Search This Blog

Thursday, November 3, 2011

မီးမ်မိတ်ဆက်



မီးမ်မိတ်ဆက်

“ကျွန်တော်တို့ လောကဟာ သတင်းအချက်အလက်တွေက ဗီဇတွေလို ပြုမူပြီး အိုင်ဒီယာတွေ ပုံတူပွားကြ၊ ပြောင်းလဲကြ၊ ဆင့်ကဲ့ဖြစ်ပေါ်ကြတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။”






မီးမ်ဆိုတာ


                သက်ရှိသတ္တဝါတိုင်းရဲ့ နှလုံးသားမှာ တည်ရှိတာဟာ အသက်မီးပွားတစ်ခု မဟုတ်ပဲ သတင်းအချက်အလက်များ၊ စကားလုံးများ၊ ညွှန်ကြားချက်များ သာ ဖြစ်တယ်လို့ ရစ်ချက်ဒေါ်ကင်စ်(Richard Dawkins) က ၁၉၈၆ခုနှစ်မှာ ကြွေးကြော်ခဲ့ပါတယ်။ ရစ်ချက်ဒေါ်ကင်စ် ဟာ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်များ အနက် ရှေ့ ပြေး ပညာရှင် တစ်ဦး ဖြစ်ပြီး ခေတ်သစ်အယူအဆသစ်တစ်ခုကို အခုလို ထုတ်ဖော် တင်ပြခဲ့ပါတယ်။ “သက်ရှိတစ်ခုရဲ့ ဆဲလ်တွေဟာ အလွန်တရာ ရှုပ်ထွေးယှက်ဖြာနေတဲ့ ဆက်သွယ်ရေး ကွန်ယက် စနစ်တစ်ခုထဲက ကြားခံအဆက်များ ဖြစ်တယ်။ အဲဒီ့ ကွန်ယက်ကြီးထဲမှာ သတင်းအချက်အလက်တွေဟာ ထိုမှဤမှ ပို့လွှတ်၊ လက်ခံလျက် ကုတ်ပိတ်၊ ကုတ်ဖွင့်လျက် (Coding/Decoding) ကူးလူးသွားလာနေကြတယ်။ ခင်ဗျား အသက်ဇီဝအကြောင်းသိချင်ရင် ဟို ပျစ်ခဲခဲမူလဇီဝပျော်ရည်တွေ အကြောင်းကို သိပ်မစဉ်းစားနဲ့။ အိုင်တီနည်းပညာ ကိုသာ ခေါင်းထဲမှာ ထည့်ထား” လို့ ဒေါ်ကင်စ်က ပြောပါတယ်။

                တကယ်တော့ လဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိုင်တီနည်းပညာ က လွှမ်းခြုံနေပါတယ်။ ကျွန်တော်တို့ ရဲ့  နေ့စဉ်သုံးပစ္စည်းတွေမှာ အိုင်ပေါ့ဒ် (iPod)၊ ပလတ်စမာမော်နီတာတွေ (Plasma display) တွေပါရှိနေပါပြီ။ ကျွန်တော်တို့ နေ့စဉ်ဘဝ ကျွမ်းကျင်မှုတွေထဲမှာ စာရိုက်ကျွမ်းတာ၊ အင်တာနက်မှာ ကျင်ကျင်လည်လည် ရှာဖွေတတ်မှု ဆိုဒါတွေပါဝင်လာပါပြီ။ အဲလိုပဲ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်ဆိုင်ရာသဘောတရားကို လည်း ဒီထက်ချဲ့ထွင် ရှုမြင်ဖို့ အတော် လိုအပ်လာပါပြီ။





မီးမ်သီအိုရီ


                သတင်းအချက်အလက်သီအိုရီ ထွက်ပေါ်လာတာက အသက်ဇီဝရဲ့ ဖြစ်စဉ်အပေါ် အမြင်သစ်တစ်ခုထပ်ပေးပါတယ်။ ဗီဇမျိုးရိုးဆက်ခံပုံ ဥပဒေသဆိုတာ အရင်ကလို သဘောတရား သက်သက်မဟုတ်တော့ပဲ သုတေသီအများ က ဝိုင်းဝန်းလေ့လာ ဖော်ထုတ်နေကြတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုဖြစ်နေပါပြီ။ ဒီပညာကို အသုံးပြုပြီး ဗီဇအင်ဂျင်နီယာမှာ အသုံးချစမ်းသပ်နေနိုင်ပါပြီ။ သတင်းအချက်အလက်တွေ၊ ပုံတူကူးမှုတွေ နဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာပေါ်က သက်ရှိဇီဝအသွင်အားလုံး ပါဝင်နေတဲ့ ဇီဝကွန်ယက်ကြီး တစ်ခုလုံးကို သတင်းအချက်အလက်သီအိုရီ အမြင်နဲ့ ခမ်းနားစွာ ရှင်းလင်းဖွင့်ဆိုနေကြပါပြီ။ ဇီဝဗေဒပညာရှင်များ ဟာလည်း သတင်းဆက်သွယ်ရေးသိပ္ပံရဲ့ ဝေါဟာရတွေ၊ သဘောတရားတွေကို အသုံးချပြီး အသက်ဇီဝ ဖြစ်စဉ်တွေရဲ့  သတင်းအချက်အလက်ဆန်တဲ့သဘောကို ပိုမိုနားလည် သဘောပေါက်လာအောင် စွမ်းဆောင်လာခဲ့ကြပါတယ်။

