Search This Blog

Wednesday, November 2, 2011

ဘိုင်ဇင်တင်းအင်ပါယာ

ဘိုင်ဇင်တင်းအင်ပါယာ


                ရောမအင်ပါယာ ဟာ အေဒီ ၃ဝဝ လောက်က နေ စပြီး ပြိုကွဲထွက်ရင်းနဲ့ နောက်ဆုံးရောမမြို့ကို ဂျာမန် ဘာဘေးရီးယန်းတွေလက်ထဲ ကျရောက်သွားတဲ့ အထိဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူပြိုကွဲထွက်စဉ်က အင်ပါယာရဲ့ အရှေ့ပိုင်းကတော့ အင်အားတောင့်တင်းလျက် ကျန်ရစ်ပါတယ်။ ဒီ ရောမအင်ပါယာအရှေ့ခြမ်းဟာ ၃၉၅အေဒီ မှာ ဧကရာဇ် သီယိုဒိုးဆီးယပ်စ် (Theodosius) ကွယ်လွန်ပြီးနောက်မှ နီကိုမီးဒီယား (Nicomedia) မှာ အခြေပြုတဲ့ အရှေ့ရောမ အင်ပါယာနဲ့ ရောမမြို့ကို အခြေပြုတဲ့ အနောက်ရောမ အင်ပါယာဆိုပြီး ဖြစ်လာတာပါ။ အနောက်ရောမ အင်ပါယာဟာ ၄၇၆ အေဒီမှာ ဂျာမန်ဘာဘေးရီးယန်းခေါင်းဆောင် အိုဒိုအေဆာ (Odoacer) လက်ထဲကျသွားပြီး ဂျူးလီးယပ်ဆီဇာနဲ့ သြဂတ်စတပ်ဆီဇာတို့ရဲ့ ရောမအင်ပါယာကြီးရဲ့ မျိုးစဉ်မပြတ်ဆက်လက်တည်တံ့ပြီး ကျန်ရစ်တာဆိုလို့ အဲဒီ့ အရှေ့ရောမ အင်ပါယာပဲ ရှိပါတယ်။ ဘိုင်ဇင်တင်း အင်ပါယာဆိုတာ သူ့ရဲ့မြို့ တော် ကွန်စတန်တီနိုပယ် ရဲ့ နာမည်ဟောင်း ဘိုင်ဇင်တီယမ် (Byzantium) ကို အစွဲပြုပြီး ခေတ်သစ်ပညာရှင်တွေ ပေးထားတဲ့ နာမည်သစ်ပါ။ အဲဒီ့ခေတ်က လူတွေကတော့ ရောမအင်ပါယာလို့ ရိုးရိုးပဲ ခေါ်ကြပါတယ်။ ဘာလို့ကျွန်တော်တို့ နာမည် ခွဲပြီးခေါ်ရလဲဆိုရင် ရောမအင်ပါယာဟာ နဂိုက နတ်ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး လက်တင်စကားပြောလို့ပါ။ ဘိုင်ဇင်တင်းအင်ပါယာက နဂိုတည်းက ခရစ်ယာန်နိုင်ငံတော်ဖြစ်ပြီး ဂရိစကားကို အသုံးများပါတယ်။




 

