Search This Blog

Monday, April 16, 2012

အာရုံကြောစနစ် ဆင့်ကဲဖြစ်စဉ်

           ဘတ်တီးရီးယား၏ အမြှေးပါးတွင် ၎င်းအနီးမှ ဓာတုပစ္စည်းများနှင့် ဓာတ်ပြုနိုင်သော လက်ခံပရိုတင်းများ ရှိသည်။ အဆိုပါ ဓာတ်ပြုမှုများသည် ဆဲလ်ရည်ကြည်တွင် ကွင်းဆက်ဓာတ်ပြုမှုများ ဆက်လက်ဖြစ်ပေါ်စေသည်။ ဤဓာတ်ပြုမှုများကြောင့် ဘတ်တီးရီးယား၏ ဆဲလ်အမြီးတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေလျက် အစာရှိရာသို့လည်းကောင်း အဆိပ်မှ ဝေးရာသို့လည်းကောင်း ပဲ့ကိုင်ပေးနိုင်သည့် ယန္တရားရှိသည်။ ဤဖြစ်စဉ်ကို ဓာတုအာရုံ (Chemotaxis) ဟုဆိုမည်။ ရှေးအလွန်ကျသော ဆဲလ်မွေးယူကာရုတ် (ဆီလီယိတ်-Ciliate) များတွင်မူ ဤဓာတုအာရုံအပြင် နောက်ထပ် အာရုံ တစ်မျိုးတိုးလာသည်ကို တွေ့ရသည်။ ပါရာမေစီယမ် (Paramecium) ခေါ် ဆီလီယိတ်သည် ၎င်း၏ ဆဲလ်မွေးများကို ရှေ့နောက် ခတ်ခြင်းဖြင့် ရေကူးရသည်။ ၎င်း၏ ဦးတည်ရာဖက် (ခေါင်းပိုင်း) သည် အတားအဆီး (ဥပမာ ကျောက်ခဲ) တစ်ခုနှင့် ထိတွေ့ခဲ့သော် ၎င်း၏ဆဲလ်အမြှေးပါး တင်းအားသည် ရုတ်ချင်း မြင့်သွားပြီး လျှပ်စစ်ဓာတ် ထွက်ပေါ်လာသည်။ အဆိုပါ လျှပ်စစ်သည် ဆဲလ်အမြှေးပါးတစ်လျှောက် ဆဲလ်အနောက်ပိုင်းသို့ ဦးတည်၍ စီးဆင်းသွားပြီး ဆဲလ်မွေးများကို ပြောင်းပြန်လှော်ခတ်စေခြင်းဖြင့် အတားအဆီး၏ ဆန့်ကျင်ရာဖက်သို့ ရွေ့သည်။ ဤသည်မှာ ထိတွေ့ အာရုံတစ်မျိုးဖြစ်ပြီး နောင်သတ္တဝါများတွင် ဖြစ်လာမည့် အာရုံကြောယန္တရားသည် အဆိုပါ လျှပ်စစ်ဓာတ် ထုတ်လုပ်မှုမှ လာသည်။ ယူကာရုတ်ဆဲလ်တို့ မည်သို့ လျှပ်စစ်ထုတ်သည်ကို ဆက်လက် လေ့လာကြပါစို့။




(၁) ဆဲလ်အမြှေးပါး ဗို့အား (Membrane Potential)