                သတင်းပို့ အာအန်အေ (Messenger RNA- mRNA) ရဲ့ ဗီဇသတင်းအချက်အလက်ပို့ဆောင်မှု အလုပ်ကဏ္ဍကို ထုတ်ဖော်ပေးမှုကြောင့် ၁၉၆၅ခုနှစ်ရဲ့  နိုဗယ်ဆု ပူးတွဲဆွတ်ခူးခဲ့သူ ပါရီမြို့သား ဇီဝဗေဒပညာရှင် ဂျက်စ်မိုနော့ (Jacques Monod) က ပုံပမာတစ်ခု ဆောင်ပြခဲ့ဖူးပါတယ်။ ရုပ်သဘောဆောင်တဲ့ ဇီဝလောက (Biosphere) နဲ့ ဒီအထဲမှာနေထိုင်တဲ့ အသက်ဇီဝသက်ရှိတွေလိုပဲ ဇီဝလောကရဲ့ အပေါ်မှာ ရုပ်သဘောကင်းမဲ့တဲ့ သတင်းလောကကြီး (Abstract Infosphere) ရှိတယ်လို့ မိုနော့က ဆိုတယ်။ ဒါဆို ဒီသတင်းလောကကြီးထဲမှာ နေတဲ့သူတွေက ဘယ်သူတွေများလဲ။ အိုင်ဒီယာတွေ အတွေးအခေါ်တွေပေါ့။

                ဒီအိုင်ဒီယာတွေကို သက်ရှိတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တူညီတဲ့ ဂုဏ်သတ္တိတွေ တွေ့ရမယ်။ အိုင်ဒီယာတွေ၊ သတင်းအချက်အလက်တွေ ဟာ အဆုံးသတ်မရှိ ဆက်လက်ဖြစ်ပေါ်နေပြီး ပုံစံတူ အိုင်ဒီယာအသစ်တွေကို မွေးဖွားပေးစေနိုင်တယ်။ သူတို့မှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေကို သက်ရှိဂမိဆဲလ်တွေ(Gamete Cells) လိုမျိုးပေါင်းစည်းနိုင်၊ ကွဲထွက်နိုင်ကြပါတယ်။ သက်ရှိတွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်တာ ပေါ်မူတည်ပြီး သဘာဝကရွေးချယ်ရှင်သန်ခွင့်ပေးရင် သက်ရှိတွေဆင့်ကဲပြောင်းလဲသွားသလိုပါပဲ အတွေးအခေါ်တွေ အိုင်ဒီယာတွေဟာလည်း လူသားနဲ့ သဘာဝရဲ့ ရွေးချယ် ရှင်သန်ခွင့်ပေးမှုအရ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲရပါတယ်။ ဒီအိုင်ဒီယာတွေကို ရွေးချယ်ပြီးမှ ရှင်သန်ခွင့်ပေးမှု ဟာလည်း ဒီ အိုင်ဒီယာ တွေဆင့်ကဲဖြစ်ပေါ်ရာမှာ အလွန်မှ အရေးပါပါတယ်။

                အိုင်ဒီယာတွေမှာ ပျံ့ပွားနိုင်တဲ့ စွမ်းရည်ရှိကြတယ်။ တစ်နည်းအားဖြင့် တစ်ဦးက တစ်ဦး ကူးစက်မှုပေါ့။ တစ်ချို့အိုင်ဒီယာတွေက ကူးစက်လွယ်ပြီး တစ်ချို့ အိုင်ဒီယာတွေက ကူးစက်ဖို့နှေးကြတယ်။ ကူးစက်လွယ်တဲ့ အိုင်ဒီယာတစ်ခုဆိုတာကို ဥပမာပေးရရင် ဘာသာရေး အတွေးအခေါ်မျိုးပေါ့။ လူပေါင်းများစွာကို ကူးစက်ပျံ့ပွားစေတယ်လေ။ အထက်က ပြောခဲ့တာတွေက ဂျက်စ်မိုနော့ ပြောခဲ့တာပါ။ မိုနော့အရင် နှစ်အတော်စောစောကတော့ အမေရိကန် နာဗ်ကြောဇီဝကမ္မပညာရှင် ရိုဂျာစပါရီ (Roger Sperry) က တော့ “အိုင်ဒီယာတွေဟာ သူတို့ တည်နေတဲ့ နာဗ်ဆဲလ်တွေ တကယ်ရှိနေသလိုမျိုးကို တကယ်ရှိနေတာပါ။ အိုင်ဒီယာတွေမှာ စွမ်းရည်တွေရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ သူဆက်ပြောတာကတော့

                                “အိုင်ဒီယာအဟောင်းတွေဟာ အိုင်ဒီယာအသစ်တွေကို မွေးဖွားပေးပြီး အသစ်အသစ်သော အိုင်ဒီယာတွေကို ဆင့်ကဲဖြစ်ပေါ်မွေးဖွားပေးပါတယ်။ သူတို့ဟာ လက်ခံသူဦးနှောက်ထဲမှာ တစ်ခုကို တစ်ခု တုံပြန်တတ်ကြတယ်။ ဦးနှောက်တစ်ခုထဲမှာရော။ ဦးနှောက်တွေအများကြီးကြား ပြင်ပဆက်သွယ်ရေးစနစ်တွေ (မျက်စိ၊ နား၊ စကားပြောခြင်း) စတာတွေနဲ့ရော၊ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးနည်းတွေကြောင့် အလှမ်းဝေးတဲ့ နိုင်ငံရပ်ခြားဦးနှောက်တွေနဲ့ပါ တုံ့ပြန်နိုင်ကြတယ်။ အိုင်ဒီယာတွေဟာ ပတ်ဝန်းကျင်မှ အရာဝတ္ထုတွေနဲ့ လည်း တုံ့ပြန်ပြီး ဆင့်ကဲဖြစ်စဉ်ကသဘာဝကို သက်ရှိတွေ ဆင့်ကဲဖြစ်ပေါ်ပုံထက်တောင် ထင်ထင်ရှားရှား ပြနေလေရဲ့” လို့ ပဲဖြစ်ပါတယ်။

