Search This Blog

Wednesday, November 2, 2011

ဟန်နီဘယ်

ဟန်နီဘယ် (Hannibal)

ဟန်နီဘယ်


ငယ်ဘဝ
               ဟန်နီဘယ်သည် ၂၄၇ဘီစီ၌ ဖွားမြင်သည်။ သူ၏ မွေးရပ်မြေ ကားသေ့ခ်ျ (Carthage) သည် အလွန်အရေးကြီးသော စစ်ပွဲရှည်ကြီး တစ်ခုကို ရှုံးလုဆဲဖြစ်နေခဲ့သည်။ ကားသေ့ခ်ျမြို့တော်သည် မြေထဲပင်လယ်၏ အလွန် စည်ပင်ကြွယ်ဝသော ဆိပ်ကမ်းဖြစ်ပြီး ချမ်းသာသော ပြည်နယ်အများကို ပိုင်ဆိုင်ထားသည်။ သို့သော် ၄င်းသည် ရောမနှင့် ငြိစွန်းသော ပထမပျူးနစ်စစ်ပွဲ (၂၆၄ဘီစီ-၂၄၁ဘီစီ) တွင်း အရှုံးကြီးရင်ဆိုင်ထားရသည်။ ရောမသည် စစ်အောင်သောအခါ ကားသေ့ခ်ျ၏ အရေးအပါဆုံး နယ်မြေဖြစ်သော စစ်စလီကျွန်းကို သိမ်းပိုက်ထားသည်။ ကားသေ့ခ်ျတွင် ပြည်တွင်းစစ်ဖြစ်နေချိန်၌ ဆာဒင်းနီးယားနှင့် ကော့ဆီးကား ကျွန်းများကို ပါဆက်လက်သိမ်းပိုက်ထားခဲ့သည်။ ဤအဖြစ်အပျက်များသည် ဟန်နီဘယ်၏ ငယ်ဘဝတွင် မှတ်မှတ်ရရ ဖြစ်နေစေခဲ့သည်။

               ဟန်နီဘယ်သည် ကားသေ့ဂျင်နီယန် (Carthaginian) စစ်သူကြီးတစ်ဦး ဖြစ်သူ ဟန်မီလ်ကာ ဘာကာ (Hamilcar Barca) ၏ သားအကြီးဆုံးဖြစ်သည်။ သူ့ ဖခင်က သူ၁၀နှစ်သား အရွယ်တွင် အိုက်ဘားရီးယားကျွန်းဆွယ် (ယခုစပိန်ရှိရာဒေသ) သို့ ဘီစီ ၂၃၇ တွင် ခေါ်ဆောင်လာခဲ့သည်။ အိုက်ဘားရီးယားတောင်ပိုင်းဖြစ်သော အန်ဒယ်လူးဆီးယားနယ် (Andalusia) နယ်သည် သူ့ ဖခင်ကိုယ်တိုင် နယ်မြေချဲ့ထွင်ပေးခဲ့သော ကားသေ့ခ်ျပိုင် ဖြစ်ပြီး ကေဒါဇ် (Cádiz=တံတိုင်းရံမြို့) ၊ မယ်လခါး (Malkah=တော်ဝင်မြို့) ၊ ကာတာဂျင်းနား (Cartagena= ကားသေ့ခ်ျမြို့သစ်) စသည်ဖြင့် ကားသေ့ခ်ျပိုင် မြို့များစွာရှိသည်။ ဤသို့နယ်မြေချဲ့ထွင်ခြင်းဖြင့် စစ်တွင်း ဆုံးရှုံးခဲ့ရမှုများကို ခုပေးခံပေးမည်ဟု ဟန်မီးလ်ကာ ကယူဆခဲ့သည်။  ရောမသမိုင်းဆရာ လိုင်ဗီ (Livy) ကမူ ဟန်နီဘယ်၏ဖခင်သည် ဟန်နီဘယ်ကို ရောမများကို ထာဝရအမုန်းထားရန် ကတိပေးခိုင်းခဲ့သည်ဟုဆိုထား၏။ မည်သို့ပင်ဖြစ်စေ ကာသေဂျင်နီယန်တို့ အတွက် ရောမကိုမုန်းရန် လုံလောက်သော အကြောင်းပြချက်ရှိသည်ကားခိုင်လုံပေသည်။ ရောမနှင့် ကားသေ့ခ်ျတို့ သည် ပြည်တော်ကြီးဂရိများ (Greeks of Megálē Hellás) ဟုခေါ်သော အီတလီတောင်ပိုင်းမှ ဂရိမြို့ပြနိုင်ငံများ က မြေထဲပင်လယ်ကြီးစိုးရေးအတွက် မပေါင်းစည်းနိုင်ပဲ ရောမလက်အောက် ကျရောက်သွားသော် အီတလီမှ လက်တင်-ဂရိမျိုးနွယ်ဝင် ရောမနှင့် အာဖရိကမြောက်ပိုင်း ကမ်းခြေ မှ ဖီနီးရှန်း-ဆီမိုက်တစ် အနွယ်ဝင် ကားသေ့ခ်ျတို့ သည် မြေထဲပင်လယ် ကုန်သွယ်မှုကြီးစိုးရေး ဆုလာဘ်ကို နှစ်ဦးအနက် တစ်ဦး ရရှိရန် ဤပဋိပက္ခကို လုံးဝမရှောင်နိုင်ချေ။ တစ်ဦးမဟုတ်တစ်ဦး ဆက်လက်ကျန်ရစ်ပြီး တစ်ဦးက လုံးဝကျဆုံးသွားရပေမည်။ ဤကျဆုံးသူမှာ ရောမလော။ သို့တည်းမဟုတ် ကားသေ့ခ်ျလော ဟူသည်ကို ဆက်လက်လေ့လာကြပါစို့။

