Search This Blog

Monday, August 20, 2012

ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ အထောက်အထား - လူသား၏ ခရိုမိုဆုမ်းနံပါတ် (၂)


နိဒါန်း

                 ဆင့်ကဲဖြစ်စဉ် သီအိုရီသည် ဇီဝဗေဒပညာတွင် ကျယ်ပြန့်စွာ လက်ခံထားသော သက်ရှိမျိုးစိတ်တို့၏ ဆက်နွယ်ပုံနှင့် မူလအစကို ရှင်းပြသော သီအိုရီဖြစ်သည်။ သိပ္ပံပညာသည် သံသယဝါဒကို အခြေခံသော စူးစမ်းရှာဖွေမှုဖြစ်သည်။ သိပ္ပံတွေ့ရှိချက်တိုင်း၊ သီအိုရီတိုင်းသည် ပကတိ အမှန်တရားဟု သိပ္ပံပညာရှင်တို့ မယူဆကြကုန်။ နောက်ထပ် ပိုမိုဖြေရှင်းနိုင်စွမ်းသော သိပ္ပံအယူအဆ တစ်ခု ပေါ်ပေါက်လာလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်တည်း။

                သိပ္ပံပညာ၌ တွေးဆချက်၊ အနုမာန၊ သီအိုရီ ဟူ အဆင့် သုံးဆင့်ရှိသည်။ သဘာဝကို ရှုမြင်သုံးသပ်ခြင်းဖြင့် တွေးဆချက် တစ်ခုကို တည်ဆောက်ရသည်။ ထို တွေးဆချက်ကို ယုတ္တိရှိအောင် ရှင်းပြရသည်။ အထောက်အထားများ တင်ပြရသည်။ ထိုအဆင့်သည် အနုမာနဖြစ်သည်။ အနုမာနကို ဆိုင်ရာ သိပ္ပံလောကမှာ အကြိမ်ကြိမ် စမ်းသပ် ဝေဖန်ပြီးမှ ကျယ်ပြန့်စွာ ထောက်ခံ လာသောအခါတွင် ထိုအနုမာနသည် သီအိုရီဖြစ်လာသည်။ သိပ္ပံ သီအိုရီတစ်ခုသည် သဘာဝဖြစ်စဉ်များကို ရှင်းပြနိုင်သည့် စွမ်းရည်ပေါ် မူတည်၍ ၎င်း၏ ကြိုတင်ခန့်မှန်းနိုင်စွမ်း ဟူသည်ရှိနေသည်။ ဥပမာအားဖြင့် ကူးစက်ပိုးတစ်မျိုးကို ပဋိဇီဝဆေးဖြင့် နှိမ်နင်းသည့် အခါ နောင်အချိန်တွင် ထိုပဋိဇီဝဆေးကို ခံနိုင်ရည်ရှိသော ပိုးမျိုး ဆင့်ကဲပေါ်ပေါက်လာနိုင်သည် ဟူကြိုတင်တွက်ဆခြင်းမျိုး ဖြစ်သည်။ ရာသီဥတု ခန့်မှန်းမှုများသည် အကျိုး ဖြစ်ထွန်းစေသကဲ့သို့ ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ ကြိုတင်တွက်ဆနိုင်မှုသည် ပြောင်းလဲနေသည့် ပိုး၏ သဘာဝနှင့် ကိုက်ညီသည့် ပဋိဇီဝဆေးများကို အကြားအလပ်မရှိ ထုတ်လုပ်နိုင်ရန် အလွန်အရေးပါသော တွန်းအားနှင့် ဖြေရှင်းချက် တစ်ခုမည်၏။


