Search This Blog

Wednesday, November 2, 2011

သာမိုပိုင်းလေးတိုက်ပွဲ(သြဂုတ် ၇-၁ဝ ရက် ၄၈ဝ ဘီစီ)



သာမိုပိုင်းလေးတိုက်ပွဲ (သြဂုတ် ၇-၁ဝ ရက် ၄၈ဝ ဘီစီ)

သာမိုပိုင်းလေးတိုက်ပွဲ သည် စပါတန်ဘုရင် လီယွန်နိုင်းဒပ်စ်ဦးဆောင်သော ဂရိမြို့ပြနိုင်ငံများ မဟာမိတ်အဖွဲ့ နှင့် ဇားဇီးဧကရာဇ် ၏ပါရှန်အင်ပါယာကြီး ကြားဖြစ်ပေါ်သော သုံးရက်ကြာဖြစ်ပေါ်သော ပါရှန်တို့၏ ဒုတိယအကြိမ် ဂရိ တိုက်ပွဲစဉ် မှ ထင်ရှားသောတိုက်ပွဲဖြစ်သည်။
တိုက်ပွဲ အမည်သည် အနီးနားရှိ ကန့်ရေပူစမ်းများကို အစွဲပြုကာ အမည်ပေးထားသော The Hot Gates မှ ဆင်းသက်လာသည်။ တိုက်ပွဲဖြစ်နေသည့် အချိန်တွင် ရေကြောင်းတွင်လည်း အာတီမီဆီယမ်အငူ၌ ဂရိတို့က ပါရှန်များကို ပိတ်ဆို့ထားသေးသည်။

သာမိုပိုင်းလေးအရပ်သည် ထိုအချိန်က တစ်ဖက်က ပင်လယ် တစ်ဖက်က တောင်တန်းများရှိသော မီတာ ၁ဝဝမျှသာကျယ်သည့် အလွန် ကျဉ်းသော တောင်ကြားလမ်းလေးဖြစ်သည်။ ယခုအခါတွင်မူ ထိုနေရာ စပါခိုင်းရော့စ် (Spercheios) မြစ်မှ ပို့ချသည့် အနည်များကြောင့် ယခင်က ကဲ့သို့ မကျဉ်းတော့ပေ။



နှစ်ဖက်အင်အားများ

ဇားဇီးစ် ၏ ပါရှန်တပ်သည် အင်အား ၇ဝဝဝဝ မှ ၃ဝဝဝဝဝ ရှိမည်ဟု ခေတ်သစ်ပညာရှင်များ ခန့်မှန်းကြသည်။ ဂရိတို့ဖက်မှ သာမိုပိုင်းလေးတွင် ရပ်ခံသော ကြည်းတပ် အင်အားစုမှာ ဂရိသမိုင်းပညာရှင် ဟာရိုဒိုးတပ်စ် အလိုအရ-
  • စပါတန် -------------------- ၃ဝဝ
  • ကျန် ပယ်လိုပိုနီးရှန်းများ---- ၃၇ဝဝ နီးပါး
  • သက်စပီယန်---------------- ၇ဝဝ
  • ဖိုးရှန်း------------------------ ၁ဝဝဝ
  • သီဘန်----------------------- ၄ဝဝ
  • စုစုပေါင်း= ၆၁ဝဝ ခန့်



ပါရှန်တပ်သည် ဟီရိုဒိုးတပ်စ်အလိုအရ အင်အား နှစ်သန်းခြောက်သိန်းရှိသည်ဆိုသည်။ တီးဆီးယပ်စ် ၏အလိုအရ အင်အား ၈သိန်းရှိသည်ဟုဆို၏။ သို့သော် ရိက္ခာထောက်ပံ့ရေးအခက်အခဲများအရ ဤအင်အားသည် ယုတ္တိမတန်၍ ခေတ်သစ်ပညာရှင်များက ခုနှစ်သောင်းမှ သုံးသိန်းထိ ခန့်မှန်းကြသည်။



တိုက်ပွဲအကြိုအခြေအနေ

ပါရှန်တပ်သည် ဘီစီ ၄၈ဝတွင် အင်ပါယာ အတွင်း ဆားဒစ်မြို့မှ ဥရောပသို့ စတင်ချီတက်ပြီး ဥရောပနှင့် အာရှ ကြားရှိ ဟီလီစပွန့်ရေလက်ကြားကို လှေများတွဲဆက်ထားသော တံတားနှစ်စင်းဖြင့် ကူးကြသည်။ ပြီးနောက် ရေတပ်၏ စားရေရိက္ခာ အထောက်အပံ့ဖြင့် ကြည်းတပ်သည် ကမ်းရိုးတန်း တစ်လျှောက်ချီတက်ကြသည်။ ၄င်းချီတက်လာမှုကို ဂရိတို့ဖက်မှ ပိတ်ဆို့လိုသဖြင့် ကြည်းကြောင်းမှ သာမိုပိုင်းလေးမှ လည်းကောင်း ရေကြောင်းမှ အာတီမီဆီယမ်မှ လည်းကောင်း ရပ်ခံရန် စီစဉ်ကြခြင်းဖြစ်သည်။