               ဟန်မီးလ်ကား ၂၂၉ဘီစီတွင်သေဆုံးပြီးနောက် ဟန်နီဘယ်၏ ယောက်ဖ ဟတ်စ်ထရူဘယ် က ပြည်နယ်အုပ်ချုပ်ရေးကို ဆက်လက်ချုပ်ကိုင်ခဲ့သည်။ ဤပြည်နယ်တိုင်းမှူးသည် ကားသေ့ခ်ျ၏ အနေအထားကို သံတမန်ရေးရာဖြင့်တိုးမြှင့်နိုင်ခဲ့သည်။  ကားသေ့ခ်ျနှင့် ဒေသခံ အိုက်ဘားရီးယန်းမျိုးနွယ်စုများကြား လက်ထပ်မင်္ဂလာများဆောင်နှင်းခဲ့ကြသည်။ ဟန်နီဘယ်ကိုယ်တိုင်လည်း ဒေသခံမင်းသမီးတစ်ပါးနှင့်လက်ထပ်ခဲ့သည်။ ဤနှစ်များအတွင်းဟန်နီဘယ်သည် ဇာတိ ကားသေ့ခ်ျသို့လည်း ပြန်ဖြစ်ခဲ့မည်ဟုယူဆရသည်။
၂၂၁ဘီစီတွင် ဟတ်စ်ဒရူဘယ် အသတ်ခံရသည်။ အိုက်ဘားရီးယားရှိ ကာသေဂျင်နီယန်စစ်သည်များက ဟန်နီဘယ်ကို သူတို့၏ ခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့သည်။ ကားသေ့ခ်ျ အစိုးရကလည်း အတည်ပြုပေးခဲ့ရာ ဟန်နီဘယ်သည် အိုက်ဘားရီးယားတွင် တရားဝင် ခေါင်းဆောင်ဖြစ်သွားပေပြီ။ အသက်နှစ်ဆယ့်နှစ်နှစ်သာရှိသေးသော ကားသေ့ခ်ျလူငယ် စစ်သူကြီးသည် သူ့ ဖခင်၏ ရန်လိုသော စစ်ပေါ်လစီကို ပြန်လည်ထုတ်ဖော်လိုက်ပြီး ဒေသခံအိုက်ဘားရီးယန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ ၂၂ဝ ဘီစီတွင် အိုက်ဘာရီးယား အလယ်ပိုင်းရှိ ဆယ်လာမန်းကား (Salamanca) မြို့ကိုသိမ်းယူခဲ့သည်။ နောက်တစ်နှစ် ၂၁၉ဘီစီတွင် ရောမ မဟာမိတ်တစ်ခုဖြစ်သော စက်ဂမ်တမ်မြို့ (Saguntum) ကို လုပ်ကြံခဲ့သည်။ ရောမသည် ဘော်လကန်အနောက်ဖက်ရှိ ဒုတိယအီလိုင်းရီးယားစစ် တွင်မအားမလပ်နိုင်အောင်ရှိ၍ စက်ဂမ်တမ်မြို့ကို စစ်ကူမပို့နိုင်ခဲ့ချေ။ ကာသေဂျင်နီယန်တို့သည် မြို့ကို ၈လကြာလုပ်ကြံပြီးနောက်ရရှိခဲ့သည်။ သူသည် ရောမနှင့်ကားသေ့ခ်ျ ပထမပျူးနစ်စစ်ပွဲ အပြီး၌ ပြုလုပ်ခဲ့သော သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ ဒုတိယပျူးနစ်စစ်ပွဲ မီးဖွားလေးကားစလိုက်ပေပြီ။ ရောမက ကားသေ့ခ်ျ အစိုးရကို ဟန်နီဘယ်အားရာထူးမှ လျှောချရန်တောင်းဆိုခဲ့သည်။

