Search This Blog

Thursday, May 10, 2012

ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှ ဗီဇဆင့်ပွားခြင်း (Gene Duplication)

 ဗီဇဆင့်ပွားခြင်း ဖြစ်ပေါ်ပုံ

                ဗီဇဆင့်ပွားခြင်း ဖြစ်စဉ်သည် ဒီအန်အေတစ်ခုတည်းတွင် ချွတ်စွပ်တူညီသော (သို့) မူကွဲဗီဇ အစုံများ မှားယွင်းပွားများမိခြင်း ဖြစ်သည်။ ခန္ဓာဆဲလ်နှင့် မျိုးဂမိဆဲလ် နှစ်မျိုးလုံးတွင် ဗီဇဆင်ပွားမှု ဖြစ်နိုင်သည်။ ခန္ဓာဆဲလ်တွင် ဖြစ်ပေါ်သော ဗီဇဆင့်ပွားမှုသည် နောက်မျိုးဆက်ကို ဆက်လက် သယ်ဆောင်မည်မဟုတ်ပေ။ သို့သော် မျိုးဂမိဆဲလ်တွင် ဖြစ်ပွားသော ဗီဇဆင့်ပွားမှုများမူ မျိုးဆက်သစ်များတွင် ဆက်လက် သယ်ဆောင်လာမည် ဖြစ်သည်။ ဗီဇတစ်ဆပါသော ဂမိဆဲလ်များ ဖြစ်လာရန် ဗီဇနှစ်ဆပါသော ဂမိဆဲလ်လောင်းများက မိုင်ယိုးဆစ် ဆဲလ်ကွဲနည်းဖြင့် ပွားရသည်။ မိုင်ယိုးဆစ် ဆဲလ်ကွဲနည်းတွင် မူကွဲ ခရိုမိုဆုမ်း အစုံချင်း ဗီဇများ လဲလှယ်ကြသည်။ သို့သော် တခါတရံတွင် အဝေမတည့်သော ဗီဇအလဲအလှယ် (Unequal Crossing Over) ဖြစ်စဉ်မျိုး၌ ခရိုမိုဆုမ်းတစ်ခုက ဗီဇ အမျိုး ၁ဝဝ အလဲအလှယ် လုပ်ချိန်တွင် နောက် တစ်ခုက ဗီဇ အမျိုး ၁၂ဝ အလဲအလှယ် လုပ်သည် ဆိုပါစို့။ ဖြစ်လာမည့် ဂမိဆဲလ်နှစ်ခုအနက် တစ်ခုသည် ဗီဇအခု ၂ဝ ဆုံးရှုံးသွားပြီး နောက်တစ်ခုတွင် ရှိပြီးသား ဗီဇအမျိုး ၂ဝနှင့် ဆင်တူသော ဗီဇ ၂ဝ အပို ပါရှိလာကြသည်။



ဆင့်ကဲဖြစ်စဉ်ရှုထောင့်

                ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှ ကြည့်လျှင် ဒီအန်အေ တစ်စုံတည်းတွင် မူကွဲဗီဇ နှစ်စုံစီ ရှိနေခြင်းသည် ထူးခြားသည်။ ဗီဇရှင် သက်ရှိအနေဖြင့် မူကွဲ နှစ်စုံရှိနေ၍ အပိုတစ်စုံသည် သဘာဝ၏ ရွေးချယ်မှု ဖိအားမှ ကင်းလွတ်လျက် ရှိသည်။ အဆိုပါ ဆင့်ပွားထားသော ဗီဇတို့ ဖောက်ပြန်ပြောင်းလဲချိန်၌ ဗီဇရှင်သက်ရှိကို မထိခိုက်စေပေ။ ထို့ကြောင့် ၎င်းဗီဇသည် ပုံမှန်အလုပ်ရှိသော ဗီဇထက် လျင်မြန်စွာ ဗီဇဖောက်ပြန်မှုများကို စုဆောင်းနိုင်သည်။
                ဗီဇဆင့်ပွားခြင်းသည် ဆင့်ကဲဖြစ်စဉ်တွင် အရေးပါသော ကဏ္ဍရှိသည်ဟု မှတ်ယူရသည်။ ဗီဇဆင့်ပွားပြီး ဒီအန်အေသည် ဖြစ်နိုင်ချေ သုံးမျိုးရှိသည်။ ဆင့်ပွားဗီဇသည် ပျက်ယွင်းပျောက်ကွယ်သွားခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ဗီဇဖောက်ပြန်မှုများ ဖြစ်လာပြီး မူကွဲပရိုတင်းသစ်များ၏ သတင်းများကို သိုလှောင်ပေးလိမ့်မည်။ သို့မဟုတ် ဆင့်ပွားဗီဇနှင့် မူလဗီဇတွင် သတင်းအချို့ ပျက်စီးသွားပြီး နှစ်ခုပေါင်း ဆောင်ရွက်မှ ပြည့်စုံသော ပရိုတင်း ထုတ်နိုင်သည့် အခြေအနေမျိုး ရောက်လာသည်။