သမိုင်းစဉ်အကျဉ်းချုပ်


                စင်စစ်တော့ ဘိုင်ဇင်တင်းအင်ပါယာနဲ့ ရောမအင်ပါယာကြား ပြတ်သားတဲ့ နယ်နမိတ်မျဉ်း မရှိပါ။ ဒါပေမယ့် ၃၂၄ အေဒီမှာ အရှေ့ရောမ ဧကရာဇ် ကွန်စတန်တင်းက နေပြည်တော်ကို နီကိုမီးဒီးယားကနေ ဘော့စဖောရပ် (Bosphorus) ပင်လယ်ကမ်းခြေက ဘိုင်ဇင်တီယမ်ကို ရွှေ့ပြီး မြို့တော်သစ်တည်လိုက်တာက ထင်ရှားတဲ့ အမှတ်အသားတစ်ခုလို့ ဆိုလို့တော့ရပါတယ်။ ဒီ အင်ပါယာကြီးဟာ အနောက်ရောမ အင်ပါယာနဲ့ နေပြည်တော်ဟောင်း ရောမမြို့ ကြီး ကျဆုံးပြီး နောက် အနှစ် ၁ဝဝဝလောက်ထိ (၄ရာစုအေဒီ-၁၄၅၃အေဒီ) မပျောက်ကွယ် ဆက်လက်ရပ်တည်နိုင်ခဲ့သေးတယ်။ သူ့ရဲ့ သမိုင်းကို ခေတ်သစ် တစ်ခုမှာ ရှေးအင်ပါယာကြီးဟာ ဘယ်လို ရုန်းကန်ရပ်တည်ဖို့ ကြိုးစားသွားလဲ ဆိုတာ မြင်ရမယ်။ ဘိုင်ဇင်တင်းအင်ပါယာ ရှိဆဲကာလ အချိန်အများစုမှာ သူဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ နဲ့ စစ်အင်အား အကောင်းဆုံး၊ အမြင့်မားဆုံး၊ အင်အားအကြီးဆုံး ဥရောပနိုင်ငံတစ်ခု ဖြစ်ခဲ့တယ်။ ပြည်တွင်း မငြိမ်သက်မှုတွေ၊ နယ်ပယ်ဆုံးရှုံးမှုတွေ အထူးသဖြင့် အာရပ်နဲ့ ပါရှန်နဲ့တိုက်ခဲ့တဲ့ စစ်တွေ၊ ကြားကပဲ သူ့ရဲ့အရှိန်အဝါကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ၁ဝရာစုနှောင်းပိုင်း၊ မက်ဆီဒိုနီးယား မင်းဆက် လက်ထက်မှာ အင်ပါယာဟာ နာလန်ထူလာနိုင်ခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသမှာ မွတ်ဆလင် ဖာတီမစ် ကာလီဖာနိုင်ငံ (Fatimid Caliphate) ကို ပြိုင်ဆိုင်နိုင်တဲ့ အင်အားကြီးနိုင်ငံတစ်ခု ပြန်ဖြစ်လာပါတယ်။ ၁ဝ၇၁ခုနှစ်နောက်ပိုင်းမှာတော့ အင်ပါယာရဲ့ နှလုံးသားသဖွယ် အာရှမိုင်းနား ဒေသကို ဆယ်ဂျွတ် တာ့ခ်လူမျိုးတွေ လက်ထဲရောက်သွားပါတယ်။ ၁၂ရာစု၊ ကွန်နန်နီးယန်း မင်းဆက် (Komnenian Dynasty) လက်အောက်မှာ လက်လွတ်ခဲ့တဲ့ မြေတစ်ချို့ပြန်လည်ရရှိခဲ့တယ်။ ဒါပေမယ့် ၁၂ရာစုနှောင်းပိုင်း ပထမမြောက် အန်ဒရိုနိုင်းကို့စ် ကွန်နန်နို့စ် (Andronikos I Komnenos) ကွယ်လွန်ပြီး ကွန်နန်နီးယန်း မင်းဆက် ပြတ်သွားပြီး နောက်မှာတော့ အင်ပါယာဟာ ဆက်လက် ကျဆင်းမြဲ ကျဆင်းလာပါတယ်။ ၁၂ဝ၄ခုနှစ်က စတုတ္ထမြောက် ခရူးဆိတ်မှာတော့ အင်ပါယာရဲ့ မြို့တော် ကွန်စတန်တီနိုပယ်ကို ခရူးဆိတ်တပ်တွေ ဝင်လုယက်ဖျက်ဆီးကြပါတယ်။ ဒါဟာ အင်ပါယာအတွက် ပြန်နာလန်မထူနိုင်လောက်တဲ့ ထိုးနှုက်ချက်တစ်ခုဖြစ်တယ်။ အဲဒီနောက်မှာတော့ အင်ပါယာဟာ ဘိုင်ဇင်တင်းဂရိတွေရဲ့ နယ်မြေတွေနဲ့ အနောက်ဥရောပသား ခရူးဆိတ်တပ်တွေရဲ့ နယ်မြေတွေ အဖြစ် အပိုင်းပိုင်းပြိုကွဲသွားတော့တယ်။
 