           ဆဲလ်တို့သည် ရေတွင် ရှင်သန်သည်ဖြစ်ရာ ရေထဲတွင် လျှပ်စစ် ဓာတ်ဆောင်အမှုန်များအဖြစ်နေသော ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လဆီယမ်၊ ကလိုရင်း အစရှိသည့် ဓာတ်ပစ္စည်းတို့ကို လျှပ်စစ်အရလည်းကောင်း၊ ပျော်ရည်ပြင်းအား အရလည်းကောင်း ဆဲလ်အတွင်းနှင့်အပြင် ဘက်ညီမှု ရှိစေရန် ဆောင်ရွက်ပေးနေသည့် စနစ်တစ်ခုရှိသည်။ အဆိုပါစနစ်တွင် လျှပ်စစ်ဆောင် အမှုန်တစ်မျိုးဆီအတွက် အမြှေးပါးတစ်ဖက်မှ တစ်ဖက်သို့ ပို့ပေးသော အမြှေးပါး ပရိုတင်းများ ပါဝင်သည်။ ဤစနစ်အရ၊ ဆဲလ်အတွင်း ပွားများလာသော ပိုတက်ဆီယမ်များကို အပြင်သို့ ယိုထွက်စေပြီး၊ ပြင်ပမှ ဆိုဒီယမ်ကို ဆဲလ်အတွင်း ဝင်စေခြင်းဖြင့် ဆဲလ်၏ ပျော်ရည်ပြင်းအားကို ထိန်းချုပ်ထားသည်။ သို့သော် ဆဲလ်အတွင်း၏ လျှပ်စစ်ဓာတ်ဆောင်သော ဖော့စဖိတ်နှင့် ပရိုတင်းတို့သည် ဆဲလ်အပြင်သို့ မထွက်နိုင်အောင် ကြီးမားသဖြင့် ဆဲလ်အတွင်းသည် လျှပ်စစ်အမဓာတ်ဆောင်ပြီး ဆဲလ်အပြင်ပသည် အဖိုဓာတ်ဆောင်သည်။ လျှပ်စစ်အမဓာတ်သည် ပိုများသဖြင့် တစ်ဖက်နှင့်တစ်ဖက် လျှပ်စစ် ကွာခြားမှု -၅ဝမှ -၁ဝဝအကြား မီလီဗို့ ရှိကြသည်။ ထို တည်ငြိမ်သော အနုတ်ဗို့အားရရှိအောင် ပျော်ရည်ပြင်းအားတည်ငြိမ်ရန် ထုတ်လိုက်ရသော ပိုတက်ဆီယမ်တိုင်းအတွက် ကလိုရင်းပြွန်များမှ ကလိုရင်းများ ပြန်ဖြည့်ရသည်။ သို့မှသာ လျော့သွားသော အနှုတ်နှင့် အပေါင်းတို့ မျှတပြီး တည်ငြိမ်သော ဗို့အား (Resting Potential) ရလာမည်ဖြစ်သည်။



(၂) ဆဲလ်အမြှေးပါး လျှပ်စစ်အစွန်းပယ်ခြင်း (Membrane Depolarization)