အယူအဆ၏ ရှင်းလင်းနိုင်စွမ်း

                ဤဖြစ်စဉ်သည် ကျွန်ုပ်တို့ တွေ့မြင်ရသော ပရိုတင်းထုတ်လုပ်မှု ဖြစ်စဉ်များ၌ ပရိုတင်းတစ်မျိုးအတွက် အစိတ်အပိုင်း အသီးသီးကို ဗီဇများစွာမှ ထုတ်လုပ်ရခြင်းကို ရှင်းပြပေးနိုင်သည်။ (ဥပမာ alpha Globin နှင့် beta globin တို့သည် စုပေါင်းအလုပ်လုပ်မှရသည်။ သို့ဖြစ်၍ alpha နှင့် beta ဗီဇတို့သည် နဂိုက ပြည့်စုံသော မူလဗီဇနှင့် ဆင့်ပွားဗီဇများ ဖြစ်ကြသည်။ ၎င်းတို့သည် နောင်အခါ သတင်းအချက်အလက်များ ဆုံးရှုံးကြ၍ နှစ်ခု ဖြည့်ဖက်ပြုကြမှ အလုပ်လုပ်နိုင်လေသည်။ ထို့ကြောင့်သာ alpha နှင့် beta ပရိုတင်းတို့ စုပေါင်း လုပ်ဆောင်ကြခြင်း မည်၏။) ထို့အပြင် ဆင်တူသော ပရိုတင်းများ၏ သတင်းကို သိမ်းသော ဆင်တူဗီဇအုပ်စုများ (Gene Family) ရှိနေမှုကို ရှင်းပြနိုင်သည်။
 (ဥပမာ Alpha Globin Family တွင် အနည်းငယ် ကွဲလွဲသော Zeta နှင့် Alpha မူကွဲဗီဇများကို တွေ့ရနိုင်သည်။ ပရိုတင်းအတွက် သတင်းများ သိမ်းသော်လည်း အဆိုပါသတင်းကို မထုတ်ဖော်နိုင်သော Beta Globin Family မှ Psi-beta ဗီဇရှိနေမှုကို ဆင့်ပွားဗီဇ ပျက်ယွင်းခြင်းဖြစ်စဉ် ဖြင့် ဖြေရှင်းပြနိုင်သည်။) ဆင်တူသော တည်ဆောက်ပုံရှိပြီး လုပ်ငန်းစဉ် ကွဲထွက်သော ပရိုတင်းများ ဖြစ်တည်မှုကို ရှင်းပြနိုင်သည်။ (ဥပမာ ဝင်ရိုးစွန်းသမုဒ္ဒရာများတွင်နေသော ရေခဲငါး၌ အစာချေပရိုတင်းနှင့် ဆင်တူသော ရေခဲမှုကာကွယ်သည့် ပရိုတင်း။)

Ref: http://en.wikipedia.org/wiki/Gene_duplication

(Kyaw Zwar Lynn)

 


No comments:

Post a Comment