                ပလိုင်ယိုလိုဂန် ဧကရာဇ်တွေလက်ထက်၊ ၁၂၆၁ခုနှစ်မှာ ကွန်စတန်တီနိုပယ်ကို ပြန်လည် သိမ်းယူ ထူထောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ သက်ဆိုးဆက်ရှည်မယ့်နောက် အနှစ်၂ဝဝအတွက် ဒီဒေသတစ်ဝိုက်က ပြိုင်ဆိုင်တိုက်ခိုက်နေကြတဲ့ နိုင်ငံငယ်လေးတွေထဲက တစ်ခု အဖြစ်နဲ့သာ ဆက်လက် ရပ်တည်နိုင်တော့တယ်။ ၁၄ရာစုနှစ်တွေမှာ အဆက်မပြတ်သော ပြည်တွင်းစ်တွေက အင်ပါယာရဲ့ အင်အားကို ထပ်၍ထပ်၍ အတွင်းမှ လှိုက်စားခဲ့တယ်။ လက်ကျန်နယ်ပယ် အများစုဟာ အော်တိုမန် တာ့ခ်တွေနဲ့ ဖြစ်တဲ့ စစ်တွေမှာ ဆုံးရှုံးခဲ့ရတယ်။ ၁၄၅၃ခုနှစ်မှာတော့ မြို့တော် ကွန်စတန်တီနိုပယ်မြို့ကို အော်တိုမန်တွေ လုပ်ကြံသိမ်းယူကြတယ်။ မြို့သိမ်းတိုက်ပွဲမှာ ဧကရာဇ် ဧကဒသမမြောက် ကွန်စတန်တင်းလည်း ကျဆုံးသွားခဲ့တယ်။ ၁၄၆၁ခုနှစ်မှာတော့ ဘိုင်ဇင်တင်းအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ထရီဘိုင်ဇွန်မြို့တော်လည်း အော်တိုမန်တွေ လက်ထဲကျသွားပါတယ်။ ဘီစီ ၂ရာစုလောက်က စပြီး နယ်ပယ်ချဲ့ထွင် အင်ပါယာ ထူထောင်ခဲ့တဲ့ ရောမ အင်ပါယာ အဖွဲ့အစည်းကြီးဟာ ဒီ ၁၄၆၁ ခုနှစ်မှာတင် အဆုံးသတ်သွားခဲ့ပါတယ်။


                ရောမတပ်မတော်ဟာ မြေထဲပင်လယ်ကမ်းခြေ တစ်ဝိုက် ကျယ်ပြန့်လှတဲ့ နယ်ပယ်တွေနဲ့ အနောက်ဥရောပဒေသ အတော်များများကို သိမ်းယူနိုင်ခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့နယ်တွေမှာ ယဉ်ကျေးမှု အဆင့်အတန်းအမျိုးမျိုးရှိကြတယ်။ အင်ပါယာ အရှေ့ခြမ်းဟာ ရှေးယခင်တည်းက ဂရိယဉ်ကျေးမှု၊ မက်ဆီဒွန် ဟယ်လင်နစ်ယဉ်ကျေးမှုတွေ ထွန်းကားလှတဲ့အတွက် မြို့နေလူထုပိုများပြီး လူမှုရေး၊ ယဉ်ကျေးမှုလည်း ပိုမို ထွန်းကားပြီး အင်ပါယာ အနောက်ခြမ်းဟာ အီတလီကျွန်းဆွယ်တစ်ဝိုက်က လက်တင်ယဉ်ကျေးမှုက လွဲရင် ကျေးလက်ဆန်ပြီး မတိုးတက်သေးတဲ့ အခြေအနေမှာပဲရှိတယ်။ ဂရိယဉ်ကျေးမှု လွှမ်းမိုးတဲ့ အရှေ့ခြမ်းနဲ့ လက်တင်ယဉ်ကျေးမှု လွှမ်းမိုးတဲ့ အနောက်ခြမ်းတို့ရဲ့ ခြားနားချက်ဟာ နောက်ပိုင်း ရာစုနှစ်တွေမှာ အရေးပါတဲ့ ကဏ္ဍမှာပါလာပါလိမ့်မယ်။