                မိုနော့ကတော့ ပြောတယ်။ “ကျွန်တော်ကတော့ ‘အိုင်ဒီယာတွေရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ’ ဆိုပြီး ထပ်မလုပ်ချင်တော့ဘူး”တဲ့။ ဟုတ်ပါ့။ သူလုပ်ဖို့လည်း မလိုတော့ပါဘူး။ နောက်လုပ်ချင်တဲ့ လူတွေ ရှိသေးတာမို့လား။ ဒေါ်ကင်စ်ကတော့ ဗီဇတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကနေ အိုင်ဒီယာတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို သူဟာသူ ဆင့်ပွားတွေးခေါ်ခဲ့ပါတယ်။ သူ့အတွက်တော့ ဆင့်ကဲဖြစ်စဉ်ရဲ့အရေးအကြီးဆုံးကဏ္ဍမှာ ပါတဲ့ ဇာတ်ကောင်က ပုံတူပွားပေးတဲ့ ပစ္စည်းပဲ။ ဗီဇပုံတူပွားသူဆိုတာလဲ ပုံတူပွားလိုက်တာဟာ နဂိုနဲ့ ပုံစံတူဗီဇပဲပေါ့။ ဒါဆို သတင်းအချက်အလက်ပုံတူပွားပေးသူ ဆိုလည်း ပုံတူပွားလိုက်တာဟာ နဂိုနဲ့ပုံစံတူ သတင်းအချက်အလက်ပေါ့။ ပြီးတော့ သူကပုံတူပွားပေးသူဟာ နျူကလီးယစ် အက်ဆစ် (ဥပမာ ဒီအန်အေလိုမျိုး) ဖြစ်ရမယ်လို့ သတ်သတ်မှတ်မှတ်မထားပါဘူး။ သူ့ ဥပဒေသကတော့ သက်ရှိအားလုံးဟာ ပုံတူပွားပေးသူ ‘များ’ ရဲ့ ရှင်သန်ပုံအမျိုးမျိုးအရ ဆင့်ကဲဖြစ်ကြတယ်ဆိုတာပါပဲ။ သက်ရှိရှိတဲ့နေရာတိုင်းမှာ ပုံတူပွားပေးသူရှိရမယ်။ သက်ရှိဇီဝရဲ့ ပုံတူပွားပေးသူဟာ ဒီအမ်အေတို့ အာအမ်အေတို့မှရယ်မဟုတ်ဘူး။ အဲလို အမြင်ကျဉ်းလို့မရဘူး လို့ သူက ဆိုပြန်တယ်။ တစ်ခြားကမ္ဘာတစ်ခုမှာ ဒီကမ္ဘာက ကျွန်တော်တို့လို ကာဗွန်ဓာတုသဘော အခြေခံတဲ့ပုံတူကူးသူပါတဲ့ ဇီဝ မဟုတ်ပဲ စီလီကွန်ဓာတုသဘောအခြေခံ ပုံတူကူးသူနဲ့ ဇီဝဖြစ်နေရင် ဒါမှမဟုတ် ဓာတုသဘောကို မပါတဲ့ ပုံတူကူးသူရှိတဲ့ ဇီဝလောကလည်း ရှိနေနိုင်ပါတယ်။                 ဒီတော့ ပုံတူပွားပေးသူ (replicator) တစ်ခုဟာ ဓာတုသဘောမပါဘူးဆိုရင် ဘာကြီးလဲလို့ မေးစရာရှိတယ်။ ဒေါ်ကင်စ်ရဲ့ ၁၉၇၆ခုနှစ်က ထုတ်ဝေခဲ့တဲ့ အတ္တကြီးသော ဗီဇများ (The Selfish Gene) စာအုပ်ရဲ့ နောက်ဆုံးပိုင်းမှာ

                                “ဒီ ပုံတူပွားသူ ပုံစံအသစ် ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ ပေါ်ထွက်လာတာ မကြာသေးပါဘူး။ သူဟာ ကျွန်တော်တို့ကို မျက်နှာတည့်တည့် စိုက်ကြည့်နေတယ်။ သူကိုယ်သူတည်ဆောက်ဆဲကာလ ထဲမှာပဲရှိသေးတယ်။ သူ့ ရဲ့ဇာတိ မူလပျော်ရည်လေးထဲကနေ ကိုးရို့ကားရားလေး ထွက်လာကာစပဲရှိပါသေးတယ်။ ဒါပေမယ့် သူဟာ သူ့အရင်က နျူးကလီးယစ်အက်စစ် အခြေခံတဲ့ ဒီအမ်အေ၊ အာအမ်အေ တွေထက်တောင် မြန်ပြီး သူတို့ကို အပြတ်အသတ်ကျော်တက်သွားနိုင်တဲ့ နှုန်းနဲ့ တိုးတက်အောင်မြင်စွာ ဆင့်ကဲဖြစ်ပေါ်နေပါတယ်” လို့ ဖော်ပြရေးသားထားတာတွေ့ရပါတယ်။

ဒီပုံတူပွားသူလေးထွက်လာတဲ့ မူလပျော်ရည်ဆိုတာဟာ လူ့ ယဉ်ကျေးမှုဖြစ်ပြီး ကူးစက်ပျံ့ပွားစေသူဟာ ဘာသာစကားပဲဖြစ်ပါတယ်။ ပုံတူပွားပေးတဲ့ အသစ်ထုတ်ပေးတဲ့ နေရာကတော့ လူ့  ဦးနှောက်ပေါ့ ။

                ဒီရုပ်မဲ့ပုံတူပွားပေးသူ အသစ်လေးကို ဒေါ်ကင်စ်က မီးမ် (Meme) လို့ နာမည် တပ်လိုက်တယ်။ ဒီ အယူအဆသစ် တီထွင်မှုလေးဟာ သူရဲ့ ‘အတ္တကြီးသော ဗီဇများ အယူအဆ’၊ ဘာသာရေးကိုင်းရှိုင်းလွန်းမှုကို တိုက်ခိုက်သော သူ့ လှုပ်ရှားမှုတွေထက် အမှတ်တရရှိကြပါတယ်။ မီးမ်တွေဟာ မီးမ် အစုအဝေးထဲမှာ ဦးနှောက်တစ်ခုကနေ တစ်ခုကို ‘အတုခိုးခြင်း’ (Imitation) အပြုအမူနဲ့ ကူးစက်ခြင်းနဲ့ အလိုလို ပေါက်ပွားလာကြတယ်။ မီးမ်တွေဟာလည်း သက်ရှိဗီဇများလိုပဲ အကန့်အသတ်ရှိသော သဘာဝ သယံဇာတတွေ အတွက် ပြိုင်ဆိုင်ကြတယ်။ အထူးသဖြင့် လူတွေရဲ့ ဂရုစိုက်ခံရမှုပေါ့။ နောက်ပြီးတော့ တစ်ချို့ မီးမ်တွေဟာ တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်တတ်တဲ့ အခါ၊ လူ့ဦးနှောက်တစ်ခုတည်းကို သူ့ထက်ငါ အပြိုင်အဆိုင်ဝင်ရတာမျိုးလည်း ရှိတတ်သေးတယ်။ 