           ဆဲလ်အမြှေးပါးတွင် တင်းအားတစ်ခု ပေါ်ပေါက်လာသောအခါ ထိုတင်းအားက ဆိုဒီယမ်ပြွန်များကို လှုံ့ဆော်လေသည်။ ပိုတက်ဆီယမ်ပြွန်ထက် ဆိုဒီယမ်ပြွန်များ ပိုပွင့်နေသဖြင့် ဆိုဒီယမ်ဝင်နှုန်းသည် ပိုတက်ဆီယမ် ထွက်နှုန်းထက် ပိုများလာပြီး မကြာမီ တည်ငြိမ်ဗို့အား ပျက်သုဉ်းသွားပြီး ဗို့အားသည် အပေါင်းဖက်သို့ ဆောင့်တက်လာသည်။ ဤသည်မှာ လှုပ်ရှားဗို့အား (Action Potential) ဖြစ်သည်။ ထိုအခါ ဆဲလ်အမြှေးပါး၏ အဖိုစွန်းနှင့် အမစွန်း ပျောက်ကွယ်ရလေသည်။ လျှပ်စစ်ဆောင်အမှုန်များလည်း ဆဲလ်အမြှေးပါး တစ်ဖက်နှင့် တစ်ဖက် တိုးထွက်တိုးဝင်ကြသည်။ ရလဒ်မှာ သေးငယ်လှသော လျှပ်စစ်စီးကြောင်းလေး ဆဲလ်အမြှေးပါး တစ်လျှောက် ဖြစ်ပေါ်လာခြင်းတည်း။ အဆိုပါလျှပ်စစ် က လျှပ်စစ် လှုံ့ဆော် ကယ်လဆီယမ် ပြွန်များကို လှုံ့ဆော်ပြန်သည်။ ဆဲလ်အပြင်မှ ကယ်လဆီယမ်များ ဆဲလ်ထဲ ဝင်လာကြပြီး ဆဲလ်အမွေး ပရိုတင်းစနစ်များကို သွားရောက် လှုံ့ဆော်ခြင်းကြောင့် ဆဲလ်အမွေးများ ပြောင်းပြန်ခတ်ရသည်။ ကယ်လဆီယမ်ပြင်းအား ကျသွားမှသာ အဆိုပါ ဆဲလ်အမွေးတို့သည် ပုံမှန် ပြန်ခတ်ကြသည်။ ဤဖြစ်စဉ်မှာ ယခုပြော၍သာ ကြာသကဲ့သို့ထင်ရသော်လည်း စင်စစ် တစ်စက္ကန့်၏ အစိတ်အပိုင်း အနည်းငယ်အတွင်း ဖြစ်သွားခြင်းဖြစ်၏။ ပါရာမေစီယမ်၏ အာရုံခံစနစ်သည် ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှ ကြည့်လျှင် ဘတ်တီးရီးယား၏ ပရိုတင်းပြွန်များသည် တင်းအား၊ လျှပ်စစ် စသည်တို့ကို တုံ့ပြန်နိုင်သော ပရိုတင်းပြွန်များအဖြစ် ဗီဇထွန်း ပြောင်းလဲလာပြီး၊ ဆဲလ်ကို အကျိုးရှိစေသော ဖြစ်စဉ်များ သဘာဝအလျောက် ပေါ်ပေါက်လာခြင်းဖြစ်၏။


ဆဲလ်အမြှေးပါး ပျော်ရည်ပြင်းအားနှင့် လျှပ်စစ်ဗို့အား ထိန်းချုပ်သည့် ပရိုတင်းပြွန်များ


(၃) ပါရာခရိုင်း ဓာတုအချက်ပြစနစ်

           ရေမြုပ်၏ မိုင်ယိုဆိုက်နှင့် ခွာနိုဆိုက်တို့သည် ဆက်သွယ်ရန် ဓာတုပစ္စည်းများ ထုတ်လွှတ်လေ့ရှိသည်။ အဆိုပါဓာတုပစ္စည်းများသည် ဆဲလ်၏ လက်ခံမော်လီကျူးတွင် ကပ်တွယ်ကာ ဆဲလ်ကိုလှုံ့ဆော်စေခြင်းဖြင့် ရေမြုပ် ကျုံ့ဆန့်ခြင်းကို ဆောင်ရွက်နိုင်ကြသည်။ ၎င်းမှာ ပါရာခရိုင်း (Paracrine) ဆက်သွယ်နည်းဖြစ်ပြီး မျိုးတူဆဲလ်ကိုလိုနီများမှ စ၍ ဗဟုဆဲလ်စနစ်များတိုင် တွေ့ရသည်။


(၄) ဆင်နပ်စ်များ (Synapse)