တူညီသော ဘိုးဘေးမူလအစ

                ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ အနှစ်သာရတွင် လူအပါအဝင် သက်ရှိဇီဝအားလုံးသည် သဘာဝ၏ ရွေးချယ်မှုနှင့် ဗီဇဖောက်ပြန်မှုများကြောင့် အဆင့်ဆင့် ပြောင်းလဲ ကွဲထွက် လာသော မျိုးနွယ်များ ဖြစ်လေရာ ဇီဝအားလုံးသည် တစ်ခုနှင့် တစ်ခု ဆက်နွယ် တည်ရှိနေကြသည်ဟု ယူဆရသည်။ အသက်ဇီဝသည် ဆဲလ်ခေါ်သော အဆီပူပေါင်းများ၊ ပရိုတင်းများနှင့် ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏ အခြေခံအဆင့်မှာ ဒီအန်အေသာ ဖြစ်သည်။ မော်လီကျုး ဇီဝဗေဒ ဖွံ့ဖြိုးလာခဲ့သည်နှင့် အမျှ ဆင့်ကဲဖြစ်စဉ် သီအိုရီကို ထောက်ခံသော ဒီအန်အေဆိုင်ရာ အထောက်အထားများ တွေ့ရှိလာရသည်။ အမျိုးနီးစပ်သော သတ္တဝါများသည် ဒီအန်အေ ကွာခြားမှု နည်းရမည်ဟူသော အခြေခံ ဥပဒေသကို လက်ကိုင်ပြုလျက် ဇီဝမျိုးနွယ်တို့ကို လေ့လာသော် အကြောင်းအကျိုး ဆီလျော်သော ဆင့်ကဲပေါ်ပေါက်ဟန် အဆင့်ဆင့်ကို ကျွန်ုပ်တို့ ထုတ်ဖော်ရရှိနိုင်သည်။

ဗိုက်တာမင် စီ - မော်လီကျူး ဇီဝဗေဒမှ ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံမှု

                သတ္တဝါများတွင် ဗိုက်တာမင် စီ ကို ထုတ်ပေးသော ပရိုတင်း   L-gulonolactone oxidase (GULO) ပါရှိကြသည်။ လူအပါအဝင် ပရိုင်းမိတ် အားလုံး၏ ဒီအန်အေများတွင် အဆိုပါ ပရိုတင်း ထုတ်လုပ်ရန်လိုအပ်သည့် ဗီဇသတင်းအချက်အလက်များ ပျက်ဆီးနေကြသည်။ သို့ဖြစ်၍ ပရိုင်းမိတ် အားလုံးသည် ဗိုက်တာမင်စီကို အပြင်မှ မှီဝဲမှ ရရှိနိုင်တော့သည်။ ထူခြားသည်မှာ ပရိုင်းမိတ် မျိုးစိတ်အားလုံးတွင် ပျက်ဆီးပုံခြင်း အလွန်အမင်း တူနေကြခြင်းဖြစ်သည်။ ပရိုင်းမိတ် မျိုးစိတ် အားလုံး၏ GULO ဗီဇသည် ချွတ်စွပ်တူသော ပုံစံဖြင့် မျိုးစိတ်တစ်ခုစီသီးသန့် ပျက်ဆီးဖို့ဆိုသည်မှာ သိန်းထီဆု အခါပေါင်း ရာနှင့် ချီ၍ ဆက်တိုက် ပေါက်သကဲ့သို့ ရူးသွပ်လောက်အောင် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။ ဆင့်ကဲဖြစ်စဉ် သီအိုရီသည် ဒီအန်အေ ကိုပင် မသိသေးသော ကာလကတည်းက ဖော်ထုတ်ခဲ့သော အယူအဆဖြစ်သည်။ သို့ဖြစ်၍ ၎င်းသည် ဒီအန်အေ၏ သဘာဝကို ချိန်ကိုက်၍ လုပ်ကြံဖန်တီးထားသော သီအိုရီ အတုတစ်ခုမဟုတ်ပါ။ ဆင့်ကဲဖြစ်စဉ် သီအိုရီက ယနေ့ ပရိုင်းမိတ်မျိုးစိတ် အားလုံးသည် တစ်ခုတည်းသော ဘိုးဘေးကနဦး မျိုးစိတ် တစ်ခုမှ ပေါက်ပွားလာခြင်း ဖြစ်ပြီး ထို ကနဦးမျိုးစိတ်တွင် GULO ပရိုတင်းအတွက် ဗီဇ ဒီအန်အေ အစိတ်အပိုင်းများ ပျက်ယွင်းခဲ့သဖြင့် ၎င်းမှ ဆင်းသက်သော ပရိုင်းမိတ် အားလုံးတွင် ချွတ်စွပ်တူသော ဒီအန်အေ ပျက်စီးမှုမျိုး ရရှိထားသည် ဟု ရှင်းပြနိုင်သည်။