ဤနေရာသည် ဂရိတို့အတွက် အလွန်ကောင်းသော မြေနေရာဖြစ်သည်။ ကျဉ်းမြောင်းလှသော တောင်ကြားလမ်းကို ဂရိလှံနှင့်ဒိုင်းစွဲ ဟော့ပလိုက် (Hoplite) တပ်စုများ သည် အလွယ်တကူ ပိတ်ဆို့ထားနိုင်သည်။ ပါရှန်များ အတွက်မူ လူအင်အားများလှသော တပ်မတော် အတွက် နေ့ရက်ရှည်ကြာစွာ ရပ်နားနေခြင်းသည် စားရေရိက္ခာပြဿနာ ရှိပေသည်။ ထို့ကြောင့် မရပ်ဘဲ ရှေ့သို့တက်ရောက် တိုက်ခိုက်ရန် တွန်းအားပေးထားသည်။ ထို့ပြင် အင်အားကြီးမားသော ကြည်းတပ်ကို ထောက်ပံ့နိုင်သော ထောက်ပံ့ရေးတပ် မှာပါရှန်ရေတပ်သာ ဖြစ်သဖြင့် ပါရှန်တို့သည် ကမ်းရိုးတမ်း စစ်ကြောင်းမှလည်း မစွန့်ခွာနိုင်ချေ။

ဂရိတို့ဖက်တွင် အားနည်းချက်တစ်ခုကားရှိသည်။ ဘေးမှ ဝန်းရံဝင်ရောက်နိုင်သော လျှို့ ဝှက်တောင်ကြားလမ်းတစ်ခုဖြစ်သည်။ လီယွန်နိုင်းဒပ်စ်သည် ထို လမ်းပေါက်အား ဖိုးရှန်းတပ်စုတစ်ခုဖြင့် အစောင့်အနေရှိစေသည်။



တိုက်ပွဲ ပထမနေ့

သာမိုပိုင်းလေးကို ပါရှန်တို့ရောက်ရှိပြီး ငါးရက်အကြာတွင် ဇားဇီးစ်သည် သူ၏တပ်ကို တိုက်မိန့်စပေးခဲ့သည်။ ပထမဆုံးအနေဖြင့် မီဒီ (Medes) လူမျိုးနှင့် စစ်စီယန် (Cissians) လူမျိုး တပ်ဖွဲ့ များကို စေလွှတ်ပြီး ဂရိများကို လက်ရဖမ်းကာ ရှေ့တော်သို့ဖမ်းခေါ်လာရန် အမိန့်ချသည်။ သို့သော် ၄င်းတို့သည် ဂရိများနှင့် ရင်ဆိုင်မိသော် ကျဉ်းမြောင်းသော တောင်ကြားလမ်းလေးတွင် ရူးသွပ်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်နေကြောင်း သဘောပေါက်မိကြသည်။ ဂရိတို့သည် ကျဉ်းသောတောင်ကြားလမ်းတွင်ရှိသည့် ဖိုးရှန်ဂရိများ ဆောက်ပေးထားသော တံတိုင်းအကာအကွယ်နှင့် တိုက်ကြသည်။

တိုက်ခိုက်ပုံနှင့် ပတ်သက်၍ အသေးစိတ်မသိရသော်လည်း ဒီယိုဒိုးရပ်စ် (Diodorus) ၏အဆိုအရ ဂရိ ဖဲလင့်စ်တပ်စု အနေဖြင့် တိုက်ကြကြောင်းသိသာသည်။ Phalanx ဆိုသည်မှာ Hoplite မည်သော ဂရိလှံနှင့် ကြေးဒိုင်းစွဲ တပ်သားများ ပခုံးချင်းယှဉ်လျက် လှံသွားများကို စိပ်နေအောင် စုစည်းပြီး တစ်လုံးတစ်ခဲတည်း ရန်သူကို ထိုးဖောက်တိုက်ခိုက်နိုင်သော လှုပ်သာရှားသာမရှိသည့် တပ်စုများဖြစ်သည်။ ၄င်းတပ်များသည် လွင်ပြင်တွင် လှုပ်သာရှားသာမရှိသော်လည်း မြောင်ကျပ်နေရာမျိုးကို ပိတ်ဆို့ရာတွင်မူ အလွန်အသုံးဝင်သည်။ ပါရှန်တို့၏ လှံတိုများ (ဂရိလှံများသည် အဆမတန်ရှည်လျားသည်) နှင့် ကြိမ်ဖြင့်ရက်သော ဒိုင်းများသည် ဂရိကြေးဒိုင်းများနှင့် တစ်ချက်တစ်ချက်ထွက်လာတတ်သော လှံရှည်များကို မထိုးဖောက်နိုင်ပေ။ တစ်ဖန် ဂရိတို့သည် လူလဲဖြင့် ခုခံကြသဖြင့်လည်း အားမယုတ် လန်းလျက်သာရှိလေသည်။ မီဒီတပ်သား အများအပြားထိုးခုတ်ခံရသဖြင့် ဇားဇီးစ် ဧကရာဇ်မှာ သုံးကြိမ်မျှပင် ထိုင်ရာမှ ထရှုစားတော်မူရသည် ဟုဆိုသည်။ တီးဆီးယား (Ctesias) ၏အလိုအရ ပထမတိုက်ခိုက်မှုသည် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားသည်ဟုဆိုထားသည်။