           သတ္တဝါ ဗဟုဆဲလ်သဘာဝဖြစ်ပေါ်ပုံကို တင်ပြခဲ့ရာတွင် ဆဲလ်များအကြား အပိတ်ချိတ်ဆက် ပရိုတင်း၊ အပွင့်ချိတ်ဆက် ပရိုတင်းများ ရှိသည်ကို တွေ့ရပြီးဖြစ်ပေမည်။ ၎င်းတို့အနက် အပွင့်ချိတ်ဆက် ပရိုတင်းများမှာ စင်စစ် နှစ်ဖက်ဆဲလ်မှ ပရိုတင်းပြွန်များ ဆက်ထားသည့် ပုံစံဖြစ်သည်။ ဆဲလ်တစ်ခုတွင် ပေါ်ပေါက်သော လျှပ်စစ်သည် အခြားဆဲလ်ကို အဆိုပါ အပွင့်ချိတ်ဆက် ပရိုတင်းများမှ အခြားဆဲလ်ကို ကူးသွားမည်ဖြစ်သည်။ ဤကဲ့သို့ ဆဲလ်များအကြား လျှပ်စစ် အဆက်အသွယ်ကို မျိုးကို လျှပ်စစ် ဆင်နပ်စ် (Electrical Synapse) များဟုခေါ်သည်။ ဤစနစ်ကို ခြုံငုံကြည့်ပါက လှုံ့ဆော်မှု-ပထမဆဲလ် လျှပ်စစ်လှိုင်း-ဒုတိယဆဲလ်လျှပ်စစ်လှိုင်း- ဒုတိယဆဲလ် တုံ့ပြန်မှု ဟုအစဉ်လိုက်ရှိသည်ကို တွေ့ရမည်။

           ပါရာခရိုင်း ဓာတုပစ္စည်းများနှင့် အတုံ့အလှည့်ရှိသော (ထောက်လှမ်းနိုင်သော) ပရိုတင်းပြွန်များ ပေါ်ပေါက်လာသည်။ ဤဆင်နပ်စ်များတွင်မူ လျှပ်စစ်လှုံ့ဆော်မှုနှင့် ပါရာခရိုင်း လှုံ့ဆော်မှုစနစ်တို့ ပေါင်းစည်းရာမှ ပေါ်ပေါက်လာသည်။ မူလဆဲလ်၏ လျှပ်စစ်လှိုင်းသည် ၎င်းကို ဓာတုပစ္စည်း လွှတ်စေသည်။ ဒုတိယဆဲလ်၏ လက်ခံပရိုတင်းပြွန်က ဓာတုပစ္စည်းနှင့် ဓာတ်ပြုလျက် ၎င်းဆဲလ်တွင် လျှပ်စစ်ကို ထုတ်ပေးသည်။ အဆိုပါ ဓာတုပစ္စည်းများသည် နောင်အခါ နာဗ်ဆဲလ်ဓာတုပစ္စည်းများ (Neurotransmitter) များဖြစ်လာကြပေမည်။ ထိုစနစ်၏ အကြမ်းဖျင်း ဖြစ်စဉ်မှာ လှုံ့ဆော်မှု- ပထမဆဲလ် လျှပ်စစ်လှိုင်း-ဓာတုပစ္စည်းထုတ်လွှတ်မှု- ဒုတိယဆဲလ်၏ ဓာတုပစ္စည်လက်ခံမှု- ဒုတိယဆဲလ် လျှပ်စစ်စီးမှု- ဒုတိယဆဲလ် တုံ့ပြန်မှု ဟု တွေ့ရမည်။ ရေမြုပ်ကဲ့သို့ ရိုးရှင်းသည့် ရှေ့ပြေးစနစ်များတွင် ဓာတုပစ္စည်းများသည် ရေတွင်လည်းကောင်း မီဆိုဟီးတွင်လည်းကောင်း ပျံ့ရောပြီးမှ လှုံဆော်မှုရသဖြင့် နှေးကွေးသည်ဟုဆိုရမည်။

