ဇီဝကမ္မဖြစ်စဉ်များတွင် မော်လီကျူးပြင်းအား ထောက်လှမ်းသည့် ပရိုတင်းတို့က ဆဲလ်အမြီးနှင့် ဆဲလ်အပြင် ဇီဝကမ္မဖြစ်စဉ်တို့ကို ဆက်စပ်ပေးသည့် လုပ်ငန်းအသစ်ရလာသည်။

           အခြား Co-option များကို တင်ပြရလျှင် တွားသွားသတ္တဝါများ၏ ခန္ဓာကိုယ်မှ အကြေးခွံများသည် ၎င်းတို့ကို ရေဓာတ်ထိန်းသိမ်းရန်ဖြစ်သော်လည်း အချို့ အကြေးခွံများသည် ဗီဇထွန်းမှုများကြောင့် အမွေးတောင်များ ဖြစ်လာသောအခါ မိတ်ဖက်ဆွဲဆောင်ရန်အတွက်ဖြစ်လာသည်။ ထို အမွေးတောင်များ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသောအခါ အပူဓာတ်ထိန်းညှိပေးရန်အတွက်ဖြစ်လာသည်။ ရှေ့ခြေများ တည်ဆောက်ပုံပြောင်းလဲခြင်းနှင့် ပေါင်းစပ်လိုက်သော် ငှက်များတွင် ပျံသန်းရန်အတွက် ဖြစ်လာကြသည်။ ဤနည်းဖြင့် အနည်းငယ်သော ဗီဇပြောင်းလဲမှုများသည် တွားသွားသတ္တဝါ၏ရေဓာတ် ထိန်းသော အကြေးများကို ငှက်များတွင် ပျံသန်းရန်နှင့် အပူဓာတ် ထိန်းညှိရန် လုပ်ငန်းများအဖြစ် ပြောင်းလဲလာကြသည်။

           မျက်လုံးထဲရှိ အမြင်အာရုံကို ဖြစ်စေသော Opsin ပရိုတင်းသည် နေရောင်သုံးအစာချက်သော ဘတ်တီးရီးယားများတွင် Bacteriorhodopsin အနေဖြင့် တွေ့ရှိရသည်။ ဤ Opsin ပရိုတင်းသည် ဘတ်တီးရီးယားတွင် နေရောင်သုံးအစာချက်ဖို့ အလင်းကို စုပ်ယူရာမှ လူတွင် အလင်းကို စုပ်ယူ၍ အမြင်အာရုံကို ဖြစ်စေကြောင်း စနစ်များ၏ အတုံ့အလှည့် ကွာခြားမှုများကြောင့် လုပ်ငန်းစဉ်များ မည်မျှ ကွာခြားသွားကြောင်း တွေ့ရှိနိုင်သည်။

            စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သိပ္ပံပညာရှင် ဟာမန် ဂျေ မူလာ (Hermann J. Muller) က သဘာဝ၏ ရွေးချယ်မှု နှင့် ကျပန်းဗီဇထွန်းမှုတို့က မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များ ကို ထုတ်လုပ်ပေးလိမ့်မည်ဟု ၁၉၁၈ခုနှစ်ကတည်းက ဟောကိန်းထုတ်ထားခြင်ပင်ဖြစ်သည်။ မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များသည် ဆင့်ကဲဖြစ်စဉ်ကို မှားကြောင်း သက်သေပြချက်များမဟုတ်ပဲ ဆင့်ကဲဖြစ်စဉ် မှန်ကြောင်း သက်သေများသာ ဖြစ်လျက်ရှိပေသည်။

            သင် ဆင့်ကဲဖြစ်စဉ်ကို လက်မခံလျှင်တော့ ကျွန်ုပ် စိတ်မကောင်းရုံသာ ရှိပါမည်။ သင့်အနေဖြင့် မိမိနှစ်သက်ရာ အယူဝါဒကို ယုံကြည်နိုင်ပါသည်။ သို့သော် အမှန်တရားသည် ယုံကြည်ခြင်းနှင့် ကိုက်ညီသည်မဟုတ်၊ အချက်အလက်သည်သာ အမှန်တရားနှင့် ကိုက်ညီပေသည်။



ပြန်လည်သုံးသပ်ပြခြင်း


မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်ဟူသည် စနစ်တို့၏ လက်ရှိအနေအထားဖြစ်သည်။

မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်ဟူသည် စနစ်တို့၏ အတိတ်က အခြေအနေ မဟုတ်။

မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များ ဖြစ်နေသည်ဟု ဆိုခြင်းသည် ၎င်းစနစ်တို့မှ ဆင့်ကဲမဖြစ်ပေါ်နိုင်ဟု မဆိုလို။

မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များသည် ဇီဝဆင့်ကဲဖြစ်စဉ်ကို ထောက်ခံနေသော အထောက်အထားများပင်ဖြစ်သည်။
           ဥာဏ်ကြီးရှင် ဒီဇိုင်နာအယူအဆ စွဲကိုင်သော ယနေ့ခေတ် ဖန်ဆင်းရှင်ဝါဒီတို့၏ အဘိုးဘေးများ လက်ထက်ကပင် သိပ္ပံပညာရှင် ဟာမန်မူလာက မလျှော့ချနိုင်အောင် ရှုပ်ထွေးသည့် စနစ်များသည် ဆင့်ကဲဖြစ်စဉ်ကို သက်သေပြသော ဟောကိန်းများပင် ဖြစ်ကြောင်း တင်ပြခဲ့သည်။ ဒေါက်တာ မူလာသည် ၁၉၄၆ခုနှစ်တွင် ဆေးပညာအတွက် နိုဘယ်ဆုရရှိခဲ့သူဖြစ်သည်။




- “စိတ်ဟူသည် လေထီးနှင့်တူသည်။ ၎င်းကို ဖွင့်ဟထားမှ သာ ကောင်းစွာ အလုပ်လုပ်နိုင်သည်။”

- “ယုံကြည်ခြင်းသည် အမှန်တရားမဟုတ်။ အချက်အလက်သည် အမှန်တရားဖြစ်သည်။”

- “ဇီဝဗေဒသည် ဆင့်ကဲဖြစ်စဉ် သီအီုရီ ၏ ဥာဏ်အလင်းအောက်တွင်မှသာ အဓိပ္ပာယ်ပြည့်ဝသည်။”



(Kyaw Zwar Lynn)

No comments:

Post a Comment