Search This Blog

Wednesday, August 8, 2012

ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံများ

           ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံ (Cladogram) သည် ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်များက ဆင့်ကဲဖြစ်စဉ်၏ အဆင့်များကို တိကျစွာ ဖော်ပြရန် အသုံးပြုသည့် သရုပ်ဖော်ပုံများဖြစ်သည်။ လူသည် မျောက်မှ ဆင်းသက်သည် ဟူသော အရပ်စကားသည် ဆင့်ကဲဖြစ်စဉ်ကို တိကျစွာ မဖော်ညွှန်းသောကြောင့် ဖြစ်ရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ခေါင်းစဉ် အဆုံးပိုင်းတွင် ပြန်လည် ဆွေးနွေးပေးပါမည်။ သရုပ်ဖော်ပုံများကို ကြည့်ရှုလေ့လာတတ်မှ ဇီဝမျိုးနွယ်တို့၏ ဆင့်ကဲဖြစ်စဉ်ကို တိကျစွာ နားလည်မည်ဖြစ်သည်။

နမူနာအဖြစ် ပြသထားသော ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံ


           အထက်ပါပုံသည် နမူနာ သရုပ်ဖော်ပုံ ဖြစ်သည်။ ဤပုံတွင် အရိုးမာငါးမှ ဆင့်ကဲဖြစ်ပေါ်သည့် မျိုးနွယ်များကို ဖော်ပြထားသည်။ မူလ ဘုံမျိုးနွယ်ဖြစ်သော ရှေးဦးအရိုးမာငါးမှ အသားစိုင် ရေယက်ပါငါး နှင့် ဆူးတောင်ပါငါးများအဖြစ် မျိုးကွဲပေါ်ပေါက်လာသည်။ အသားစိုင် ရေယက်ပါငါးမှ အဆုတ်ငါးနှင့် ကုန်းနေရေနေ သတ္တဝါများ ဖြစ်ပေါ်စေသည်။ ကုန်းနေရေနေ သတ္တဝါများမှ ရေမွှာအိပ်ပါသော သတ္တဝါများဖြစ်ပေါ်စေသည်။ ၎င်းတို့မှ အကြေးခွံပါသော အုပ်စုဝင်တို့သည် တွားသွားသတ္တဝါများအဖြစ် ဆက်လက် ဆင့်ကဲပေါ်ပေါက်လာခဲ့သည်။ အချို့တွင် အတောင်များ ပေါ်ပေါက်လာသဖြင့် ငှက်များ အဖြစ်ပြောင်းလဲလာသည်။ ရေမွှာအိပ်ပါ သတ္တဝါများအနက် အမွေးဖြစ်လာသော မျိုးနွယ်တို့မှာ နို့တိုက်သတ္တဝါများ၏ ရှေးဦး ဘိုးဘေးများဖြစ်သည်။

           ဇီဝဗေဒပညာရပ် လောကမှ သဘောတူညီထားသော အထက်ပါပုံမျိုးဖြင့် မျိုးနွယ်များ ဆင့်ကဲပေါ်ပေါက်ပုံ အသေးစိတ်ကို တစ်ဖက်လူ နားလည်အောင် တင်ပြနိုင်သည်။ ဤပုံသည် မျိုးကွဲထွက်မှုကိုသာ ဖော်ပြထားသော်လည်း အင်္ဂလိပ် အက္ခရာ Y များ ထပ်ဆွဲထားသကဲ့သို့ ရှိသော သရုပ်ဖော်နည်းမျိုးတွင် မျိုးပြုန်းသည့် အဆက်အနွယ်များကိုပါ ထည့်သွင်း ဖော်ပြနိုင်သည်။