ရောမအင်ပါယာ ပိုင်းခြားခြင်း
 


                ၂၉၃ခုနှစ်မှာ ဧကရာဇ် ဒိုင်အိုကလက်ရှန်း က အင်ပါယာကြီးကို ဧကရာဇ် တစ်ပါးတည်း အုပ်ချုပ်ဖို့ မဖြစ်နိုင်လို့ လေးထီးတစ်ပြည်စနစ် (Tetrarchy) ကို စတင်လိုက်တယ်။ လေးထီးတစ်ပြည်စနစ်အရ အင်ပါယာကို အရှေ့ အနောက် နှစ်ခြမ်းပိုင်းပြီး တစ်ခြမ်းကို သြဂတ်စတပ်စ် ဘွဲ့ခံ ဧကရာဇ် တစ်ပါးစီနဲ့ ဆီဇာ ဘွဲ့ခံ တွဲဖက် ဧကရာဇ် တစ်ပါးစီ ပါဝင် အုပ်ချုပ်ကြဖို့ဖြစ်တယ်။ အရှေ့ခြမ်းကို အုပ်ချုပ်တဲ့ ဒိုင်အိုကလက်ရှန်းနဲ့ အနောက်ခြမ်းကို အုပ်ချုပ်တဲ့ မက်ဇီးမီးယန်း (Maximian) တို့ အာဏာဆင်းပေးလိုက်ပြီးနောက် တွဲဖက် ဧကရာဇ်များ ဖြစ်တဲ့ ကွန်စတန်တီးယပ် နဲ့ ဂယ်လာရီးယပ်စ် (Galerius) တို့ဟာ ဧကရာဇ်များ ဖြစ်လာတယ်။ အနောက်ခြမ်းဧကရာဇ် ကွန်စတန်တီးယပ်ဟာ ၃ဝ၆ခုနှစ်၊ ဗြိတိန်ကျွန်းမှာ စစ်တိုက်နေစဉ် ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့ တွဲဖက်ဧကရာဇ် ဖလေဗီးယပ်စ် ဆီဗားရပ်စ် (Flavius Severus)ဟာ ဧကရာဇ်ဖြစ်လာပြီး သူ့သားဖြစ်သူ ပထမမြောက် ကွန်စတန်တင်း ဟာ တွဲဖက်ဧကရာဇ်ဖြစ်လာပါတယ်။



လေးထီးတစ်ပြည်စနစ်အရ အင်ပါယာရဲ့  လေးပိုင်းနဲ့ သက်ဆိုင်ရာ မြို့  တော်များ



ပြည်တွင်းစစ်

                ၃ဝ၇ခုနှစ်မှာ ဧကရာဇ်ဟောင်း မက်ဇီးမီးယန်း ရဲ့သား မက်ဇန်းတီးယပ်စ် (Maxentius)က ဆီဇာ အဖြစ်ကြေညာတယ်။ အနောက်ခြမ်း သြဂတ်စတပ်စ် ဖြစ်သူ ဆီဗားရပ်စ်က စစ်ချီ တိုက်ခိုက်ပေမယ့် ရှုံးနိမ့်ပြီး အသတ်ခံရပါတယ်။ ဒီနောက်မှာတော့ ၃ဝ၈ ခုနှစ်အင်ပါယာ အနောက်ခြမ်းမှာ ကွန်စတန်တင်းရယ်၊ မက်ဇီးမီးယန်းနဲ့ မက်ဇန်းတီးယပ်စ်တို့ သားအဖရယ်ဟာ စင်ပြိုင် ဧကရာဇ်တွေ ဖြစ်လာပြီး ပြည်တွင်းစစ်ဖြစ်ပွားတော့တယ်။ ပထမမှာတော့ သားအဖက မဟာမိတ်ပြုထားကြတယ်။ နောက် မက်ဇီးမီးယန်က သူ့သားကို ဖြုတ်ချဖို့ ကြိုးစားတာ မအောင်မြင်တော့ ကွန်စတန်တင်းဆီ ထွက်ပြေးရတယ်။ နောက်ပိုင်း ကွန်စတန်တင်းကို သစ္စာဖောက်ဖို့ ကြံစည်တာလဲ မအောင်မြင်ပဲ အဖမ်းခံရပါတယ်။ ၃၁ဝပြည်နှစ် ဂျွန်လမှာ သူ့ကိုသူ အဆုံးစီရင်လိုက်တယ်။ အဲဒီ့နောက် ကွန်စတန်တင်းနဲ့ မက်ဇန်းတီးယပ်စ်တို့ ၃၁၂ခုနှစ် မယ်လဗီးယန်တံတား တိုက်ပွဲမှာ ယှဉ်ပြိုင်စဉ် မက်ဇန်းတီးယပ်စ်ရဲ့ တပ် စစ်ရှုံးလို့ မြစ်ကို ဖြတ်ပြေးစဉ် သူ့တပ်သားများ တိုးဝှေ့ထွက်ပြေးကြတာကြောင့် ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားပါတယ်။ အဲဒီ့နောက်တော့ ကွန်စတန်တင်းဟာ အနောက်ခြမ်းမှာ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်လာခဲ့ပါတယ်။