မီးမ်ဥပမာများ 
မီးမ်တွေကို ဥပမာပေးရရင်ဖြင့် -

အိုင်ဒီယာတွေ ။ ။ အိုင်ဒီယာအသစ်တစ်ခု ထူးထူးခြားခြားထွက်ပေါ်လာတာမျိုး ဒါမှမဟုတ် အဟောင်းတွေ အကြိမ်ကြိမ် ပြန်ပေါ်လာတာမျိုး မှာဆိုရင် သူဟာ မီးမ်အစုအဝေးတွေထဲမှာ ဆက်လက်ရှင်သန် ကြီးထွားမယ် ဒါမှမဟုတ်ရင်တော့ တစ်ဖြည်းဖြည်း အားနည်းလျော့ကျပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားမယ်။ ဘုရားသခင်အပေါ်ယုံကြည်မှု ကို ဒေါ်ကင်စ်က ဥပမာပေးပါတယ်။ ဒီရှေးကျတဲ့ အယူအဆတစ်ခုဟာ သူ့ ကိုသူ ပုံတူပွားပြီး (ဘာသာအမျိုးမျိုးအဖုံဖုံမှာ ဘုရားသခင်ယုံကြည်မှုတွေရှိကြတယ်။) ဘာသာရေးမှာတင်မက တေးဂီတနဲ့ ရသအနုပညာပိုင်းမှာပါ စိမ့်ဝင်နေတာ၊ ပုံတူပွားထားတာတွေ့ ရမယ်။ ကမ္ဘာက နေကို ပတ်နေတယ်ဆိုတာလည်း မီးမ်တစ်ခုထက် မပိုပါ။ ဒီ မီးမ်တွေဟာ သူတို့ ဆက်လက်ရှင်သန်ဖို့ အတွက် ရုန်းကန်နေကြတယ်။ (အမှန်တရားဆိုတာ မီးမ်တစ်ခု ရှင်သန်ပျံ့ပွားဖို့ အထောက်အကူပြုတဲ့ ဂုဏ်သတ္တိတစ်ခုပါ။ ဒါပေမယ့် အမှန်တရားဆိုတာ မီးမ်တွေ ပျံ့ပွားစေနိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီးထဲက တစ်ခုပါ။)

သံစဉ် ။ ။ ဒီသံစဉ်ဆိုပါတော့။ သူဆိုရင် ရာစုနှစ်ပေါင်းများစွာကြာအောင် တိုက်ကြီးတစ်ခုကတစ်ခု ကူးလူးပေါက်ရောက် ပျံ့နှံ့ခဲ့ပါတယ်။

စကားစုများ ။ ။ ဘုရားသခင် ဘာဖန်တီးလိုက်သလဲ? (What hath God Wrought?) ဆိုတဲ့ ကောက်နှုတ်စာသားဟာ ထွက်ပေါ်လာတာ ကြာပြီဖြစ်ပေမဲ့ ဘာသာရေးစာပေ အပြင် တစ်ခြား မီဒီယာတွေထဲကိုပါ အလျင်အမြန်ရောက်ရှိလာပါတယ်။ ဒီအသုံးကို မကြာခဏတွေ့ ရှိရတတ်ပါတယ်။ အ‘တော်’ဆုံးရဲ့ ရှင်ကျန်မှု (Survival of the Fittest) ဆိုတဲ့ ဇီဝဆင့်ကဲဖြစ်စဉ်အယူအဆက အသုံးအနှုန်းဟာလည်း မီးမ်တစ်ခုဖြစ်ပြီး တစ်ခြားမီးမ်တွေလိုပဲ အသွင်ကူးပြောင်းသွား (mutates) တတ်ကြရာကနေ၊ ‘အဝဆုံးရဲ့ ရှင်ကျန်မှု’ (Survival of the Fattest)၊ ‘အချူချာဆုံးရဲ့ရှင်ကျန်မှု’ (Survival of the Sickest) ၊ ‘အတုနိုင်ဆုံးရဲ့ရှင်ကျန်မှု’ (Survival of the Fakest) ၊ ‘အထုံ ဆုံးရဲ့ ရှင်ကျန်မှု’ (Survival of the Twittest)စသည်ဖြင့် ဘာသာစကားထဲမှာ အမျိုးမျိုးသော မီးမ်အသစ်တွေ အနေနဲ့ အသွင်ကူးလာပါတယ်။