ဆွဲနည်းနှင့် မူ ကွဲပြားသည့် နမူနာပုံ
           ဆင့်ကဲဖြစ်စဉ်ကို စာသားဖြင့် ဖော်ပြရုံမက ပုံဆွဲရာတွင်ပါ အဘယ်ကြောင့် အကန့်အသတ် စည်းစနစ်နှင့် ဆွဲရသနည်း။ ဆင့်ကဲဖြစ်စဉ် သည် လူသိအလွန်များသော သိပ္ပံအယူအဆဖြစ်ပြီး နားလည်မှု အလွဲဆုံး အယူအဆတစ်ခုလည်းဖြစ်သည်။ ချားစ်ဒါဝင်က "လူသား၏ ဆင်းသက်ရာ" (Descend of Man) ဟူသော ပရိုင်းမိတ် အုပ်စုမှဆင်းသက်သည့် လူသား၏ အရင်းအမြစ်ကို ဆွေးနွေးထားသည့် စာအုပ်ရေးခဲ့သည့်အချိန်မှ စ၍ "လူသည် မျောက်မှ ဆင်းသက်သည်" ဟူသော အရပ်သုံး စကားစု တစ်ခုဖြစ်လာခဲ့သည်။ ထိုစကားစုသည် လူထုအကြားတွင် ကြီးစွာသော နားလည်လွဲမှုကို ဖြစ်စေခဲ့သည်။ လူသည် စင်စစ်ပင် မျောက်မှ ဆင်းသက်သည် ဟုထင်မှတ်လာကြသည်။ အဓိက လွဲချော်သော စဉ်းစားမှုမှာ ဆင့်ကဲဖြစ်စဉ်ကို တဖြောင့်တည်း ဖြစ်စဉ်ဟု ထင်မြင်မိနေခြင်းဖြစ်သည်။ အောက်ပါပုံအတိုင်းပင် တီကောင် ကဲ့သို့ ကျောရိုးမဲ့သတ္တဝါမှ ငါး၊ ကုန်းနေရေနေသတ္တဝါ၊ တွားသွားသတ္တဝါ၊ မျောက်၊ လူ ဟု အဆင့်ဆင့် ပြောင်းလဲလာသည်ဟု လွဲမှားစွာ မှတ်ယူခြင်းဖြစ်သည်။


ထို့သို့ဆိုလျှင် အမှန်ကား မည်သို့နည်း။ စင်စစ် လူနှင့် မျောက်သည် တူညီသော ဘိုးဘေး မျိုးနွယ်တစ်ခုမှ မျိုးကွဲထွက်လျက် ဆင့်ကဲပြောင်းလဲလာခြင်းသာ ဖြစ်သည်။ ယခင် နမူနာ သရုပ်ဖော်ပုံတွင် ကြည့်ပါ။ ငှက်သည် တွားသွားသတ္တဝါမှ ဆင်းသက်လာခြင်း မဟုတ်ပါ။ ငှက်နှင့် တွားသွားသတ္တဝါသည် တူညီသော ဘိုးဘေးမျိုးနွယ်တစ်ခုမှ မျိုးကွဲထွက်လာခြင်းသာဖြစ်သည်ကို သတိချပ်စေလိုသည်။ ဆင့်ကဲဖြစ်စဉ်သည် အဖြောင့်အတိုင်း တိုးတက်နေသည့် သဘော မဟုတ်ပါ။ အကိုင်းအခက်များ ဖြာထွက်နေသည့် သစ်ပင်တစ်ပင် ကဲ့သို့ဖြစ်ပါသည်။ အသစ် ဖြစ်ပေါ်လာသော မျိုးစိတ်အသစ်တိုင်းသည် သစ်ပင်မှ အကိုင်းနုတစ်ကိုင်း ထပ်ထွက်လာသကဲ့သို့ ရှိပေသည်။ သရုပ်ဖော်ပုံများကိုလည်း လေ့လာတတ်ပြီ၊ အယူအဆ အလွဲများကိုလည်း သတိချပ်ပြီးဖြစ်ပါက ဆင့်ကဲဖြစ်စဉ် သရုပ်ဖော်ပုံများ ရေးဆွဲရခြင်းကြောင့် ဖြစ်စဉ် အသေးစိတ်ကို ပိုမိုနားလည်နိုင်ကြောင်း ထင်ရှားလောက်ပြီဖြစ်ပါသည်။



(Kyaw Zwar Lynn)

No comments:

Post a Comment