                အင်ပါယာ အရှေ့ခြမ်းမှာ ဆိုရင်လည်း ၃၁၁ခုနှစ်မှာ ဂယ်လားရီးယပ်စ် ကွန်လွန်ပြီးနောက်မှာ တွဲဖက်ဧကရာဇ် နှစ်ဦး (မက်ဇီမင်းနပ်စ် ဒိုင်ယာ- Maximinus Daia နဲ့ လီဆင်းနီးယပ်စ်- Licinius) ဟာ ပြည်တွင်းစစ်ကို နွှဲကြပြန်တယ်။ ၃၁၃ခုနှစ်မှာ မက်ဇီးမင်းနပ်စ်သေဆုံးမှပဲ စစ်က ပြီးတော့တယ်။ လီဆင်းနီးယပ်စ်ဟာ အရှေ့ဧကရာဇ် ဖြစ်လာပြီး မားရှပ်စ် မာတင်နီးယန်းနပ်စ် (Martius Martinianus) ဟာ တွဲဖက်ဧကရာဇ် ဖြစ်လာတယ်။ဒီနောက်မှာတော့ အရှေ့နဲ့ အနောက် ဧကရာဇ်တွေ ဖြစ်ကြတဲ့ လီဆင်းနီးယပ်စ်နဲ့ ကွန်စတန်တင်း တို့ဟာ ဆက်လက် အားပြိုင်ကြပြန်တယ်။ အက်ဒရီယန်နိုပယ် တိုက်ပွဲ၊ ဟီလီစပွန့်တိုက်ပွဲ၊ ခရိုင်ဆိုပိုးလစ် တိုက်ပွဲ အသီးသီးမှာ ကွန်စတန်တင်း အနိုင်ရရှိပြီး ၃၂၄ခုနှစ်၊ နီကိုမီးဒီယားမြို့တော်မှာ လီဆင်းနီးယပ်စ်နဲ့ မားရှပ်စ် မာတင်နီးယန်းနပ်စ်တို့ အသက်လွတ်ရာလွတ်ကြောင်း အရှုံးပေးလိုက်ကြတယ်။ ၃၂၅မှာတော့ သူတို့ နှစ်ယောက်လုံးကို ကွန်စတန်တင်းက သူ့ကို လုပ်ကြံမှုနဲ့ ဖမ်းပြီး သတ်ပစ်လိုက်လေရဲ့။ လီဆင်းနီးယပ်စ်ရဲ့သားကို လည်း အမြစ်ပြတ် ရှင်းပစ် လိုက်တော့တယ်။ ဒီနောက်မှာတော့ ကွန်စတန်တင်းဟာ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ရောမအင်ပါယာရဲ့ တစ်ဦးတည်းသော ဧကရာဇ်ပြန်ဖြစ်လာခဲ့တယ်။ လေးထီးတစ်ဆူ စနစ်လည်း ပျောက်ကွယ်သွားခဲ့ပြီး မင်းဆက်စနစ်ကို ပြန်လည် ထူထောင်ခဲ့တယ်။