ရုပ်ပုံလွှာများ ။ ။ အိုက်ဇက် နယူတန် အသက်ထင်ရှားရှိစဉ်က လူထောင်ပေါင်းအနည်းငယ်လောက်က လွဲလို့ အင်္ဂလန်က အထင်ရှားဆုံးလူတစ်ယောက် ဖြစ်ပေမယ့် သူ့ရုပ် ဘယ်လိုပုံမှန်း ဘယ်သူမှ တပ်တပ်အပ်အပ် မသိကြပါဘူး။ သို့ပေသော်ငြား ခုအခါမှာ ဆိုရင် သန်းချီတဲ့လူတွေဟာ မထင်မရှားရှိလှတဲ့ မျက်နှာပုံတွေအရ ပြန်ဆွဲထားတဲ့ သူ့ ပုံတူရုပ်ပုံကားတွေကြည့်ပြီး သူဘယ်လို ပုံမှန်း စိတ်ထဲမှာ ပြတ်ပြတ်သားသား ရှိနေကြပါပြီ။ ပိုပြီး ပျံ့ နှံ့ထင်ရှားပြီး ဖျောက်ဖျက်မရနိုင်တာမျိုးကတော့ မိုနာလီဇာအပြုံးလို ပန်းချီကားမျိုး၊ လူတွေ စိတ်ကူးယဉ်ဆွဲထားတဲ့ ဂြိုဟ်သားရဲ့ ပိန်ကပ်ကပ် ကိုယ်အချိုးအပေါက်မျိုး စတာတွေပေါ့။ ဒါတွေဟာ မီးမ်တွေပဲဖြစ်တယ်။ သူတို့ကိုယ်ပိုင်နေရာတစ်ခု ရှိနေတဲ့ အပြင်က တကယ်နယူတန်နဲ့ မိုနာလီဇာနဲ့ ဘာမှ မပတ်သက်တဲ့ တကယ့်ရုပ်ပိုင်းဆိုင်ရာလောကနဲ့ မဆိုင်တဲ့ အတွေးအခေါ် ထင်မြင်ချက်တွေသာ ဖြစ်တယ်။ မက်ထရိုပိုလစ်တန် ပြတိုက်မှာ ခရီးသွားလမ်းညွှန်တစ်ယောက်က ပြောနေတယ်။ “လူကြီးမင်းတို့ ဒါက ပထမဆုံး အမေရိကန်သမ္မတ ဂျော့ ဝါရှင်တန် (George Washington) ရဲ့ ပုံတူ ပန်းချီကားဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာတော့ သူက အဲလိုရုပ်မျိုး ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ သူရုပ်က အဲဒီ့ ပန်းချီကားထဲက အတိုင်းပါပဲ” တဲ့။ သိပ်မှန်တာပေါ့ ဟုတ်ဘူးလား။

မီးမ်ရဲ့သဘာဝ

မီးမ်တွေဟာ ဦးနှောက်ထဲကနေ စတင်ထွက်ပေါ်လာပြီး အပြင်ဖက်ကို ပျံ့နှံ့သွားပါတယ်။ စာရွက်ပေါ်မှာ၊ ရုပ်ရှင်ဖလင်ပြားပေါ်မှာ၊ စီလီကွန်ပြားပေါ်မှာ နောက် သတင်းအချက်အလက် သွားနိုင်တဲ့ ဘယ်မီဒီယာမဆို အသီးသီး ရောက်ရှိကြတယ်။ ပျံ့နှံ့သွားကြတယ်။ သူတို့တွေကို ခွဲစိတ်လို့မရတဲ့ ယူနစ်တွေ အဖြစ်မယူဆသင့်ဘူး။ အင်္ဂါတွေ ဆဲလ်တွေ အများကြီးပါတဲ့ သက်ရှိဇီဝတစ်ခုလို မှတ်ယူသင့်တယ်။ နံပါတ်သုံး ဟာ မီးမ်မဟုတ်ပါ။ အပြာရောင်ဟာလဲ မီးမ် မဟုတ်ပါ။ ရိုးရှင်းလွယ်ကူတဲ့ အတွေးစတွေဟာ မီးမ် မဟုတ်ပါ။ ဗီဇ (gene) တွေဟာ နယူကလီယိုတိုက် (Nucleotide) မော်လီကျူးတစ်ခုတည်းနဲ့ မဖြစ်နိုင်သလို၊ မီးမ်တွေဟာလည်း ရှုပ်ထွေးပါတယ်။ ထူးခြားတဲ့ အသွင်ရှိတယ်။ မှတ်မှတ်ရရ ရှိတယ်။ ရှုပ်ထွေးရေရှည်မြဲတဲ့ ယူနစ်တွေလို့တော့ ပြောနိုင်မယ်ထင်တယ်။ 


မီးမ်တွေ ပျံ့နှံ့ ပုံ

                အရာဝတ္ထုဆိုတာလည်း မီးမ်တစ်ခု မဟုတ်ပြန်ဘူး။ ခါးလှည့်ကွင်းကို ဥပမာ ပေးပါ့မယ်။ ဒီကွင်းဟာ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ အတွေးအခေါ် အိုင်ဒီယာ တစ်ခုမဟုတ်ပါဘူး။ ရုပ်ပစ္စည်း သက်သက်ပါ။ ဒါပေမယ့် ဒီ ကစားစရာဟာ ၁၉၅၈ခုနှစ်လောက်မှာ ကမ္ဘာတစ်ဝှမ်း လျင်မြန်စွာ ပျံ့သွားတဲ့အခါမှာ ဖြစ်လာတဲ့ ဒီ ပလတ်စတစ်ကွင်းလေးရဲ့ ရုပ်ပွား ဖြစ်တဲ့ ခါးလှည့်ကွင်းလေးရဲ့ ပုံသဏ္ဍာန်၊ ခါးလှည့်ကွင်းနဲ့ ဆော့နေပုံ၊ ဆော့နည်း၊ ဒါတွေနဲ့ ခါးလှည့်ကွင်းဆိုတာနဲ့ သိလိုက်တဲ့ အတွေးစတွေ အားလုံးအားလုံးဟာ မီးမ်တစ်ခု ဒါမှမဟုတ် အများကြီးဖြစ်လာပါတယ်။ ခါးလှည့်ကွင်းကိုယ်တိုင်ကတော့ ဒီမီးမ်ကို ထိထိရောက်ရောက် ဖြန့်ဝေတဲ့ မီးမ်လိုက်ပါတဲ့ ယာဉ်ပါပဲ။ ဒဿနပညာရှင် ဒန်နီယယ် ဒန်းနတ် (Daniel Dennett) ပြောသလိုပေါ့။

                                “လှည်းတစ်စီးဟာ သယ်လာတဲ့ ကုန်တွေကို လိုရာအရပ်ကို သယ်ပို့ပေးသလိုပဲ လှည်းဆိုတဲ့ ထူးထူးခြားခြား အတွေးအခေါ်တစ်ခု၊ တီထွင်မှုတစ်ခုကိုလည်း သယ်ပို့ပေးပါသေးတယ်” တဲ့။

