Search This Blog

Saturday, April 21, 2012

မျက်စိဆင့်ကဲပေါ်ပေါက်ပုံ


မျက်လုံးသည် လျင်မြန်စွာ လှုပ်ရှားတတ်သော သတ္တဝါများကို ဖမ်းယူစားသောက်ရန် မရှိမဖြစ် လိုအပ်လှသည်။ မျက်လုံးပေါ်ပေါက်လာမှုသည် သားရဲတို့၏ စွမ်းရည်ကို များစွာ တိုးတက်စေပြီး ဇီဝမျိုးကွဲမှုကို လျင်မြန်အောင် စွမ်းဆောင်နိုင်သည်ဟု ယူဆသော သိပ္ပံပညာရှင်တို့ပင် ရှိကြသည်။

          မျက်လုံး၏ မူလအင်္ဂါသည် ဆဲလ်တစ်ခုတည်း သက်ရှိများတွင်ပင်ရှိသည်။ အလင်းနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ဓာတ်ပြောင်းလဲမှုက ဆဲလ်ကို အလင်းနှင့် ဝေးရာ သို့မဟုတ် အလင်းရှိရာသို့ သွားအောင် ထိန်းချုပ်သည့် ယန္တရားရှိသည်။ နေရောင်သုံး အစာချက်သည့် ဘတ်တီးရီးယားတို့သည် အလင်းကို ထောက်လှမ်းနိုင်မှ အောင်မြင်ပေမည်။ ဗဟုဆဲလ် သတ္တဝါများတွင် ရှေးအကျဆုံး အလင်းခံစားနိုင်သည့် အင်္ဂါများများ အရေပြားမျက်စိ (Eyespot) များဖြစ်သည်။ တုတ်ပြားတို့တွင် တွေ့ရတတ်သည်။ ၎င်းတို့သည်လည်း နာဗ်များနှင့် ဆက်သွယ်ထားသော အလင်းကို ထောက်လှမ်းနိုင်သည့် ရောင်ခြယ်ပစ္စည်းများ ပါသော အရေပြားဆဲလ် အစုအဝေးများသာဖြစ်ပြီး အလင်းနှင့် အမှောင်သာ ခွဲခြားနိုင်သည်။ အလင်းလာသည့် အရပ်နှင့် ပုံရိပ်တို့ကို မသိနိုင်ပေ။



           သို့သော် သတ္တဝါတို့ ဆင့်ကဲဖြစ်ပေါ်သည်နှင့်အမျှ အရေပြားမျက်စိ၏ ဆဲလ်လွှာတို့သည် ကျင်းကဲ့သို့ ခွက်ဝင်လာသောအခါ အလင်းသည် ခွက်ထဲမှ ဆဲလ်တိုင်းကို မလှုံ့ဆော်နိုင်တော့၍ အလင်းလာရာ အရပ်ကို စတင်ခံစားနိုင်လာသည်။ တိုးတက်မှုတစ်ရပ်တည်း။ ထိုသို့ ခွက်ဝင်လာရာမှ ကျင်း၏ အပေါက်ကို ကျဉ်းပေးလေ၊ အလင်းလာရာအရပ်ကို ပိုမို တိကျစွာ သိလေဖြစ်သဖြင့် အပ်ပေါက်မျက်စိ (Pinhole Eye) ဟုဆိုနိုင်သော မျက်လုံးမှန်ဘီလုံး မပါသော အပေါက်ကျဉ်းသည့် မျက်စိတို့ ပေါ်ပေါက်လာခဲ့သည်။ ကျင်းကဲ့သို့ မျက်စိ၏ အရေပြားမှ ဆဲလ်တို့က အရည်ကြည်အချွဲ ထုတ်ပေးသောအခါ အလင်းကို စုဆုံစေပြီး ပုံရိပ်ပေါ်လာစေနိုင်သည်။ အဆိုပါ အရည်ကြည်အချွဲကို သိပ်သည်းစွာနှင့် ပုံသဏ္ဍာန်တိကျစွာ စုစည်းပေးသောအခါ မှန်ဘီလူးပါသော မျက်စိ (Camera Eye) ပေါ်ပေါက်လာပြီး ပုံရိပ်များကို တိကျစွာ ရှုမြင်လာသည်။ ထို မှန်ဘီလူးကို ကျုံ့ဆန့် လုပ်သော ကြွက်သားငယ်များ ပေါ်ပေါက်လာသော် ပို၍ပင် ထိရောက်သော မှန်ဘီလူး မျက်လုံး ဖြစ်လာနိုင်ပေသည်။ အာသရိုပေါ့ အုပ်စုဝင်တို့ကမူ ပုံရိပ်ဖော်ရန် မျက်လုံးလေး ထောင်ပေါင်းများစွာ ကိုသုံးကြပြီး စုပေါင်းမျက်စိ (Compound Eye) များ အဖြစ် ပေါ်ပေါက်လာခဲ့သည်။ စုပေါင်းမျက်စိတစ်ခုစီသည် ပုံရိပ်တစ်ခုစီ ဖော်နိုင်ပြီး ဦးနှောက်ထဲတွင် ထိုပုံရိပ်တို့ကို ပေါင်းစပ်လိုက်ခြင်းဖြင့် တိကျပြတ်သားလှသော ၂ဖက်မြင် ပုံရိပ်များ ရရှိသည်။ ရေဘဝဲသည် မော်လက်စ်ခ် (Mollusc) မျိုးနွယ်ဖြစ်ပြီး ၎င်း၏ ဘိုးဘေးများနှင့် လူသား၏ ဘိုးဘေးများသည် လွန်ခဲ့သောနှစ်သန်း ၅၇ဝခန့်ကတည်းက လမ်းကွဲထွက်လာခဲ့ကြသော်လည်း အလွန်ဆင်တူသော မှန်ဘီလူးမျက်စိများ ပိုင်ဆိုင်ထားကြသည်။ သားရဲတို့သည် မျက်လုံးကို ဘေးဖက်အစား ရှေ့တည့်တည့်တွင် ထားရှိခြင်းဖြင့် focus ပိုကောင်းမွန်ပြီး ၃ဖက်မြင်ပုံရိပ်များ ဖန်တီးနိုင်ကြသည်။ ရလဒ်မှာ သားကောင်၏ အကွာအဝေးကို ချိန်ဆနိုင်ခြင်းဖြစ်သည်။