စက်ဂမ်တမ် မှ ကာနေးသို့
               သူ၏ကံကြမ္မာမည်သို့ဖြစ်မည်ကို ငြှိနှိုင်းနေကြစဉ်တွင်ပင် ဟန်နီဘယ်သည် ကားသေ့ခ်ျပိုင်နက်ကို ဆက်လက်တိုးချဲ့နေခဲ့သည်။ သူ့ညီ ဟတ်စ်ဒရူဘယ် (၂၂၁ဘီစီတွင် ဆုံးသွားသော ယောက်ဖနှင့် မရောထွေးပါရန်) ကို အိုက်ဘားရီးယားတွင် တပ်မှူးခန့်ခဲ့ပြီး အက်ဘရိုမြစ်ကို ၂၁၈ဘီစီ မေလတွင်းဖြတ်ကာ အိုက်ဘားရီးယားကျွန်းဆွယ်တစ်ခုလုံးကို လက်ရသိမ်းပိုက်လိုက်သည်။ သတင်းများကို ကြားသိရသော ရောမသည် ကားသေ့ခ်ျကို စစ်ကြေညာလိုက်ပြီး စစ်စလီကို စစ်ကူများပို့ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အာဖရိကမြောက်ဖက်ရှိ ကားသေ့ခ်ျဆိပ်ကမ်းမှ အီတလီကျွန်းဆွယ်၏ခြေဖနောင့်လေး အထိ မြေထဲပင်လယ်ကို စစ်စလီက ခရီးတစ်ထောက်နားစရာကျွန်းဖြစ်နေ၍ဖြစ်သည်။ ရောမတို့က ကားသေ့ခ်ျတို့ တိုက်ခိုက်လျှင် ပင်လယ်ကြောင်းမှနေ၍ တောင်ဖက်မှလာမည်ဟု မှန်းထား၍တည်း။

               ဟန်နီဘယ်သည် အိုက်ဘားရီးယားမြောက်ဖက် ကာတာလုံးနီးယား တိုက်ပွဲစဉ်ကို ရပ်ဆိုင်းထားလိုက်ပြီး ရောမတို့ ခုခံရန်ပြင်ဆင်ချိန်မရမီ လျှပ်တစ်ပြက်စစ်ဆင်ရေးကို သုံးရန်ဆုံးဖြတ်လိုက်သည်။ သူသည် ရောမတို့ မျှော်မှန်းထားသော တောင်ဖက် ပင်လယ်လမ်းမှ မလာပဲ ကုန်းလမ်းမှ နေ၍ အယ်လ်ပ်စ် (Alps) တောင်တန်းကို ရန်သူများ မသိစေပဲ မြန်နိုင်သမျှမြန်မြန် ဖြတ်ကျော်ကာ အီတလီကို မြောက်ဖက်မှဝင်ရောက်ရန်ကြံစည်ခဲ့သည်။

ဟန်နီဘယ် ချီတက်ရာလမ်းကြောင်းများ


အယ်လ်ပ်စ်တောင်တန်းများပေါ်ချီတက်ပုံ




               သူသည် ခြေလျင်စစ်သည် ၅ဝဝဝဝ၊ မြင်းသူရဲ ၉ဝဝဝ၊ ဝန်တင်အာဖရိကန်ဆင် ၃၇ကောင် ဖြင့် အိုက်ဘားရီးယားနှင့် ကျန်ဥရောပ ကို ခြားထားသော ပိုင်ရန်နီးစ် (Pyrenees) တောင်တန်းကိုဖြတ်သန်းခဲ့သည်။ ထို့နောက် ရုမ်းမြစ်ကို ဖြတ်ကူးခဲ့သည်။ ဆင်များကိုလည်း ဖောင်ကြီးများဖြင့် သယ်ဆောင်ခဲ့သည်။