သူပြောတဲ့ လှည်းဥပမာလိုပဲ ခါးလှည့်ကွင်းဟာ ခါးလှည့်ကွင်းဆိုတဲ့ မီးမ်ကို သယ်ဆောင်ယူပေးသေးလေရဲ့။ ၁၉၅၈ခုနှစ်မှာ တော့ ဒီ ခါးလှည်းကွင်း မီးမ်ဟာ ခါးလှည့်ကွင်းမှာ တင်မကပဲ နောက် ပျံ့နှံ့နိုင်သေးတဲ့ မီဒီယာ အသစ်တစ်ခုရသွားတယ်။ ရုပ်မြင်သံကြား ပေါ်ပေါက်လာတာပေါ့။ ရုပ်မြင်သံကြားကနေ ခါးလှည့်ကွင်းတီထွင်မှုနဲ့ အိုင်ဒီယာတွေ လူတွေရာနဲ့ချီ နောက် ထောင်နဲ့ ချီ နောက်တော့ သန်းနဲ့ ချီပြီးရောက်ကုန်တယ်။ မီးမ်ဟာ ခါးလှည့်ကွင်းကစားတဲ့ လူ၊ ဒါမှမဟုတ် ခါးလှည့်ကွင်း မဟုတ်ပါ။ ခါးလှည့်ကွင်းကစားခြင်း ကိုယ်တိုင်ပဲဖြစ်တယ်။

                ဇီဝသမိုင်းကြောင်းထဲမှာတော့ ဒီမီးမ်တွေဟာ အချိန်ခဏသာ ခံတာများပါတယ်။ သူတို့ရဲ့ အဓိက ပျံ့ပွားတဲ့ မီဒီယာကတော့ ပါးစပ်စကား ပြောစကား ပဲဖြစ်တယ်။ နောက်ပိုင်းမှာတော့ စာရေးတဲ့ ရွှံ့ပြားတွေ၊ ဂူနံရံတွေ၊ စာရွက်တွေမှာပါ ကပ်ငြိလာတယ်။ ကျွန်တော်တို့ရဲ့ ဖောင်တိန်တွေ၊ ပုံနှိပ်စက်တွေ၊ ကက်ဆက်တိပ်တွေ၊ စီဒီခွေတွေကနေ သူတို့ကိုယ်သူတို့ တာရှည်ခံအောင်၊ အသက်ရှည်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြတယ်။ သူတို့က ရုပ်သံလွှင့်တိုင်တွေ၊ ဒစ်ဂျစ်တယ်စနစ်တွေကနေ တဆင့် ပျံ့နှံ့ကြတယ်။ မီးမ်တွေဟာ ဇာတ်လမ်းတွေ၊ ဟင်းချက်နည်းတွေ၊ ကျွမ်းကျင်မှုပညာတွေ၊ ဒဏ္ဍာရီတွေ၊ ဖက်ရှင်ဒီဇိုင်းတွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းဆီက ဒါတွေကို ကူးယူ ဖြန့်ဝေကြတယ်လို့ မြင်လဲရတယ်။ ဒေါ်ကင်စ်ရဲ့ မီးမ်အယူအဆအမြင်နဲ့ ဆိုရင်တော့ သူတို့ကိုယ်တိုင်က လူတွေကို ကူးယူလာစေတယ်။ ဖြန့်ဝေစေတယ် လို့ မြင်လို့လဲရတယ်။ သူတို့ ကိုယ်သူတို့ ပုံတူပွားပြီး ဖြန့်တယ်ပေါ့။

                                “ပုံတူပွားသူတွေဟာ အခြေအနေမှန်တစ်ခုမှာဆိုရင် သူတို့ အချင်းချင်း အလိုလို ပူးကပ်ပြီး သူတို့ကို သယ်ဆောင်သွားရန်၊ ဆက်လက် ပုံတူပွားရန် စနစ်များ၊ ယန္တရားတွေ ဖန်တီးပေးတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဒါက မီးမ်တွေကို အသက်ရှိတယ်၊ ဒါမှမဟုတ် အသိဥာဏ်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ သူတို့ ကြိုက်နှစ်သက်တဲ့ ပုံစံအရတည်ရှိနေတဲ့ အရာများသာဖြစ်တယ်။ ဒါတွေကို သဘာဝတရားက သင့်လျော်တဲ့ မီးမ်တွေကို ရွေးချယ်သွားမယ်။ မသင့်လျော်တဲ့ (သူတို့ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ သဘာဝ လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ မီးမ်တွေဟာ ပျောက်ကွယ်သွားမယ်။ မီးမ်တွေ ကြိုက်နှစ်သက်တယ်ဆိုတာ ကျွန်တော်တို့ ကြိုက်နှစ်သက်တာမဟုတ်ပါဘူး။ မီးမ်ဆိုတာ ရည်ရွယ်ချက်တစ်ခုရှိတဲ့ သတင်းအချက်အလက်တစ်ခုဖြစ်တယ်။ တကယ်တော့ တရားမျှတဖို့ အသက်အသေခံမယ်၊ အတွေးအခေါ်တစ်ခု အတွက် အသေခံကာကွယ်မယ်လို့ ကျွန်တော်တို့ ပြောလိုက်တိုင်း စာစကားလောက်ထက် အဓိပ္ပာယ်ပိုလေးလေးနက်နက်နဲ့ပြောကြတာပါ။

                Tinker, Tailor, Soldier, Sailor စသည်ဖြင့် သံစဉ်နဲ့ ကာရန် ဟာ လူတွေအတွက် စကားစုတွေကို ပိုမို မှတ်သားကောင်းအောင် ကူညီပေးတယ်။ ဒါမှမဟုတ် သံစဉ်နဲ့ ကာရန်(Rhyme & Rhythm) ဟာ စကားစုတွေ ကို ပိုမို မှတ်သားခံရအောင် ကူညီပေးတယ်။ (ဒေါ်ကင်စ် အယူအဆအရ လူဟာ မီးမ်တွေနဲ့ သဘာဝ အကြား စက်ယန္တရားများသာသာ ပဲဖြစ်တယ်) တိရစ္ဆာန်တစ်ကောင်အတွက် အပြေးသန်ခြင်းက သူ့ကို ရှင်သန်နိုင်ဖို့ အားပေးသလိုမျိုးပဲ မီးမ်တွေ ရှင်သန်သက်တမ်းရှည်စေဖို့ သံစဉ်နဲ့ကာရန်ဟာ ဂုဏ်သတ္တိပဲ ဖြစ်တယ်။

