Search This Blog

Tuesday, September 4, 2012

ဗီဇကို ဗဟိုပြုသော ဆင့်ကဲဖြစ်စဉ် ရှုထောင့် (သို့မဟုတ်) အတ္တကြီးသော ဗီဇများ အယူအဆ

ယနေ့ခေတ် ဇီဝကမ္မစနစ် မိတ်ဆက်

      ယနေ့ခေတ် အသက်ဇီဝသည် ဒီအန်အေ၊ အာအန်အေ နှင့် ပရိုတင်းဟူသော ဒြပ်ပေါင်းသုံးမျိုး၏ တစ်ခုပေါ်တစ်ခု တည်မှီသည့် စနစ်ဖြင့် တည်ဆောက် ထားသည်။ ထိုအနက် အာအန်အေသည် ပရိုတင်းထုတ်လုပ်ရန် ဆဲလ်ရည်ကြည်ထဲ ရောက်ရှိပြီး နာရီအနည်းငယ်အတွက် ဖျက်ဆီးခံရသည်။ ပရိုတင်း အများစုသည်လည်း မိနစ်အနည်းငယ်မှ သက်ရှိ၏ တစ်သက်တာလုံးသာ တာရှည်ခံနိုင်သည်။ ဒီအန်အေ ကသာလျှင် မျိုးဆက် အားလုံးတွင် အကြိမ်ကြိမ် ပုံတူပွားလျက် ဗီဇသတင်းအချက်အလက်တို့ကို သယ်ဆောင်ပေးသူ မည်၏။

ဗီဇဆိုသည်မှာ

ကျွန်ုပ်တို့၏ ဆဲလ်များ၏ တည်မြဲမှုသည် ဆဲလ်၏ ပရိုတင်းများ၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပြီး ထိုပရိုတင်းဖြစ်လာရန် အာအန်အေကို ဒီအန်အေမှ ထုတ်ပေးရသည်ဖြစ်ရာ ယနေ့ခေတ် ဇီဝလောကသည် ဒီအန်အေကို ဗဟိုပြုသော လောကဟု သတ်မှတ်နိုင်သည်။ ဒီအန်အေဖြစ်စေ၊ အာအန်အေ ဖြစ်စေ၊ သက်ရှိတစ်ခု၏ ရုပ်သွင် လက္ခဏာအတွက် သတင်းအချက်အလက်များ သယ်ဆောင်ပေးသော မည်သည့်အရာကို မဆို အဆိုပါ သက်ရှိ၏ ဗီဇအဖြစ် သတ်မှတ်နိုင်သည်။

အတ္တကြီးသော ဗီဇများ အယူအဆ၏ အနှစ်သာရ

ဤအယူအဆကို ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် ရစ်ချတ် ဒေါ်ကင်စ်က ဖန်တီးထုတ်ဖော်ခဲ့သည်။ ဤအယူအဆအရ ဗီဇတို့သည် သက်ရှိတို့၏ လက္ခဏာရပ်တို့ကို သယ်ပေးသူဖြစ်သဖြင့် ဗီဇများစွာ၏ ရလဒ်ဖြစ်သော လက္ခဏာရပ်များစွာကို သဘာဝအလျောက် ရွေးချယ်ရှင်သန် ပွားများခွင့်ပေးသော ဆင့်ကဲဖြစ်စဉ်ကိုလည်း ဗီဇကို ဗဟိုပြုသည့် အမြင်မှ ကြည့်ခြင်းသည် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆိုသည်။ ဥပမာ လူ၏ ဆင့်ကဲဖြစ်စဉ်ကို လေ့လာလျှင် လူဆိုသော သတ္တဝါကို ဗဟိုပြုလျက် ဗီဇများက ပြောင်းလဲရခြင်း မဟုတ်ပဲ၊ ဗီဇကို ဗဟိုပြု၍ ရလဒ် လက္ခဏာအဖြစ် လူဟု ယေဘုယျ ခေါ်ဆိုသော သတ္တဝါတစ်မျိုး ရရှိခြင်းမျိုး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သဘာဝ၏ ရွေးချယ်ခြင်းကို ခံရသော်လည်း ၎င်း၏ တာရှည်ခံမည့် လက္ခဏာရပ်များသည် ဗီဇတွင်သာ ထိန်းသိမ်းထားသဖြင့် သဘာဝ၏ ရွေးချယ်မှုသည် ဗီဇတို့ အပေါ်တွင်သာ စိုးမိုးထိန်းကွပ်ခြင်းဖြစ်သည်။