ရုမ်းမြစ်တွင် ဆင်များကို ဤသို့ ဖြတ်ကူးစေသည်။


               ရဲစွမ်းသတ္တိ ပြည့်ဝစွာဖြင့် ဆောင်းဦးနှင်းထဲတွင် အယ်လ်ပ်စ်တောင်တန်းကို ကျော်ဖြတ်ခဲ့သည်။ ၂၁၈ဘီစီ အောက်တိုဘာတွင် အီတလီမြောက်ဖက် ပိုးမြစ်ဝှမ်းရှိ ရောမမြို့ဖြစ်သော တုရင် (Turin) အနီး သို့ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ဤ မထင်မှတ်ပဲ လျင်မြန်စွာနှင့် ရန်သူကို အငိုက်ဖမ်းသော စွန့်စားမှုအတွက် သူပေးဆပ်လိုက်ရသော တန်ဖိုးမှာလည်းမသေးလှပေ။ ၁၂ဝဝဝ သော ခြေလျင်တပ်သားများနှင့် ၁ဝဝဝ မျှသော မြင်းသူရဲများ နှင့် ဝန်တင်ဆင် အများစုသည် အယ်လ်ပ်စ်တောင်တန်းများထဲ အေးခဲလျက် ကျဆုံးကျန်ရစ်ခဲ့သည်။ သို့သော် သူ၏ဆုံးရှုံးမှုများကို အစားထိုးရန်သူ့ တွင် အကြံရှိပြီးသားဖြစ်သည်။ မကြာသေးခင်ကမှ ရောမသိမ်းထားသော ဤနယ်မြေသည် ဂေါတိုင်းရင်းသားများပိုင်သည်။ ဂေါများကို ရောမကို တိုက်ရန် တပ်သားစုဆောင်းသောအခါ အလွယ်တကူ ရရှိမည်ဟုသူတွက်ဆခဲ့သည်။ ရောမသည် ဟန်နီဘယ် အီတလီမြောက်ပိုင်းသို့ရောက်ရှိနေသည်ကို တွေ့ရသော် အံ့အားသင့်သွားပြီး ဂေါများကို ထကြွအောင် လှုံ့ဆော်မည့် အန္တရာယ်ကို သိရှိ၍ စစ်တပ်စေလွှတ်ခဲ့သည်။ တုရင်အရှေ့ဖက်တွင် ဖြစ်ပွားသော မြင်းတပ်တိုက်ပွဲတွင် ကာသေဂျင်နီယန်တို့ ရောမကို အောင်နိုင်ခဲ့သည်။ သို့နှင့် ဂေါများလည်း ကားသေ့ခ်ျတပ်အောက်တွင် ဝင်ရောက်လျက် ရောမကိုတိုက်ရန် အကူအညီပေးခဲ့သည်။ ၁၄ဝဝဝ မျှသော ဂေါများ ကားသေ့ခ်ျတပ်ထဲဝင်ရောက်ကြသည်။ ဒီစင်ဘာ ၂၁၈ဘီစီတွင် ထရီးဘီယားမြစ်ကို စစ်စလီမှ တပ်များနှင့် အားဖြည့်ထားသော ရောမတပ်တစ်တပ် ကင်းလှည့်ရာမှ ဟန်နီဘယ်၏ ကင်းများနှင့်ထိစပ်မိကြသည်။ ရောမတပ်မှူးက ကားသေ့ခ်ျကင်းများ၏ စစ်မြီးကို လိုက်တိုက်ရင် ထရေးဘီးယားတစ်ဖက် ကမ်းကို ကူးသွား၏။ ထိုအခါ မြေနေရာကောင်းတွင်နေရာယူထားသော ဟန်နီဘယ်၏ တပ်မတော်ကို မြင်ရ၏။ သို့နှင့် ရောမစစ်မှူးသည် အင်အားကြီးမားလှ၍ ထိပ်တိုက်ရင်ဆိုင်လျှင်ပင် အောင်နိုင်မည်ယူဆပြီး ရောမတပ်ကို ဟန်နီဘယ်ရှိရာသို့ တည့်တိုးချီတက်စေသည်။ လက်တကမ်းတိုက်ပွဲများစတင်ပြီး မကြာမီပင် လွင်ပြင်၏ တစ်ဖက်တစ်ချက်စီမှ  တောတန်းများ၏ အကာကွယ်ယူပုန်းနေသော ကားသေ့ခ်ျမြင်းတပ်သည် ဘေးနှင့်နောက်မှ ဝန်းရံတိုက်ခိုက်သဖြင့် ရောမတပ်အလုံး ပျက်သောဟူ၏။ ထရီးဘီးယားမြစ်တိုက်ပွဲသည် ကာသေ့ခ်ျအတွက် ပွဲဦးထွက် ကြီးမားသည့် အောင်ပွဲဖြစ်သည်။


ထရီးဘီးယားမြစ်တိုက်ပွဲအနေအထား




               ၂၁၇ဘီစီ နွေဦးတွင် ဟန်နီဘယ်သည် သူ၏ ဘယ်လောင်းညား (Bologna) ရှိ ဆောင်းခိုစခန်းမှ အီတလီ ကျွန်းဆွယ် တစ်လျှောက်ရှိသော အက်ပန်နင်းစ် (Apennines) တောင်တန်းပေါ်ရှိ ရောမခံတပ်စစ်ကြောင်းကို ဝန်းဝိုက်ဖြတ်သန်းပြီး အီတလီအလယ်ပိုင်းသို့ ချဉ်းကပ်ခဲ့သည်။  အက်ထရူးရီးယားနယ် (Etruria) (ယခုတက်စကန်နီနယ်) ကို ဝင်ရောက်လုယက်ဖျက်ဆီးခဲ့သည်။ ရောမတို့က လူအင်အား ၂၅ဝဝဝ ရှိသော လီးဂျင်းတပ် နှစ်တပ်နှင့် ပြန်တိုက်ခဲ့သည်။ သို့သော် ကွပ်ကဲလာသော ရောမ ကွန်ဆိုးလ် (Consul) ဂိုင်းရပ်စ် ဖလမ်မင်နီးရပ်စ် (Gaius Flaminius) နှင့် တကွ ရောမတပ်တော် သည် ထရက်စမ်မင်း ကန် (Lake Trasimene) နှင့် တောင်ကုန်းများကြာ ချုံခို အလစ်ဖမ်းတိုက်ပွဲတွင် လုံးဝဥဿုံကျဆုံးသွား၏။