ကွန်စတန်တင်းလက်ထက် ပြုပြင်မှုများ

                ၃၃ဝခုနှစ်မှာ၊ ကွန်စတန်တင်းဟာ နန်းစိုက်ရာ မြို့တော်ကို ဂရိမြို့ဟောင်း ဘိုင်ဇမ်တီယမ် (Byzantium) ဒေသကို ပြောင်းရွှေ့ပြီး ရောမမြို့သစ် (New Rome) ဆိုတဲ့ နာမည်နဲ့ နေပြည်တော်တစ်ခု တည်ထောင်ခဲ့တယ်။ ဒါပေမယ့် ရောမမြို့သစ်ဆိုတဲ့ နာမည်က မထင်ရှားပဲ ကွန်စတန်တင်း တည်ခဲ့တဲ့ မြို့အဖြစ် ကွန်စတန်တီနိုပယ် (Constantinople) အဖြစ်ပဲ ထင်ရှားတော့တယ်။ ဒီနေပြည်တော်သစ်ဟာ အရှေ့နဲ့ အနောက် ကုန်သွယ်လမ်းကြောင်း ပေါ်မှာ ရှိနေပြီး၊ ဥရောပနဲ့ အာရှကြား ဘော်ဖောရပ်စ်ပင်လယ်ရဲ့ ဥရောပကမ်းခြေ ဖက်မှာ တည်ရှိနေတယ်။ သူဟာ အရေးကြီးတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အခြေခံအဆောက်အဦ ပြောင်းလဲမှုတွေကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ကွန်စတန်တင်းဟာ ဒိုင်အိုကလက်ရှန်း စတင်ခဲ့တဲ့ အုပ်ချုပ်ရေးပြုပြင်မှုတွေကို အခြေခံပြီး ထပ်လောင်း ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ ဆောလီးဒတ်စ် (Solidus) မည်တဲ့ ရွှေဒင်္ဂါး ငွေကြေးဟာ ကျစ်လျစ်ပြီး ငွေမာတစ်ခု ဖြစ်လာပါတယ်။ သူဟာ စစ်တပ်တည်ဆောက်ပုံ ကိုလည်း ပြင်ဆင်ခဲ့တယ်။ ကွန်စတန်တင်း လက်ထက်မှာ အင်ပါယာဟာ စစ်အင်အား အတော်ကြီး ပြန်လည်ပြည့်ဝလာပြီး နိုင်ငံဟာလည်း အေးချမ်းတည်ငြိမ် စည်ပင်ဝပြောလာခဲ့ပြန်တယ်။


                ကွန်စတန်တင်း လက်အောက်မှာ ခရစ်ယာန်ဘာသာဟာ နိုင်ငံတော်ရဲ့ ဘာသာ မဖြစ်လာခဲ့သေးပေမယ့်၊ ဧကရာဇ်ရဲ့ စောင်မ မှုကို ကောင်းကောင်းရရှိပါတယ်။ ကွန်စတန်တင်းက ခရစ်ယာန်တွေကို ခံစားခွင့်အမြောက်အများ ရက်ရက်ရောရော ပေးခဲ့တယ်။ အားလီးစ် ဘုန်းတော်ကြီး စုဝေးပွဲ (Synod of Arles) ကို ကွန်စတန်တင်းကိုယ်တိုင် ကျင်းပပေးတာ ဖြစ်ပြီး၊ ပထမမြောက် နိုင်းဆီးယားကောင်စီစည်းဝေးပွဲ (First Council of Nicaea) ကို ကျင်းပပေးခြင်းနဲ့ သူ့ကိုယ်သူ ဂိုဏ်းတော်ရဲ့ ခေါင်းဆောင်အဖြစ် သွယ်ဝိုက်တဲ့သဘောနဲ့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဟာ ပထမမြောက် သီယိုဒိုးဆီးယပ်စ် (Theodosius I) လက်ထက်မှာ နိုင်ငံတော် ဘာသာဖြစ်လာခဲ့ပါတယ်။


                အင်ပါယာရဲ့ အခြေအနေဟာ ကွန်စတန်တင်းရဲ့ အားထုတ်မှုတွေကြောင့် မင်းဆက်စနစ်ဟာ အခြေခိုင်မြဲလာခဲ့ပြန်တယ်။ နောက် ဧကရာဇ်တစ်ပါးဖြစ်တဲ့ ပထမမြောက် သီယိုဒိုးဆီးယပ်စ် (Theodosius I) ၃၉၅ခုနှစ်မှာ ကွယ်လွန်သွားတော့ သူ့သားတွေကို အင်ပါယာအား အတူတူ အုပ်ချုပ်ဖို့ စီမံခဲ့တယ်။ သီယိုဒီုးဆီးယပ်စ်ဟာ အင်ပါယာကို တစ်လုံးတစ်စည်းတည်း နောက်ဆုံး အုပ်ချုပ်ခဲ့သူဖြစ်တယ်။ သူ့သားတွေ ဖြစ်တဲ့ အာကေးဒီးယပ်စ် (Arcadius) ဟာ အင်ပါယာ အရှေ့ပိုင်း၊ သြနာရီးယပ်စ် (Honorius) ဟာ အင်ပါယာ အနောက်ပိုင်း ကို သီးခြားစီ အုပ်ချုပ်ခဲ့ကြတယ်။