ဇားဇီးစ်သည် သူ၏ လူတစ်သောင်းပါရှိသော အမတ ကိုယ်ရံတော်တပ်ဖွဲ့ ကို သုံးပြီး အတင်းထိုးဖောက်စေသည်။ (အမတဟု ဆိုရခြင်းမှာ လူတစ်သောင်းတပ်ကို လူလျော့တိုင်း အမြဲပြန်ဖြည့်နေပြီး အားမယုတ်ပဲ အမြဲသစ်လွင်နေ၍ ခေါ်ခြင်းဖြစ်သည်။) စပါတန်တို့က ဟန်ဆောင် ဆုတ်ခွာခြင်းနည်းဖြင့် ရန်သူတပ်အလုံးကို ပျက်စေပြီးမှ ပြန်လည်တိုက်ခိုက်ခြင်းဖြင့် အနိုင်ရရှိခဲ့သည်။






ဒုတိယနေ့

ဒုတိယနေ့တွင် ဇားဇီးစ်သည် ခြေလျင်တပ် တောင်ကြားကို ထိုးဖောက်ရန် လွှတ်ပြန်သည်။ ယမန်နေ့ကအတိုင်းပင် ရှုံးနိမ့်ခဲ့သည်။ ဇားဇီးစ်လည်း ဆက်မတိုက်ဘဲ စခန်းထိ ဆုတ်ခွာခဲ့သည်။ စိတ်လည်းရှုပ်သွားခဲ့သည်။ ထို့နေ့နှောင်းပိုင်းလောက်တွင် အီဖီယဲတီးစ် (Ephialtes) မည်သော ဂရိသစ္စာဖောက် တစ်ယောက်ထံမှ တောင်ကြားလမ်းကို ပန်းသွားနိုင်သော နောက်လမ်းတစ်ခုရှိကြောင်းကြားသိရသည်။ ဇားဇီးစ်က ဆုလာဘ်ပေးမည်ဆိုသောကြောင့် ထိုလမ်းကို ပြခဲ့သည်။ ဇားဇီးစ်က မွန်းလွဲပိုင်းတွင် ဗိုလ်တစ်ယောက်ဖြစ်သူ ဟိုက်ဒါးနီးစ် (Hydarnes) ကို အမတတပ်များနှင့် စေလွှတ်ပြီး ဂရိတို့ကို နောက်ကြောမှ ပန်းဝန်းစေ၏။ ဒီယိုဒိုးယပ်စ်အလိုအရ ဟိုက်ဒါးနီးစ်တွင် ဤအတွက် တပ်သား နှစ်သောင်း ရရှိထားသည်ဟုဆို၏။