ထရပ်စမင်းတိုက်ပွဲအနေအထား


               သို့သော် ရောမ၏ အီတလီ မဟာမိတ်များသည် ရောမကို မစွန့်ပစ်ပဲ သစ္စာမြဲနေသေး၍ ဟန်နီဘယ်သည်  အက်ပန်နင်းစ်တောင်တန်းကို နောက်တစ်ကြမ် ထပ်ဖြတ်ရပြီး အီတလီ၏ခြေဖနောင့်နေရာ အပေါလီးယားနယ် တွင်(Apulia) အခြေစိုက် စခန်းတစ်ခုကို တည်ဆောက်ရန်ကြံရွယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရောမသည် သူ၏ ဆက်သွယ်ရေးလမ်းကြောင်းနှင့် အိုက်ဘားရီးယားရှိ အခြေစိုက် စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။
               ရောမ မဟာမိတ်များကို ကားသေ့ခ်ျဘက်သို့ ဆွဲဆောင်နေစဉ် အတွင်း ရောမတို့သည် ကွင်းတပ်စ် ဖေးဘီးယပ်စ် မက်ဆီးမက်စ် (Quintus Fabius Maximus) ကို ယာယီ အာဏာရှင်ခန့်အပ်ခဲ့သည်။ ဖေးဘီးယပ်စ်သည် ရန်သူ စစ်မြီးကို လိုက်တိုက်တတ်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ကြဉ်ခဲ့သည်။ နောက် ဖေဘီးယပ် မဟာဗျူဟာ ဟုတွင်လာမည့် ဤနည်းကို ရောမသားများ စိတ်မရှည်ကြပေ။ သူကို လူနှေး ဟု သရော်ခေါ်ဆိုကြသည်။ သို့သော် ထိုသို့ သူ့ကို မခေါ်သင့်ပါ။ ဖေဘီးယပ်စ်လက်ထက်တွင် ရောမတွင် အတွေ့အကြုံရှိသော တပ်များမရှိ၍ တပ်အသစ်များစုဆောင်းလေ့ကျင့်ရန်လိုနေသေးသည်။ ထို့ကြောင့် ဤတိုက်ပွဲရှောင် အင်အားစုသော နည်းဗျူဟာသည် အသုံးဝင်သော နည်းဖြစ်သည်။ ထို့ပြင် ရောမတို့သည် ကားသေ့ခ်ျ၏ အာဖရိကပိုင်နယ်မြေများကို ဝင်ရောက်တိုက်ခိုသေး၍ ကားသေ့ခ်ျအစိုးရသည် ဟန်နီဘယ်ကို စစ်ကူမပို့နိုင်ခဲ့ပါ။ ဟန်နီဘယ်မျှော်လင့်ထားသလိုလည်း ရောမ၏အီတလီမဟာမိတ်များ ကားသေ့ခ်ျဘက်ပါမလာပါ။
၂၁၆ဘီစီတွင် ရောမဆီးနိတ်သည် ပြဿနာကို ဖြေရှင်းရန် အချိန်ကျပြီ ယူဆပြီး အဆုံးဖြတ်ပေးနိုင်သောတိုက်ပွဲ တစ်ပွဲတွင် ဟန်နီဘယ်ကို အပြီးပြတ်ချေမှုန်းရန် ကြံရွယ်ခဲ့သည်။ နိုင်မည်သေချာအောင် လူအင်အား ၈ဝဝဝဝ အင်အားထက်မနည်းသော တပ်ဖွဲ့လျက် ကားသေဂျင်နီယန်များဆီ ချီတက်၏။ ထိုအချိန်တွင် ဟန်နီဘယ်၏တပ်သည် လူအင်အား ၅ဝဝဝဝသာရှိသည်။ ဇွန်လတွင်း ရောမတို့သည် ကာနေး (Cannae) မည်သော အီတလီ အရှေ့ဖက်ပင်လယ်ကမ်းရိုးတန်း တွင် ကားသေ့ခ်ျတို့ကို ချောင်ပိတ်ဖမ်းမိသည်။ သြဂုတ်လ ၂ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားသည်။ ဟန်နီဘယ်သည် သူ၏ အားပျော့သောတပ်များကို စစ်ဝမ်း၌ ထားပြီး အင်အားကောင်းသော တပ်များနှင့် မြင်းတပ်များကို တောင်ပံများတွင် နေရာချထား၏။ စစ်မျက်နှာကိုလည်း အပြင်သို့ ခုံးထွက်နေအောင်ထားထား၏။ ရောမတို့ တိုက်ကြသောအခါ အားပျော့သော ကားသေ့ခ်ျ စစ်ဝမ်းသည် အလယ်သို့ ပြိုကျလာပြီး ဘေးမှ တောင့်ခံထားသော အားကောင်းသောတပ်များမူ ဆက်လက်ရပ်တည်နေရာ စစ်မျက်နှာသည် အတွင်းသို့ ခွက်သွားစေ၏။ မြင်းတပ်များသည် ရန်သူတို့ကို ဝန်းရံပြီး နောက်ကြောမှ တိုက်ခိုက်ခဲ့သည်။ နေကုန်သည်ထိ တိုက်ပွဲသည် ဖြစ်ပွားနေပြီး ရောမတို့၏ လူ ၈ဝဝဝဝတပ်လည်း ပြုတ်ပြုတ်ပြုန်းသွားလေသည်။ ကာနေးတိုက်ပွဲ သည် ရောမတို့ အဖို့ အလွန်နစ်နာသော တိုက်ပွဲတစ်ခုဖြစ်ပေသည်။