လူသား ခရိုမိုဆုမ်း အရေအတွက်

                ချင်ပန်ဇီတို့၏ ခရိုမိုဆုမ်း အားလုံးပေါင်းသည် ၂၄စုံ ရှိသည်။ ဂေါ်ရီလာသည်လည်း ၂၄စုံ၊ ဘာဘွန်းသည်လည်း ၂၄စုံ၊ လီမာမျောက်သည်လည်း ၂၄စုံ ရှိလာရာ ပရိုင်းမိတ် အားလုံးနီးပါးကို ခရိုမိုဆုမ်း အရေအတွက် စမ်းစစ်ကြည့်သော် အတူတူပင်ဖြစ်လေရာ ကျွန်ုပ်တို့ အနေဖြင့် GULO ဗီဇပျက်ယွင်းပုံ ပြဿနာက ကဲ့သို့ ဖြေရှင်းကြည့်ကြသော် စာဖတ်သူတို့ ခန့်မှန်းမိလောက်ပြီ ထင်သည်။ လူအပါအဝင် ပရိုင်းမိတ် အားလုံးသည် တူညီသော ခရိုမိုဆုမ်း ၂၄စုံ ပိုင်ဆိုင်သည့် ဘိုးဘေးမျိုးစိတ် တစ်ခုမှ ဆင်းသက်သည့်အတွက် ဤကဲ့သို့ တူညီရခြင်း ဖြစ်သည် ဟု ကောက်ချက်ချရပေမည်။ သို့သော် ၎င်းကို အတည်ပြုရန်မှာ ပရိုင်းမိတ်အားလုံးကို စမ်းသပ်မှ ဖြစ်ပေမည်။ လီမာ၊ မျောက်မျိုးစုံ၊ မျောက်ဝံမျိုးစုံတို့ကို စမ်းသပ်ပြီးသောအခါ စမ်းသပ်ဖို့ လူသာ ကျန်တော့သည်။ လူသည် ခရိုမိုဆုမ်း ၂၃စုံသာ ရှိသည်။ မည်သို့ စဉ်းစားကြမည်နည်း။ ဆင့်ကဲဖြစ်စဉ်သည် ကြိုတင်မခန့်မှန်းနိုင်သော လွဲမှားသည့် အမှိုက် သီအိုရီ တစ်ခုပါလား။ ထိုမျှ လွယ်လွယ် ကောက်ချက် ချ၍ မဖြစ်နိုင်ပါ။ သီအိုရီအရ “ပရိုင်းမိတ် အားလုံးတွင် ခရိုမိုဆုမ်း ၂၄စုံ ရှိပြီး လူတွင် ၂၃စုံ ရှိသော် လူသားမျိုးစိတ် တစ်ခုတည်း၏ ဆင့်ကဲပြောင်းလဲမှုတွင် ခရိုမိုဆုမ်း တစ်ခုသည် တစ်နည်းနည်းဖြင့် ပျောက်ကွယ် သွားခဲ့ရမည်။ သို့ဖြစ်၍ ထို ပျောက်ကွယ်ခဲ့မှု၏ အထောက်အထားကို ရှာတွေ့နိုင်ကောင်း၏” ဟု ကြိုတင်ဟောကိန်း ထုတ်ထားသည်။

ခရိုမိုဆုမ်း တည်ဆောက်ပုံ အခြေခံ

                ခရိုမိုဆုမ်းတွင် အလယ်ပိုင်း၌ အထူးနေရာတစ်ခု ရှိပြီး ဆန်ထရိုမီးယား (Centromere) ဟုခေါ်သည်။ ဆန်ထရိုမီးယားကို ပွားနေသည့် ဆဲလ်၏ ပရိုတင်းပြွန်က လာချိတ်ဆက်၍ ဆွဲလိုက်သော် ခရိုမက်တစ် နှစ်ခု အဖြစ် ကွဲထွက်သွားစေပြီး ဆဲလ်ကွဲပွားခြင်း၌ ခရိုမိုဆုမ်းများကို မျှဝေယူရန် အတွက်ဖြစ်သည်။
                ခရိုမိုဆုမ်း၏ တည်ဆောက်ပုံတွင် နောက်ထပ် အရေးကြီးသော နေရာ တစ်မျိုး ရှိသေးသည်။ ဒီအန်အေသည် ကြိုးပြတ်သဖွယ် ဆက်တန်းရှည် မော်လီကျူးဖြစ်လေရာ ၎င်း၏ အစွန်းနှစ်ဖက်ရှိ ဗီဇသတင်းအချက်အလက်များ မပျက်စီးစေရန် အစွန်းများ၌ တယ်လိုမီးယားခေါ် အပွန်းခံသည့် အစိတ်အပိုင်းများ ပါရှိသည်။ ကျွန်ုပ်တို့ အဓိက ပြောချင်သည်မှာ ခရိုမိုဆုမ်း၏ အစွန်းနှစ်ဖက်တွင် ရှိသော တယ်လိုမီးယားနှင့် အလယ်တွင် ရှိသော ဆန်ထရိုမီးယားတို့ဖြစ်ကြသည်။