တတိယနေ့

တတိယနေ့ အာရုံဦးလောက်တွင် ထိုလျှို့ဝှက်တောင်ကြားလမ်းကို အစောင့်အနေရှိသော ဖိုးရှန်းများသည် ပါရှန်တို့၏ တိတ်တဆိတ်လှုပ်ရှားမှုကို ဝက်သစ်ချရွက်များ ရှတ်တရှတ်ရှတ် လှုပ်နေခြင်းမှ သိရှိသွားသည်။ နှစ်ဖက်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဖိုးရှန်းများက နီးရာတောင်ကုန်းတစ်ခုပေါ်တက်လျက် ရပ်ခံနေကြသည်။ ပါရှန်တို့က လာတိုက်မည်ထင်ပြီး တက်နေခြင်းဖြစ်သည်။ ဟိုက်ဒါးနီးစ် သည် နည်းနည်းမှ အချိန်မဖြုန်းဝံ့ဘဲ မြားတစ်သုတ်သာ ပစ်လွှတ်ခဲ့ပြီး ဂရိတပ်မကြီးကို ဝန်းရံရန် ဆက်လက်ချီတက်သွားသည်။ ဖိုးရှန်းတို့ လမ်းကို မပိတ်ထားနိုင်ကြောင်း လီယွန်နိုင်းဒပ်စ် သိရှိသော် စစ်အစည်းအဝေးခေါ်ခဲ့သည်။ အချို့ ဂရိတပ်များသည် ဆုတ်ခွာရန် အကြံပေးကြသည်။ အချို့မူ ကိုယ့်အလိုကျပင် တပ်များကို ရုပ်သိမ်းသွားသည်။ နောက်ဆုံး တိုက်ပွဲတွင် လီယွန်နိုင်းဒပ်စ်နှင့် စပါတန် ၃ဝဝ၊ ဒီမိုဖီးလပ်စ် (Demophilus) နှင့် သက်စပီယန် ၇ဝဝ၊ သီဘန် ၄ဝဝသာ ကျန်ရစ်သည်။ အစီအစဉ်အရ ဂရိတပ်အားလုံးက တောင်ကြားအတိုင်း ဆုတ်ခွာစဉ် ၄င်းတို့က ပါရှန် မြင်းတပ်ကို မဖြတ်သန်းနိုင်အောင် ပိတ်ထားခြင်းဖြင့် ဂရိ ၃ဝဝဝကျော်ကို ကာကွယ်ကယ်တင်ပေးနိုင်သည်။ အားလုံးဆက်လက်ရပ်ခံပါက အဝန်းရံခံရပြီး နောက်ဆုံး အားလုံးသေကုန်မည်။ ထို့ကြောင့် လူအနည်းငယ်ဖြင့် စစ်မြီးကို ကာကွယ် ရန် ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။

မနက်တွင် ဇားဇီးစ်၏ တပ်မက ရှေ့တူရူမှတိုက်ကြသည်။ အမတ တပ်စုများက ဘေးမှ တောင်ကြားလမ်းသွယ်အတိုင်း တက်လာပြီး နောက်မှ ဝန်းရံတိုက်ခိုက်ကြသည်။ ခုခံသူ ဂရိများလည်း နိုင်သလောက်ခုခံကြသည်။ လှံများ ဖွာထွက်ကျိုးပဲ့ကုန်သည် ထိ တိုက်ကြသည်။ ပြီးလျှင် ဇိုင်ဖီ ခေါ်သော ဓားတိုများ ဖြင့် ဆက်တိုက်ကြသည်။ တိုက်ပွဲတွင် ဇားဇီးစ်၏ ညီနောင် နှစ်ပါးကျဆုံးသည်။ လီယွန်နိုင်ဒပ်စ်လည်း မြားမှန်သေသည်။ သူ့အလောင်းကို လုရန်တိုက်ကြပြန်သည်။ နောက်ဂရိများသည် တံတိုင်းအနောက်မှ တောင်ကုန်းငယ်တစ်ခုပေါ်ဆုတ်ခွာကြသည်။ သီဘန်များ သည် အညံခံကြသည်။ ကျန်လူများသည် လက်နက်မချ၍ ဂရိအားလုံးသေသည်ထိ မြားမိုးသွန်းကာ ရှင်းလင်းလိုက်သည်။



နောက်ဆက်တွဲ

သာမိုပိုင်းလေး ခံစစ်ပြိုကျသွားသော် အာတီမီဆီယမ်ရှိ ဂရိရေတပ်လည်း ဆက်နေ၍ အကျိုးမထူးသဖြင့် အက်တီးကားကျွန်းဆွယ်ထိ ပြန်ဆုတ်ခွာလာသည်။ ပါရှန်တို့ အတားဆီးမရှိ ဆက်လက်ချီတက်လာ၍ ထိုရေတပ်ဖြင့်ပင် အက်သင်မြို့သားများကို အနီးနားမှ ဆယ်လာမစ်ကျွန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ပါရှန်ရေတပ်သည် လည်း နောက်ဆက်လက်ဖြစ်ပွားသော ဆယ်လာမစ်ရေလက်ကြား ရေတပ်တိုက်ပွဲတွင် လုံးဝပျက်စီးသွားခဲ့သည်။ ဇားဇီးသည် အာရှသို့ ပြန်သွားပြီး မာဒွန်းနီးယပ်စ်ကို တပ်များကို ဦးစီးစေလျက် ကျန်ဂရိမြို့များကို သိမ်းယူစေခဲ့သည်။ ကြည်းတပ်တိုက်ပွဲ ပလက်တီးယား (Platea) တွင် ပါရှန်တပ်ရှုံးနိမ့်လျက် မာဒွန်းနီးယပ်စ် အသတ်ခံရသည်။ ဇားဇီးစ်လက်ထက် ဂရိစစ်ဆင်ရေးလည်း အရှုံးနှင့် အဆုံးသတ်ခဲ့သည်။

No comments:

Post a Comment