ကာနေးတိုက်ပွဲအနေအထား


               ဤ အဆုံးအဖြတ်ပေးနိုင်သော တိုက်ပွဲ အပြီးတွင် မျှော်လင့်ချက်ကင်းမဲ့လာသော ရောမ၏ အီတလီ မဟာမိတ်များသည် ဟန်နီဘယ် လိုချင်ခဲ့သလို ကားသေ့ခ်ျ ဘက်သို့ ခိုလှုံလာကြသည်။ ရောမသိမ်းထားသော ဆာဒီးနီးယားကျွန်း သည် ပုန်ကန်ပစ်လိုက်သည်။ အီတလီရှိ ကာပူအာ (Capua) မြို့သည် အီတလီတွင် ဟန်နီဘယ်၏ မြို့တော် ဖြစ်လာသည်။ ကာပူအာ မြို့ကို သူ၏နောက်ဆုံး အသက်ရှင်ကျန်သေးသော ဆင်နှင့် ဝင်သော် ဟန်နီဘယ် အသက် ၃ဝရှိပေပြီ။ သူ့ညီ ဖြစ်သူ မာဂို ဘာကာ (Mago Barca) ကို ကားသေ့ခ်ျသို့ အောင်ပွဲ သတင်းကို ပေးပို့စေရာတွင် ကားသေ့ခ်ျဆီးနိတ်သည် ကျဆုံးသော ရောမစစ်ဗိုလ်များ လက်မှ ချွတ်ယူထားသော ရာချီသည့် ရွှေလက်စွပ်များကို ဆီးနိတ်အဆောက်အဦး အဝတွင် ပုံချပြသော အခါတွင် အတော်လေး အံ့သြချီးကျူးမိကြပေမည်။