           ကျုံ့ကြွခြင်းထက်ပိုမြန်သော လှုပ်ရှားရေကူးမှုများ ပေါ်ပေါက်ရန် ဆဲလ်များအကြား လျင်မြန်သော အချက်ပြစနစ် လိုအပ်ပေသည်။ ဗဟုဆဲလ် သက်ရှိများသည် စုပေါင်းလုပ်ဆောင်မှုကြောင့် ပိုမိုကြီးမားလာသောအခါ နဂိုက ဆဲလ်တစ်ခုတည်း၏ လုပ်ငန်းစဉ်များကို ဆဲလ်တစ်ခုစီက သီးခြား ဆောင်ရွက်လာကြရာ၊ မိမိအလုပ်နှင့် လျော်ညီသော ဆဲလ်များအချင်းချင်းစုဝေးလျက် တစ်ရှုးများပေါ်ပေါက်လာခဲ့သည်။ ဤတစ်ရှုးဆင့်ကဲဖြစ်စဉ် တစ်လျှောက်တွင် လှုံ့ဆော်သော ဆဲလ်များအချင်းချင်း တူညီရာ စုဝေးကြသဖြင့် အချက်ပြဓာတုပစ္စည်းလွှတ်မည့် ဆဲလ်နှင့် လက်ခံမည့်ဆဲလ်တို့သည် နီးကပ်စွာ ဖွံ့ဖြိုးလာကြသည်။ အဆိုပါ ဆဲလ်ဆက်သွယ်မှုမျိုးကို ဓာတုဆင်နပ်စ် (Chemical Synapse) ဟုခေါ်ပေမည်။

အထက်ဝဲ - လျှပ်စစ် ဆင်နပ်စ်၊ အထက်ယာ- ပါရာခရိုင်းစနစ်နှင့် လျှပ်စစ်ထုတ်စနစ် ပေါင်းစည်းခြင်း၊ အောက်- ရှေးဦး ဓာတုဆင်နပ်စ်


 (၅) နာဗ်ဆဲလ်များ ပေါ်ပေါက်ခြင်း

           ဆဲလ်တစ်ခုတည်း ယူကာရုတ်များအကြား ပါရာခရိုင်း ဆက်သွယ်မှု (၁) သည် ဗဟုဆဲလ်သတ္တဝါများ၏ အရေပြားတွင် ဆဲလ်လက်ဆင့်ကမ်း ဆက်သွယ်မှုဖြစ်လာသည်။ ၎င်းမှ တစ်ရှုးထဲသို့ တစ်ဆင့် ဆက်သွယ်သည် (၂)။ ဆဲလ်အမျိုးအစား အသစ်များ ဆင့်ကဲပေါ်ပေါက်လာသည်နှင့် အမျှ လျှပ်စစ် လက်ခံသည့် ဆဲလ်လက်တံ များစွာပါသော ရှေးဦး အာရုံကြောဆဲလ်များဖြစ်လာသည်။ နာဗ်ဆဲလ် ဓာတုပစ္စည်း ထုတ်လုပ်မှုသည် ဆဲလ် လက်တံအစွန်များတွင်သာ ရှိတော့သည် (၃)။ နောင်အခါ အစွန်း တစ်ဖက်က လျှပ်စစ် လက်ခံပြီး အစွန်းတစ်ဖက်က နာဗ်ဆဲလ်ဓာတုပစ္စည်း ထုတ်ပေးသော နာဗ်ဆဲလ် အစစ်များ ဆင့်ကဲပေါ်ပေါက်လာသည်။ အရေပြားမှ အာရုံခံဆဲလ်များသည် ပါဝင်သည့် လက်ခံပရိုတင်းများပေါ် မူတည်၍ အပူခံစားသော၊ အတွေ့အထိ ခံစားသော အာရုံခံဆဲလ်များ ဖြစ်လာကြသည် (၄)