သက်ရှိ ဗဟိုပြုအမြင်နှင့် ဗီဇ ဗဟိုပြုအမြင်တို့ကို ခွဲခြားပြပုံ

လူသားတို့သည် အိုမင်း သေဆုံးသော်လည်း၊ မျိုးဆက်သစ်များ ချန်ရစ်ခြင်းဖြင့် မျိုးစိတ်မပျောက်ကွယ်ပဲ ရှိရသည်။ လူသားတို့သည် မိမိတို့၏ ဗီဇကို အသုံးချ၍ မိမိ၏ ရှင်သန်မှုကို စွမ်းဆောင်သည်ဟူသော အမြင်သည် သက်ရှိဗဟိုပြုအမြင် (Organism-centered view of evolution) ဖြစ်သည်။ လူသား ရှင်သန်ရန် လိုအပ်သည့် ပရိုတင်းကို ဒီအန်အေမှ ထုတ်ပေးခြင်းဖြင့် လူသားသည် အသက်ဆက်ကာ ဒီအန်အေ ထပ်မံ ပွားများခွင့် ပေးသည်ဟု မြင်သည်။ ဗီဇဗဟိုပြုအမြင် (Gene-centered view of evolution) တွင် ဗီဇသည် ၎င်းတို့ ရှင်သန်ရေးအတွက် လူသားတို့ကို စက်ယန္တရားများ သဖွယ် စေခိုင်းနေသည်ဟု မြင်သည်။