ကာနေးမှဇာမာသို့
               ရောမ မဟာမိတ် အများအပြားပင် ရောမအောက်မှ ထွက်သွားကြသော်လည်း အီတလီ အလယ်ပိုင်းရှိ မြို့တော်များမှာမူ ရောမလက်အောက်တွင် သစ္စာမြဲလေ၏။ သို့ကြောင့် ဟန်နီဘယ်သည် ရောမ များ အင်အားကျဆင်းစေရန် ပိုကြီးသော သံတမန်ရေးရာ ထိုးစစ်မဟာဗျူဟာတစ်ခုကို ပြုလုပ်ခဲ့သည်။ ဤသည်ကား ဘော်လကန်ကျွန်းဆွယ်ရှိ အလက်ဇန်းဒါး၏ မျိုးဆက်သစ်များဖြစ်သော ခေတ်သစ် မက်ဆီဒိုးနီယန်းများနှင့် ၂၁၅ဘီစီတွင် မဟာမိတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။ ရောမက ဤလုပ်ရပ်ကို တန်ပြန်သည့်အနေနှင့် ဂရိပြည် အေတိုးလီးယား (Aetolia) ရှိ မြို့များနှင့် မဟာမိတ်ပြုလိုက်သည်။ ထိုမြို့များ မဟာမိတ်အဖွဲ့ နှင့် မက်ဆီဒိုးနီးယား လည်း စစ်ဖြစ်တော့သည်။ ကားသေ့ခ်ျ အနေနှင့် စစ်စလီသို့ တပ်များပို့ခဲ့သော်လည်း ဟန်နီဘယ်သည် တပ်သားအသစ်လုံးလုံး မရရှိခဲ့ပေ။
၂၁၂ ဘီစီတွင် ရောမသည် ထိုးစစ်ကို ပြန်လည်စတင်နိုင်ခဲ့သည်။ ပထမဆုံးအနေနှင့် သူ့ တပ်များဖြင့် ကာပူအာ နှင့် စစ်စလီမှ ဆာရာကုစ် (Syracuse) မြို့များကို ပြန်သိမ်းစေခဲ့သည်။ ဆာရာကုစ်သည် ရောမလက်အောက်ပြန်ဝင်ခဲ့သည်။ ကာပူအာမြို့ ကိုမူ ရောမတို့ ဇွဲနပဲနှင့် ပဲ ဝန်းရံထားကြသည်။ ဟန်နီဘယ်သည်  မြို့ကို မခုခံနိုင်ကြောင်းသိရှိ၍ ဝိုင်းထားသောရန်သူများ ပြန်လည်ဆုတ်ခွာစေရန် ရောမမြို့အနီးထိ ချဉ်းကပ်ပြီး စခန်းချထားသည်။ ရောမတို့ကလည်း ဟန်နီဘယ်သည် လူအင်အားနည်း၍ သူရောမကို မသိမ်းနိုင်မှန်းသိရှိရာ တပ်များကို မရုပ်ပဲ ဆက်လက် ဝန်းရံထားရာ ၂၁၁ဘီစီတွင် ကာပူအာမြို့ ရောမ များလက်ထဲ ပြန်လည်ရောက်ရှိသွားလေသည်။
တဖြည်းဖြည်းချင်းပင် ဟန်နီဘယ်ကို တောင်ပိုင်းသို့ တွန်းလှန်တိုက်ခိုက်ပစ်ရကား ၂၀၉ဘီစီတွင် တာရန်တမ် (Tarentum) မြို့ကို ရောမတို့ ပြန်လည်ရရှိသည်။  ဟန်နီဘယ်အတွက် လူအင်အား အလွန်နည်းလာရကား ကားသေ့ခ်ျအစိုးရကလည်း ပင်လယ်မှ စစ်ကူမပို့နိုင်၍ သူ့ညီ ဟတ်စ်ထရူဘယ်ကို အိုက်ဘားရီးယန်းတပ်များဖြင့် စစ်ကူတောင်းခဲ့သည်။ ဤအကြိမ်ကား ရောမအတွက် မြောက်ဖက်မှ ကားသေ့ခ်ျများဝင်လာခြင်းသည် အံ့အားသင့်စရာ မဟုတ်ပေ။ ၂ဝ၇ဘီစီတွင် မီတောရပ်စ် မြစ်တိုက်ပွဲတွင် စစ်ကူတပ်ကို ရောမတို့ အောင်နိုင်လိုက်သည်။ ဟန်နီဘယ်အတွက် စစ်ကူ အစီအစဉ်ကား အငွေ့ပျံပျောက်ကွယ်သွားပေသည်။
               ရောမတို့သည် သူကို အီတလီ၏ ဖနောင့်ပိုင်းတွင် လိုက်တိုက်ကြသည်။ သို့သော် ဟန်နီဘယ် အနေနှင့် ပြောက်ကျားစစ်ကို ဆက်နွှဲခဲ့သည်။ ထိုစဉ်တွင် အိုက်ဘားရီးယားကို ရောမတို့ စတိုက်ကြသည်။ ရောမဗိုလ်ချုပ် အများအပြားကျဆုံး ပြီး အောင်မြင်ခဲ့သမျှ သဲထဲရေသွန် ဖြစ်လုဆဲတွင်  ပက်ဘလီးယပ်စ် ကော်နယ်လီးယပ်စ်  ဆီပိုင်ယို (Publius Cornelius Scipio) ဟူသော ငယ်ရွယ်သော ဗိုလ်ချုပ်အသစ်က တပ်များကို ဦးဆောင်ကာ အိုက်ဘားရီးယား ၏ မြို့တော် ကာတာဂျင်းနားကို သိမ်းပိုက်ခဲ့ပြီး စပိန်ကျွန်းဆွယ်ရှိ စစ်ကို ၂၀၆ဘီစီတွင် အပြီးသတ်ခဲ့သည်။ များမကြာမီ  ဆီပိုင်ယို ကို စစ်စလီသို့ စေလွှတ်ခဲ့သည်။ ထို့နောက် အာဖရိက ကမ်းသို့တက်ခါ ကားသေ့ခ်ျမြေပေါ်တွင် စစ်ရောက်စေခဲ့သည်။ အာဖရိကမှ နျူးမီးဒီးယန်း ဘုရင် မက်ဆင်နစ်ဆာ (Massinissa) နှင့် မဟာမိတ်ပြုခဲ့ပြီး ၄င်းထံမှ မြင်းတပ်များ တောင်းယူခဲ့သည်။ သို့သော် ရောမ ကိုယ်တိုင် အတိုက်ခံနေရသည်ကိုပင် အေးဆေး စဉ်းစာနိုင်သောရောမဆီးနိတ်ကဲ့သို့ မနေနိုင်ပဲ ထိတ်လန့်သွားသော ကားသေ့ခ်ျ ဆီးနိတ်သည် ဟန်နီဘယ်ကို ကားသေ့ခ်ျသို့ ချက်ချင်းပြန်ခေါ်ခဲ့သည်။ စစ်နှင့် ခရီးပန်းနေသော ဟန်နီဘယ်၏တပ်သည် စစ်ကူများရှိသော်လည်း ဆီပိုင်ယို၏ စစ်ကစားမှုများကို အလိုက်သင့် တုံ့ပြန်ပေး နေခဲ့ရသည်။ ဆီပိုင်ယိုသည် ဟန်နီဘယ်ကို မြို့တော်နှင့်ဝေးရာ သူတောင်းဆိုထားသော မြင်းတပ် စစ်ကူများ နှင့် ပိုနီးသည့် ဇာမာ အရပ်၌ တိုက်ပွဲကို ဆင်ခဲ့သည်။ တိုက်ပွဲများ ရှုံးပြီးရင်းရှုံးခဲ့သော ရောမတပ်သည် ဤအကြိမ်တွင်မူ လှုပ်သာရှားသာရှိသော ကိုဟော့တပ် အရှင် များ နှင့် ဖွဲ့စည်းထားပေသည်။ ဇာမာတွင် ဟန်နီဘယ်သည် အရှုံးကြီး  ရှုံးခဲ့သည်။ တိုက်ပွဲအပြီးတွင် ကားသေ့ခ်ျသို့ပြန်ခဲ့ပြီး ရောမနှင့် စစ်ပြေငြိမ်းရာတွင် အကြံဥာဏ်ပေးခဲ့သည်။ ၂ဝ၁ ဘီစီတွင် နှစ်နိုင်ငံစစ်ပြေငြိမ်းကြ၍ ဒုတိယပျူးနစ်စစ်ပွဲကြီးပြီးဆုံးသွားသည်။ ရောမသည် ကားသေ့ခ်ျထံမှ အိုက်ဘားရီးယားကို သိမ်းယူလိုက်သည်။ ကားသေ့ခ်ျရေတပ်ကိုလည်း စီးနင်းထားလိုက်သည်။ စစ်လျော်ကြေး တလင့်ဒင်္ဂါး ၁ဝဝဝဝ ကို အနှစ် ၅ဝ အတွင်း အကျေဆပ်ခိုင်းခဲ့သည်။ ဟန်နီဘယ်လည်း စစ်သူကြီး အဖြစ်မှ နှုတ်ထွက်လိုက်ရသည်။