အနောက်အင်ပါယာ ကျဆုံးခြင်း

                ၃ရာစုနဲ့ ၄ရာစုတွေ အတွင်း အင်ပါယာ အရှေ့ခြမ်းဟာ အင်ပါယာ အနောက်ခြမ်းလောက် ပြဿနာတွေ မကြုံခဲ့ရပါ။ အကြောင်း တစ်စိတ်တစ်ဒေသကတော့ အရှေ့ခြမ်းဟာ မြို့ပြယဉ်ကျေးမှု ထွန်းကားပြီး ဓနဥစ္စာလည်း ပိုမိုတောင့်တင်းလို့ပါပဲ။ ဒါကြောင့် သူဟာ ကျူးကျော်လာသူတွေကို ငွေကြေးနဲ့ နှစ်သိမ့်စေနိုင်ပြီး ပြည်ပ ကြေးစာစစ်သားတွေလည်း ငှားရမ်း သုံးစွဲနိုင်ပါတယ်။ ဒုတိယမြောက် သီယိုဒီုးဆီးယပ်စ် လက်ထက်မှာ ကွန်စတန်တီနိုပယ် မြို့တော်ရဲ့ တံတိုင်း ခံစစ်ကို ထပ်လောင်း အင်အားဖြည့်တင်းခဲ့ပါတယ်။ တော်ရုံတန်ရုံ မြို့ကို လုပ်ကြံလို့ မရအောင် စီမံထားခဲ့လို့ ၁၂ဝ၄ခုနှစ်မှာ ခရူးဆိတ်တပ်တွေ ဝင်မသိမ်းမီအထိ မြို့တော် နံရံ မကျိုးပေါက်ဖူးခဲ့ပါ။ ဟန်းလူမျိုး ဘာဘေးရီယန်း တွေရန်က ကာကွယ်ဖို့ သီယိုဒိုးဆီးယပ်စ်ဟာ ဟန်းတွေကို လက်ဆောင် ပဏ္ဍာအဖြစ် ရွှေ ပေါင်ချိန် ၆၆ဝ ပေးခဲ့ဖူးပါတယ်။


                သူကို ဆက်ခံသူ မာစီယန် (Marcian) ကတော့ ဒီ မတန်တဆများပြားတဲ့ ပဏ္ဍာ မဆက်တော့ပါဘူး။ ဒါပေမယ့် ကံကောင်း ထောက်မစွာပဲ ဟန်း စစ်ဘီလူး အက်တီလာ (Attila) ဟာ အနောက်ရောမ အင်ပါယာ ကို ဝင်စီးဖို့ အာရုံစိုက်ပြီး အရှေ့ရောမအင်ပါယာကို သိပ် ဂရုမစိုက်တာပဲ ရှိခဲ့ပါတယ်။ ၄၅၃ခုနှစ် အာတီလာ သေဆုံးတော့ ဟန်း အင်ပါယာ လည်း ကျဆုံးသွားပါတယ်။ ဟန်းအများစုလည်း အရှေ့ရောမ လက်အောက်မှာပဲ ကြေးစားတပ်တွေဖြစ်လာကြတော့တယ်။ ဟန်းအင်ပါယာကြီး ပြိုလဲသွားတော့ အင်ပါယာဟာ ငြိမ်းချမ်းတဲ့ ကာလ တစ်ခုပြန်လည် ရရှိလာခဲ့ပြန်တယ်။ ဒီအချိန်မှာ အနောက်ရောမ အင်ပါယာဟာတော့ ဘာဘေးရီးယန်း လူမျိုးပေါင်းစုံ က နိုင်ရာ ကခိုင်းတဲ့ ရုပ်သေး ဧကရာဇ်တွေသာ စိုးမိုးလို့ နေတော့တယ်။ ၄၅၆ခုနှစ်မှာတော့ ဂျာမန်အနွယ် ရောမ ဗိုလ်ချုပ် အိုဒိုအေဆာ (Odoacer) ဟာ နောက်ဆုံး ရုပ်သေး ရောမ ဧကရာဇ် ရိုမျူးလပ်စ် သြဂတ်စတယ်လပ်စ် (Romulus Augustulus) ကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တဲ့ အခါမှာတော့ အနောက်ရောမ အင်ပါယာ အမည်ခံ နိုင်ငံဟာ လုံးလုံး ပျက်သုဉ်းသွားခဲ့ပါပြီ။