ဗီဇဗဟိုပြုအမြင်က မည်သို့မြင်သနည်း

ကမ္ဘာဦး ဓာတ်လျော့သတ္တိ ရှိသည့် အခြေအနေများ၌ ရိုးရှင်းသည့် ဒြပ်ပေါင်းများမှ ဇီဝမော်လီကျူးများ ဖွဲ့စည်းစဉ် ပုံတူကူးနိုင်သော ပထမဆုံး ဇီဝမော်လီကျုး ဖြစ်ပေါ်လာခဲ့ခြင်းက အသက်ဇီဝ၏ အစပင်ဖြစ်ခဲ့သည်။ အဆိုပါ ဇီဝမော်လီကျူးသည် ဒီအန်အေ မဖြစ်ခဲ့သည်ကား သေချာ၏။ အာအန်အေ သော် ဖြစ်နိုင်ပေသည်။ (မှတ်ချက်။ ကျွန်ုပ်၏ သက်မဲ့ရုပ်မှ သက်ရှိဖြစ်ပေါ်ခြင်း - ဇီဝအစ အဇီဝ သီအိုရီ https://kyawzwarlynn.blogspot.com/2012/03/blog-post.html ကို ရှုစားရန်။) ထို အာအန်အေ၏ ရပ်တည်မှုသည် ပုံတူပွားခြင်းကို မှီတည်သည်။ မူလ အာအန်အေ ပျက်စီးသွားသော်လည်း နောက် ပုံတူအာအန်အေ ကျန်ရစ်လျက် ရှိသည်။ ဤ အာအန်အေ၏ ရပ်တည်မှုအတွက် ပုံတူကူးရန် ကုန်ကြမ်း လိုအပ်သဖြင့် အဆိုပါ ကုန်ကြမ်းကို အခြား အာအန်အေ မော်လီကျူးများနှင့် ပြိုင်ဆိုင်ရလိမ့်မည်။ [ပြိုင်ဆိုင်သည်ဟု ဆိုရာ၌ စာရှုသူ၏ စိတ်တွင် သတိထားရမည်မှာ မော်လီကျူးတို့သည် ပြိုင်ဆိုင်သည် ကြိုးစား အားထုတ်သည်ဟူသော အပြုအလုပ်သဘော (active sense) မပါပါ။ မြစ်ရေတို့သည် မြစ်ကျဉ်း၌ အလုံးအရင်းဖြင့် တိုးထွက်ကြသည် ဟူသော အသုံးအနှုန်းတွင် မြစ်ရေသည် သက်ရှိသတ္တဝါ ပမာ တိုးထွက် နေခြင်းမဟုတ်။ မြစ်ရေသည် သဘာဝအလျောက် တိုးထွက်နေခြင်းသာ ဖြစ်သည်။ ဤ အလိုလိုဖြစ်နေသည့် သဘောကို မြင်အောင် ရှုကြကုန်။] ထိုသို့ သဘာဝအလျောက် ပြိုင်ဆိုင်သော အာအန်အေ မော်လီကျူးတို့သည် ပုံတူကူးရင်း ဗီဇထွန်းမှုများ ပေါ်ပေါက်လာသဖြင့် ဆင့်ကဲဖြစ်စဉ် ယန္တရားအရ အခြား အပိုလက်နက်များ၊ အကာအကွယ်များ သုံးစွဲလာကြသည်။ အဆီပူပေါင်းများ တံတိုင်း အကာအကွယ်အဖြစ် သုံးစွဲလာသည်။ အမီနိုအက်ဆစ်တို့ကို အကူပစ္စည်းအဖြစ် သုံးစွဲလာသည်။ ဤသို့ဖြင့် ပိုမိုရှုပ်ထွေးသည့် စက်ကိရိယာမျိုးစုံဖြင့် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်လာခဲ့သည်။ ထိုရှုပ်ထွေးလာသော စက်ကိရိယာတို့မှာ ဆဲလ်များ၊ ဆဲလ်များစွာ ပါသော ကိုလိုနီနှင့် ပို၍စုပေါင်းလုပ်ဆောင်သော ဆဲလ်ကိုလိုနီများမှာ ဗဟုဆဲလ်သက်ရှိများ (အပင်၊ သတ္တဝါ၊ မှို စသည်) အဖြစ် ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ စက်ယန္တရား အကာအကွယ်များ၏ နောက်ကွယ်၌ ဗီဇတို့သည် ပုံတူကူးကြသည်။ ပွားများကြသည်။ သို့ဖြစ်၍ လူသားမိခင်သည် မိမိ၏ အကျိုးစီးပွားကို မရှေ့ရှေုပဲ မိမိ၏ သားငယ်များ၏ ရှင်သန်ရေးကို ဦးစားပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမိခင်၏ ဗီဇတစ်ဝက်သည် အဆိုပါ သားငယ်များ၌ ပါဝင်နေသဖြင့် ထို ဗီဇတို့ ရှင်သန်နိုင်စေရန်၊ မိခင်၏ ဗီဇက မိခင်ကို စက်ယန္တရား သဖွယ် အသုံးချကာ သားငယ်တို့ကို ပြုစု စောင့်ရှောက်စေသည် ဟုမြင်နိုင်သည်။


အဘယ်ကြောင့် ဗီဇ ဗဟိုပြုအမြင်ကို ထုတ်ဖော်ရသနည်း၊ ကောင်းကျိုးများ။

ဤ ဗီဇဗဟိုပြု အယူအဆသည် ဆင့်ကဲဖြစ်စဉ် သီအိုရီအပေါ် တွေးခေါ်သည့် နည်းလမ်းများစွာကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့သည်။ ယခင် သက်ရှိ ဗဟိုပြုအမြင်က ကိုယ်ကျိုးစွန့်ဓလေ့ (Altruism) ကို ကောင်းစွာ မရှင်းလင်းနိုင်ခဲ့ပေ။ လုပ်သားပျားမ များ အဘယ်ကြောင့် မိမိ၏ မျိုးပွားခွင့်ကို ဆုံးရှုံးခံလျက် ပျားဘုရင်မ၏ မျိုးပွားခွင့်ကို ကူညီအားပေးသနည်း။ နို့တိုက်သတ္တဝါများတွင် မိခင်သည် အဘယ်ကြောင့် သားငယ်ကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက် သနည်း စသည့် ပြဿနာမျိုးဖြစ်သည်။ ဗီဇသည် သက်ရှိတစ်ခုချင်းစီ၏ ဗီဇအနေဖြင့်လည်းကောင်း၊ သတင်းအချက်အလက်များ အချင်းချင်း လဲလှယ်နိုင်သော ဗီဇအုပ်စုများ အနေဖြင့်လည်းကောင်း မိမိတို့၏ ရပ်တည်ရှင်သန်ရေးအတွက် သဘာဝ အလျောက် ယှဉ်ပြိုင်နေ သကဲ့သို့ ဖြစ်နေသည်ဟု သီအိုရီက ဆိုထားသည်။ ထို့ကြောင့်လည်း အတ္တကြီးသော ဗီဇများဟု တင်စား ခေါ်ဝေါ်ခြင်းဖြစ်သည်။ (ဗီဇများသည် အသက်ဝင်လျက် အတ္တကြီးကြသည် ဟုမဆိုလိုပါ။)