မျက်လုံး ဆင့်ကဲဖြစ်စဉ်။ မြားသည် အလင်း လာရာကို ပြပြီး မြင်လွှာပေါ်မှာ အရောင်ခြယ်ထားသည့် နေရာသည် လှုံ့ဆော်ခံရသော ဆဲလ်ဧရိယာကို ညွှန်းဆိုသည်။

ဝဲမှ ယာသို့။ ယူဂျယ်လီးနား ဆဲလ်၏ အလင်းထောက်လှမ်းသော နေရာ။ တုတ်ပြားကောင်၏ အရေပြားမျက်စိ။ နန်းတော်ခရု၏ အပ်ပေါက်မျက်စိ။ မှန်ဘီလူးပါသော မျက်စိသည် မျိုးနွယ် သုံးခုတွင် အမှီကင်းစွာနှင့် လွတ်လပ်စွာ ဆင့်ကဲ ပေါ်ပေါက်လာကြသည်။ (ဝဲမှယာသို့) ရေဘဝဲ။ လင်းယုန်။ ယင်ကောင်။

မှတ်ချက်။ ။ ကျွန်ုပ်တို့၏ မျက်လုံးရှိ အလင်းအမှောင်နှင့် ပုံရိပ်ခွဲခြားသော ပရိုတင်းသည် နေရောင်သုံး အစာချက်သည့် ဘတ်တီးရီးယားတွင် ရှိသည့် ပရိုတင်းနှင့် တည်ဆောက်ပုံချင်း ဆင်တူသည်မှာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပေ။ လူသားသည် ဘတ်တီးရီးယား နေရောင်သုံးအစာချက်ရန် သုံးသည့် ပရိုတင်းကို ဗိုက်တာမင် အေ နှင့် ပေါင်းစပ် အသုံးချခြင်းကြောင့် အမြင်အာရုံကို ဖန်တီးစေခြင်းဖြစ်သည်။ ဤ တည်ဆောက်ပုံ ဆင်တူသော ပရိုတင်းက မျက်စိ ဆင့်ကဲဖြစ်ပေါ်လာရန် ရှိသည့် ကုန်ကြမ်းများသည် ရှေးကျသော ဆဲလ်တစ်ခုတည်း သက်ရှိများ၌ပင် ကိန်းအောင်းနေကို ခန့်မှန်းနိုင်ပေသည်။


(ကျော်စွာလင်း)

No comments:

Post a Comment