ပျောက်ဆုံးသော ခရိုမိုဆုမ်း ရှာပုံတော်

                ကျွန်ုပ်တို့သည် လူသား၏ ခရိုမိုဆုမ်း ၂၃စုံလုံးကို စေ့စပ်စွာ ရှာကြည့်သော် ခရိုမိုဆုမ်း နံပါတ် ၂တွင် ထူးခြားသည့် လက္ခဏာရပ်များ တွေ့ရသည်။ အပွန်းခံအဖြစ် ဆောင်ရွက်သော တယ်လိုမီးယား အပိုတစ်ခုကို ခရိုမိုဆုမ်း အလယ်တွင် တွေ့နေရသည်မှာ ဂွကျလှသည့်အပြင် ပုံမှန် တစ်ခုသာ ရှိသော ဆန်ထရိုမီးယားကို အပိုတယ်လိုမီးယား၏ တစ်ဖက်တစ်ချက် စီတွင် နှစ်ခုပင် တွေ့နေရသည်။ လူ ဒီအန်အေနှင့် ၉၉%တူညီသော ချင်ပန်ဇီ၏ ခရိုမိုဆုမ်း ၂၄စုံလုံးနှင့် တိုက်စစ်ကြည့်သော် လူ၏ ခရိုမိုဆုမ်း (၂) မှာ ချင်ပန်ဇီ၏ ခရိုမိုဆုမ်း ၂ခု ပေါင်းစည်းထားသည်နှင့် ပင်တူလှပေသည်။

                 မော်လီကျူး ဇီဝဗေဒပညာက ဆဲလ်ကွဲပွားစဉ် ဖောက်ပြန်မှုဖြစ်ပါက ခရိုမိုဆုမ်းများ ပြုတ်ကျခဲ့ခြင်း၊ ပြုတ်ထွက်ပြီး အခြားခရိုမိုဆုမ်းတွင် သွား ကပ်တွယ်ခြင်း၊ ခရိုမိုဆုမ်းပြတ်ထွက်ကာ ပြတ်စများ ပေါင်းစည်းခြင်းဟူသော ယန္တရားများကို တွေ့ရှိရကြောင်း ထွက်ဆိုသည်။ ကနဦး ဘိုးဘေးမျိုးနွယ်တစ်ခုမှ ခေတ်သစ် လူသားသို့ ဆင့်ကဲပြောင်းလဲမှုတွင် ခရိုမိုဆုမ်း ၂၄စုံအနက် ၂စုံသည် ၁စုံအဖြစ် ပေါင်းစည်းသွားသဖြင့် ၂၃စုံဖြစ်လာရခြင်းသာဖြစ်ပေသည်။ သို့ဖြစ်၍ ၂၄ခုမြောက် ခရိုမိုဆုမ်း ရှာပုံတော်သည် လှပစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ သို့ဖြစ်ပါ၍ ခရိုမိုဆုမ်း နံပါတ်နှစ် ၏ ထူခြားသည့် အသွင်အပြင်ကို ဆင့်ကဲဖြစ်စဉ်ကို ထောက်ပံ့သည့် သိပ္ပံ တွေ့ရှိချက် တစ်ခုအဖြစ် တင်ပြအပ်ပါသည်။




တိုးချဲ့ဖတ်ရှုနိုင်ရန် လင့်ခ်များ-

http://www.evolutionpages.com/chromosome_2.htm
http://www.pbs.org/wgbh/evolution/library/07/3/l_073_47.html
http://en.wikipedia.org/wiki/Chromosome_2_%28human%29




(ကျော်စွာလင်း)

No comments:

Post a Comment