အခြား ဖြစ်လာနိုင်သည့် ပြဿနာရပ်များ၊ အမြင်တိမ်းစောင်းမှုများ

ဤ ဗီဇဗဟိုပြု ဆင့်ကဲဖြစ်စဉ်အမြင် အယူအဆသည် ဘာသာရေး အသိုင်းအဝိုင်း၏ ရှုံ့ချမှုကို များစွာခံရသည်။ ပကတိ ရုပ်ဝါဒအဖြစ် သတ်မှတ်ခံရသည်။ စင်စစ်ဆိုရသော် ၎င်းသည် အမြင် (perspective) သာ ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်ကို လေ့လာရ လွယ်ကူစေရန် ရှုမြင်သုံးသပ်ရ လွယ်ကူစေရန် ဖန်တီးထားသော အမြင်တစ်ခုသာ ဖြစ်သည်။ မိခင်၏ မေတ္တာသည် ဗီဇ၏ ထိန်းချုပ်မှု တစ်ခုတည်းကြောင့် ဟုဆိုသည့်တိုင်၊ ဤ အယူအဆသည် မိခင်မေတ္တာ အပေါ် တန်ဖိုးထားသည့် အမြင်ကို ရုပ်ဝါဒ အမြင်တစ်ခုအသွင်၊ စိတ်ခံစားချက် တန်ဖိုးမဲ့သည့်အသွင် ဖန်တီးလိုက်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့လူသားတိုင်းသည် မိခင်ကို ချစ်ခင်ရန် ဗီဇ၏ လွှမ်းမိုးထိန်းချုပ်ခြင်း များစွာခံထားရသည့်အပြင် လူသား၏ ဘဝ၊ ခံစားချက်နှင့် လောကအမြင်သည် ရုပ်ဗီဇသာသာထက် များစွာ ပိုလွန်သည်ကို ခံယူနားလည်ပါက ယခုတင်ပြသည့် အတ္တကြီးသော ဗီဇအယူအဆ၏ နဂိုရည်ရွယ်ချက် ပေါက်မြောက်ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းမဲ့ပြီဟု ယူဆနိုင်ပေသည်။ ထိုမှတစ်ပါး ဤအမြင်ကို ထုတ်ဖော်သူ ဒေါ်ကင်စ်ကိုယ်တိုင် ပြောခဲ့သည့် စကား တစ်ခုရှိသည်။

“ကျွန်ုပ်တို့သည် ဗီဇသဘာဝအရ အတ္တကြီးကြသဖြင့် သဘောကောင်းခြင်းနှင့် ကိုယ်ကျိုးစွန့်တတ်မှုကို မွေးမြူကြပါစို့။ ကျွန်ုပ်တို့ရဲ့ ဗီဇတွေရဲ့ (အတ္တကြီးသည့်) ရည်ရွယ်ချက်ကို နားလည်ကြပါစို့။ အဘယ်ကြောင့်ဆိုသော် ၎င်းဗီဇတို့ရဲ့ (လူသားသက်ရှိအပေါ် စေခိုင်းရန်)အကြံအစည်ကို အနည်းဆုံး ဟန့်တားနှောင့်ယှက်ခွင့် ရလိမ့်မည်။ ဒီလိုနှောင့်ယှက်ဟန့်တာမှုမျိုးကိုတော့ တခြား ဘယ် သက်ရှိမျိုးစိတ်မှ မကြံစည်ဖူးပါ။”
- ရစ်ချတ်ဒေါ်ကင်စ်


“Let us try to teach generosity and altruism, because we are born selfish. Let us understand what our own selfish genes are up to, because we may then at least have the chance to upset their designs, something that no other species has ever aspired to do.”
- Richard Dawkins



(ကျော်စွာလင်း)

No comments:

Post a Comment