                ဗီဇများလိုပဲ မီးမ်တွေမှာလဲ သူတို့ကိုယ်တိုင်ကို များစွာကျော်လွန်ပြီး အကျိုး သက်ရောက်မှုရှိပါတယ်။ တစ်ချို့  နေရာတွေမှာတော့ (ဥပမာ- မီးမွှေးတတ်ခြင်း မီးမ်၊ အဝတ်ဝတ်တတ်ခြင်း မီးမ်၊ ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်ခြင်း မီးမ်) ကြီးမားတဲ့ အကျိုး သက်ရောက်မှုတွေ ရှိပါတယ်။ သူတို့ရဲ့ လောကကို လွှမ်းမိုးနိုင်မှုတွေဟာ သူတို့ ပျံ့နေရင်းနဲ့ကိုပဲ ဒီမီးမ်တွေ ဆက်ရှင်သန်နိုင်မယ့် အခြေအနေမျိုးရောက်ရှိအောင်လည်း ထပ်ဆင့် လွှမ်းမိုးနေသေးတယ်။ မော့စ်ရဲ့ ကြေးနန်းကုတ် ဆိုပါစို့။ ကြေးနန်းကုတ်အမှတ်အသား ဖြစ်တဲ့အတွက် အားကြီးတဲ့ ကောင်းကျိုးဆက်ထပ်ဆင့် သက်ရောက်မှု (Positive Feedback) ရှိတယ်။ တစ်ချို့ မီးမ်တွေဆိုရင်လည်း သူတို့ကို လက်ခံတဲ့ လူတွေ အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။ ဥပမာဆိုရင်တော့ ‘အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုတ’် ဆိုတဲ့ စကားပုံမျိုး။ ‘နှလုံးနဲ့ အဆုတ်ကို ဓာတ်ရိုက်ပြီး ပြန်အလုပ်လုပ်အောင် နှိုးဆွခြင်း’။ ‘ဟင်းမချက်မီ လက်ကို စင်စင်ဆေးခြင်း’ ဆိုတဲ့ ကျန်းမာရေးသင်ကြားချက်မျိုး။ စတာတွေပေါ့။ သို့ပေမယ့် မီးမ်တွေရဲ့ ကူးစက်ပုံအောင်မြင်မှုနဲ့ ဗီဇတွေရဲ့ အောင်မြင်မှုကတော့ မတူပြန်ဘူး။ တစ်ချို့မီးမ်တွေကတော့ ပြင်းထန်တဲ့ ကူးစက်မှုစွမ်းအားတွေရှိကြတယ်။ ကူးစက်လာတဲ့ အလျောက်မှာလည်း ဘေးဖြစ်ဆိုးကျိုးတွေ အရာထင်ကျန်ခဲ့တတ်တယ်။ အယူသည်းမှုတွေ (Superstitions)၊ ရောဂါရစေတဲ့ ဆေးအတုအယောင်တွေ (Patent Medicines) ၊ စိတ်နယ်လွန်တန်ခိုးနဲ့ ခွဲစိတ်ခြင်း (Psychic Surgery) (ရုပ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း မလုပ်ပဲ စိတ်မှန်းနဲ့ ဗိုက်ကိုခွဲပြ၊ စိတ်မှန်းနဲ့ အညစ်အကြေးကို ထုတ်ယူ ပြတာမျိုးတွေ)၊ လူမျိုးခွဲခြား ဆက်ဆံရေးကို ထောက်ခံတဲ့ ပုံပြင်ဇာတ်လမ်းတွေ (Racist Myths)၊ စာတန်ဝါဒ (Satanism) စတာမျိုးတွေပေါ့။ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ မီးမ်တွေကတော့ သူတို့ရဲ့ လက်ခံသူအိမ်ရှင် လူသားကို သေကြေဖို့ အားပေးတဲ့ မီးမ် မျိုးတွေပါပဲ။ ကောင်းကင်ဘုံမှာ ဆုလာဘ်ရရှိမယ် လို့ ယုံကြည်ကြတဲ့ အစွန်းရောက် အသေခံဗုံးခွဲသူတွေရဲ့  စိတ်ထဲကို ပျံ့နှံ့နေတဲ့ မီးမ်မျိုးတွေပေါ့။

မီးမ်တွေ ပျံ့နှံ့နည်းများ

                မီးမ်တွေဟာ စကားလုံးမပါပဲ ဘာသာစကား မပေါ်ပေါက်ခင်တည်းက ပျံ့နှံ့နိုင်ပါတယ်။ သမာရိုးကျ အတုခိုးပြုလုပ်တာမျိုးဟာ မြားခေါင်းတစ်ခု ဘယ်လို ချွန်မလဲဆိုတာမျိုး၊ မီးဘယ်လိုမွှေးမလဲဆိုတာမျိုးလောက်ကို သင်ယူဖို့ (တစ်နည်း မီးမ်တွေ ပျံ့ နှံ့ဖို့) လုံလောက်ပါတယ်။ တိရစ္ဆာန်တွေမှာဆိုရင် ချင်ပန်ဇီနဲ့ ဂေါ်ရီလာတွေဟာ အတုခိုးနည်းနဲ့ အပြုအမူ အလေ့အထတွေ သင်ယူတတ်မြောက်တာ တွေ့ ရပါတယ်။ တစ်ချို့ တေးသီတဲ့ ငှက်မျိုးတွေဆိုရင်လည်း ဘေးနားက မျိုးစိတ်တူ ငှက်တွေဆိုတဲ့ တေးတွေကို နားထောင်ပြီး အသံတု သီဆိုနိုင်ကြပါတယ်။ (ခုနောက်ပိုင်းဆို ငှက်သုတေသီတွေရဲ့ ငှက်တေးသံပါတဲ့ တိတ်ခွေ တွေကနေလည်း သင်ယူတာတွေလည်းတွေ့ရပါတယ်)။ ငှက်တွေမှာ မျိုးစိတ်အလိုက် သီဆိုတဲ့ ငှက်တေး တွေ ရှိကြပါတယ်။ အတိုချုပ်ပြောရရင်တော့ လူတွေ ယဉ်ကျေးမှု ဆိုတာ မတည်ဆောက်နိုင်ခင် ခေတ်ပေါင်းများစွာတည်းက ငှက်တွေမှာ တေးသီချင်းယဉ်ကျေးမှု အလေ့အထ တစ်မျိုးရှိနေပြီဆိုတာပါပဲ။ ဒါပေမယ့် ဘာသာစကားဆိုတာဟာ လူ့ ယဉ်ကျေးမှု ကူးစက်ပျံ့ပွားဖို့ လုပ်ဆောင်ပေးတဲ့ ပထမဆုံး အကူပစ္စည်းပဲဖြစ်ပါတယ်။ ဘာသာစကားဟာ ရုပ်မဲ့အသွင်ပြောင်းခြင်း (Abstraction) နဲ့ ကုတ်ပိတ် (Encoding) ပြီး သတင်းကို ဖြန့်ခြင်း သုံးထားလို့ သမာရိုးကျ အတုခိုးနည်းထက် အများကြီး မြန်ပါတယ်။ 