လက်စားချေရန် ကြံစည်ခြင်း (၂ဝ၂ဘီစီ-၁၈၂ဘီစီ)
               စစ်ပြီးနောက် ကားသေ့ခ်ျ၏ စီးပွားရေးလုံးဝ ဆုတ်ယုတ်သွားပြီး ၁၉၆တွင် ဟန်နီဘယ်ကို မြို့ ခေါင်းဆောင် ခန့်လိုက်ကြသည်။ သူတတ်နိုင်သလောက် ကားသေ့ခ်ျကို ဒီမိုကရေစီ အတန်အသင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်။ မြို့တော် ဝင်ငွေများ ကို ပြန်လည် စီမံပေးခဲ့သည်။ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး တိုးတက်ရန် လုပ်ဆောင်ခဲ့သည်။ သို့သော် ကားသေ့ခ်ျမှူးမတ်များသည် ၄င်းတို့ အာဏာလျော့ကျစေသော ဤ ပြောင်းလဲမှုများကို ရပ်ရန် ဟန်နီဘယ်၏ ဆဲလျူဆစ်အင်ပါယာ (ဂရိပိုင် ပါရှန်အင်ပါယာ) ကို မဟာမိတ်ပြုမည့် အကြောင်း သတင်းပို့ ၍ ဟန်နီဘယ်သည် အရှေ့ဖက်ရှိ ဆဲလျူဆစ် အင်ပါယာ မြို့တော် အန်တီအော့ခ် (Antioch) မြို့သို့ ပြေးရသည်။
ဤနှစ်များအတွင်း ဒုတိယ ရောမ-မက်ဆီဒိုးနီးယန်း စစ် (၂ဝဝဘီစီ-၁၉၇ဘီစီ)တွင် ရောမအနိုင်ရလိုက်သော်လည်း ဂရိရှိ ရောမ တပ်များ မက်ဆီဒိုးနီးယားသို့ရောက်သွား၍ ဂရိကို ဆဲလျူဆစ် ကျူးကျော်မှုကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ရှိသည်။ ဆဲလျူဆစ်ပြည့်ရှင် အန်တီယိုးခပ်စ် သည် ဂရိကို ဝင်တိုက်လိုက်ပြီး ရောမနှင့် စစ်တိုက်ခဲ့သည်။ ဟန်နီဘယ်သည် စစ်တပ်တစ်တပ်ကို ကွပ်ကဲခွင့်တောင်းဆိုရာ ပြည့်ရှင်က မပေးချေ။ ရေတပ်ကို သာကွပ်ကဲခွင့်ပေးခဲ့သည်။ ဟန်နီဘယ်၏ ဆဲလျူဆစ်ရေတပ်မှာ ဆိုက်ဒီ အရပ်နားတွင် ရောမ မဟာမိတ် ရုပ်ဒ်စ် (Rhodes) မြို့တော် လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီး ဟန်နီဘယ်သည် လက်လွတ်ပြေးခဲ့ရပြန်သည်။ ထို့နောက် ဘစ်သိုင်းနီးယား ဘုရင်အောက်တွင် ခိုလှုံ့ခဲ့သည်။ ဘစ်သိုင်းနီးယားေ၇တပ်ကို ဦးဆောင်လျက် ရန်သူ ပါဂျန်မင်း (Pergamene) ရေတပ်ကို အောင်နိုင်ပေးခဲ့သည်။ ဤသည်မှာ ဟန်နီဘယ်၏နောက်ဆုံးအောင်ပွဲပင်ဖြစ်သည်။ ရောမသည် ဤ အရေးတွင် ဝင်စွက်လာပြီး သူ့ကို ရောမ လက် ဝကွက် အပ်မည့် အရိပ်အယောင်များကို မြင်လာရသောအခါ သူကိုယ်သူ အဆိပ်သောက်ကာသတ်သေခဲ့သည်။ သူသေပြီး နောက် အနှစ် ၄ဝဝ မျှအတွင်း ရောမကို သူ့လောက် အန္တရာယ်ပေးနိုင်သော ပုဂ္ဂိုလ် မရှိခဲ့ပါ။

No comments:

Post a Comment