ပုံ(၄၄) နာဗ်ဆဲလ် ဆင့်ကဲဖြစ်ပေါ်ပုံ


(၆) လှုံဆော်မှုနှင့် သက်ရောက်မှုစနစ်

           နာဗ်ဆဲလ်တို့၏ အဓိက ပစ်မှတ်ထား လှုံ့ဆော်သော ဆဲလ်များသည် ရေမြုပ်များ၏ မိုင်ယိုဆိုက်များမှ ဆက်လက် ဆင့်ကဲဖြစ်ပေါ်လာသော ကြွက်သားဆဲလ်အမျိုးမျိုးဖြစ်သည်။ သတ္တဝါတစ်ကောင်ကို တစ်စုံတစ်ရာက ထိတွေ့လျှင် အရေပြား အာရုံခံဆဲလ်မှ နာဗ်ဆဲလ်ကို လှုံ့ဆော်ပြီး ထို နာဗ်ဆဲလ်မှ တစ်ဆင့် ကြွက်သားဆဲလ်များကို လှုံ့ဆော်ပြီး ကြွက်သားကို ကျုံ့မည်ဖြစ်သည်။ လှုံ့ဆော်လျှပ်စစ်ကို အမဓာတ်ဆောင် ကလိုရင်း ပရိုတင်းပြွန်များဖြင့် ချေဖျက်သော လျှပ်ပယ်နာဗ်ဆဲလ်များ (Inhibitory Neuron) များက ကြွက်သားအားလုံးကို မကျုံ့စေပဲ လိုအပ်သလောက်ကိုသာ ကျုံ့စေသော ယန္တရားလည်း ပေါ်ပေါက်လာသည်။ တဖန် ဤရိုးရှင်းသော စနစ်မှ နာဗ်နှင့် ကြွက်သားအကြား ကြားဆက် နာဗ်ဆဲလ်များ ပိုများလာသောအခါ အာရုံခံ-တုံ့ပြန်စနစ်များ ပေါ်ပေါက်လာသည်။ ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုကို အာရုံခံ ဆဲလ်မှတဆင့် လှုံ့ဆော်နာဗ်ဆဲလ်များက ဆုံးဖြတ်ချက်ချသည့် နာဗ်ဆဲလ်ကွန်ယက်အတွင်း စီးဆင်းစေလျက် လိုအပ်လျှင် ကြွက်သားကို လှုံ့ဆော်ပြီး မလိုအပ်လျှင် လျှပ်ပယ်နာဗ်တို့က လှုံ့ဆော်မှုကို ပယ်ရှားလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်ချသည့် နာဗ်ကွန်ယက်သည် ပိုမိုရှုပ်ထွေးလာသောအခါ ဦးနှောက်ဖြစ်ပေါ်လာသည်။

==================================================================
(မှတ်ချက်)
ဤဆောင်းပါးတွင် ချိတ်ဆက်ပရိုတင်းများ (Junction Protein) အကြောင်း အနည်းငယ် ရှင်းလင်းရန် လိုအပ်လာပါသည်။
အပွင့်ချိတ်ဆက်ပရိုတင်းများ = ဆဲလ်တစ်စုံ၏ အမြှေးပါးများ အကြား မော်လီကျူး ငယ်များ ဖြတ်သန်း ခွင့်ပေးသည့် ပရိုတင်း။
အပိတ်ချိတ်ဆက် ပရိုတင်းများ= ဆဲလ်တစ်စုံ၏ အမြှေးပါးများအကြား ကော်ဖြင့် ကပ်သကဲ့သို့ မည်သည့် မော်လီကျူးကိုမျှ ဖြတ်သန်းခွင့်မပေးသော ပရိုတင်း
ပိုမိုရှင်းလင်းစေရန် ပုံနှင့်တကွ တင်ပြအပ်သည်။
ပုံ(၃၈) ဆဲလ်တွယ်ကပ်ပရိုတင်း အမျိုးမျိုး။ (၁)အပိတ် ချိတ်ဆက်ပရိုတင်း (Tight Junction)။ (၂) တွယ်ကပ် ခါးပတ်။ (၃)ဒက်ဆမိုဆုမ်း (Desmosome)။ (၄) အပွင့်ချိတ်ဆက်ပရိုတင်း (Gap Junction)။ (၅) အင်တီဂရင် (Integrin)။ (၆) ဆဲလ်တွယ်ကပ်ပရိုတင်း။


(By Kyaw Zwar Lynn)

No comments:

Post a Comment