ဘယ်သူက အရှင်သခင်လဲ။

                စိတ်နဲ့ အသိပညာဆိုင်ရာ ဒဿနပညာရှင် ဖရက်ဒ် ဒရက်စခ် (Fred Dretske) ကတော့ ၁၉၈၁ခုနှစ်တုန်းက ဒီလိုလေး ရေးခဲ့ပါတယ်။ “မူလအစမှာ သတင်းအချက်အလက်ပဲ ရှိတာပါ။ စကားလုံးဆိုတာ နောက်မှ ပေါ်လာတာပါ” တဲ့။ သက်ရှိတွေက သူတို့ အမျိုးအနွယ်တွေ ဆက်လက် ရှင်သန် ရပ်တည်နိုင်နေဖို့ ဒီသတင်းအချက်အလက်တွေကို အသုံးချကြတယ် လို့ သူက ဆက်လက်ရှင်းလင်းပါတယ်။ သို့ပေမယ့် ဒေါ်ကင်စ်ရဲ့ အမြင် သစ်ကြောင့် သတင်းအချက်အလက်တွေက သူတို့ မျိုးနွယ်တွေ ရပ်တည်ဖို့ သက်ရှိတွေကို အသုံးချနေတယ်လို့ ထပ်ဖြည့်ရမလို ဖြစ်နေပါတယ်။

                ဇီဝလောကသားတွေဟာ သတင်းလောက ကို မမြင်နိုင်ပါဘူး။ သတင်းလောက (Infosphere) ဟာ တစ္ဆေသရဲတွေလို စိတ္တဇဆန်ဆန် တည်ရှိနေတဲ့ သတင်းအချက်အလက် (သို့) သတင်းလောကသား တွေ နဲ့ ပွရှုပ်နေတဲ့ အပြိုင်လောကတစ်ခု ဖြစ်ပါတယ်။သို့ပေမယ့်လဲ သူတို့ဟာ ကျွန်တော်တို့ လူတွေ အတွက်တော့ သရဲလို မမြင်ရတာမျိုးတော့ မဟုတ်တော့ပါဘူး။ ကမ္ဘာပေါ်က သက်ရှိတွေအထဲ ကျွန်တော်တို့ လူသားတွေကသာ ဒီလောကနှစ်ခုအကြား တစ်ချိန်တည်း နေနေကြတာတာကိုး။ လူဟာ ကျန်တဲ့ သက်ရှိတွေထက် ရှုပ်ထွေး များပြားတဲ့ သတင်း အချက်အလက်တွေနဲ့ နေလာကြပါတယ်။ ကျွန်တော်တို့ဟာ ဒီ လောကနှစ်ခုထဲမှာ တစ်ပြိုင်တည်း နေလာခဲ့ကြတာ ကြာပေမယ့် ဖုံးကွယ်နေတဲ့ လောကကို သိရှိခံစားလာ နိုင်ကြတာ တော့ မကြာသေးပါဘူး။ ခုဆိုရင်ဖြင့် ကျွန်တော်တို့တွေဟာ သတင်းအချက်အလက် မျိုးစိတ်ပေါင်းများစွာ ကိုတွေ့ရှိနေကြပါပြီ။ သူတို့ ရှင်သန်နိုင်အောင် သတင်းအချက်အလက် မီဒီယာ အများအပြားနဲ့ ထိန်းသိမ်းကူညီပေးထားတာက ကျွန်တော်တို့ ကိုယ်တိုင်ပါ။ ဒါပေမယ့် သင် စ ကြားဖူးတည်းက ကြိုက်ခဲ့တဲ့ သံစဉ်တစ်ခု သင့်နားထဲမှာ ပဲ့တင်ထပ်စွဲငြိတဲ့အခါ၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ အိုင်ဒီယာ အမြင်သစ်တစ်ခုကြောင့် ဖက်ရှင်တွေ၊ လုပ်နည်းလုပ်ထုံးတွေ အထက်အောက် ပြောင်းပြန်ဖြစ်သွားတဲ့အခါ၊ ဒါမှမဟုတ် လုပ်ကြံဇာတ်လမ်း (Hoax) တစ်ခု ကမ္ဘာသားတွေ နှုတ်ဖျားမှာ လပေါင်းများစွာ စွဲငြိပြီး ပျောက်ကွယ်တဲ့အခါမှာလဲ သူစွဲငြိခဲ့တုန်းကလိုပဲ အလျင်အမြန် ကိုယ်ယောင်ဖျောက် ထွက်ခွာ သွားတဲ့အခါ၊ ဘယ်သူက ဘယ်သူကို အရူးလုပ်တာလဲ။ ဘယ်သူက သခင်လဲ။ ဘယ်သူက ကျွန်လဲ။ ကျွန်တော်တို့လား။ သရဲတစ္ဆေ ယောင်ယောင် သတင်းအချက်အလက်လောကသားတွေလား။

No comments:

Post a Comment