                လက်လွတ်သွားတဲ့ အီတလီကို ပြန်ရဖို့အတွက် အရှေ့ဧကရာဇ် ဇီနို (Zeno) က မိုးစီးယား ဒေသ ကို ကျူးကျော်လာသူ အော်စထရိုဂို့သ်လူမျိုး(Ostrogoths) တွေနဲ့ ညှိနှိုင်းပြီး ဂို့သ် ဘုရင် သီယိုဒိုးရစ် (Theodoric) ကို အီတလီပြည်နယ်သေနာပတိ ဘွဲ့ (Magoster militum per Italian) ခန့်ပြီး အိုဒိုအေဆာကို ဖြုတ်ချစေခဲ့တယ်။ သီယိုဒိုးရစ်လည်း အိုဒိုအေဆာကို ၄၉၃ခုနှစ်မှာ ဖြုတ်ချပြီး အီတလီကို သူ့သီးသန့် သက်သက်စီ အုပ်ချုပ်ခဲ့တယ်။ ဒါပေမယ့် အိုဒိုအေဆာရဲ့ ရန်သူ ဘာဘေးရီးယန်း အီတလီထက်စာရင် ဧကရာဇ် လက်အောက် အမည်ခံထားတဲ့ ဘာဘေးရီးယန်း နိုင်ငံက ပိုကောင်းတာပေါ့။


                ၄၅၁ခုနှစ်မှာ ပထမမြောက် အနက်စတေးဆီးယပ်စ် (Anastasius I) ဧကရာဇ်ဖြစ်လာတော့ အိုက်ဆူးရီးယန်း ပုန်ကန်မှုကို အပြတ်နှိမ်နင်းနိုင်ခဲ့ပြီး ကွန်စတန်တင်း ရဲ့ ဒင်္ဂါးစနစ်ကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့တယ်။ ကြေးဒင်္ဂါးများရဲ့ အလေးကို တိတိကျကျ သတ်မှတ်ပေးခဲ့တယ်။ ကုန်သည်တွေကို ကောက်ခံတဲ့ အခွန်ကိုလည်း ထာဝရ ဖျက်သိမ်းလိုက်ပြီး အခွန်ကောက်စနစ်ကိုလည်း ပြောင်းလဲခဲ့တယ်။ သူကွယ်လွန်ချိန်မှာ နိုင်ငံတော်ဘဏ္ဍာတိုက်ဟာ ရွှေ ပေါင်ချိန် သုံးသောင်းနှစ်ထောင်ကျော် ရှိနေပါပြီ။


အနောက်ပြည်နယ်များကို ပြန်လည် သိမ်းယူခြင်း

                ၅၂၇ခုနှစ်က စတင်တဲ့ ပထမမြောက် ဂျတ်စတန်နီယန် (Justinian I) လက်ထက်မှာ ကျဆုံးသွားတဲ့ အနောက်ရောမအင်ပါယာရဲ့ ပြည်နယ် တွေကို ပြန်သိမ်းလာနိုင်တာတွေ့ ရတယ်။ ၅၃၂ခုနှစ်မှာ အင်ပါယာရဲ့ အရှေ့နယ်နမိတ်ကို ကာကွယ်ဖို့ ဆစ်ဆနစ် ပါရှန်ဧကရာဇ်နဲ့ ဓနအင်အားသုံးပြီး စစ်ပြေငြိမ်းလိုက်တယ်။ တစ်နှစ်တည်းမှာပဲ သူကို ပုန်ကန်တဲ့ နီကာသောင်းကျန်းသူများ (Nika Riots) ကို လည်း ကြံ့ကြံ့ခံချေမှုန်းနိုင်ခဲ့တယ်။ ထီးနန်းကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ပုန်ကန်သူ ၃ဝဝဝဝကျော် သေဆုံးပြီးတဲ့နောက်မှာ ဂျတ်စတန်နီယန်ဟာ ပိုလို့ သြဇာညောင်းလာခဲ့ပါတယ်။ ဒီအချိန်မှာ အီတလမှာ အော်စထရိုဂို့သ်ဘုရင် သီယိုဒိုးရစ်နဲ့ သူ့သမီးတော်နဲ့ တူတော် တို့ ကိုသတ်ပြီး နန်းတက်လာတဲ့ အော်စထရိုဂို့သ် ဘုရင် သီယိုဒိုဟဒ် (Theodohad) က ပုပ်ရဟန်းမင်း ပထမမြောက် အေဂျာပီးတပ်စ် (Agapetus I) ကို ဂျတ်စတန်နီယန်ထံ စေလွှတ်ပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့စေပေမယ့် မအောင်မြင်ခဲ့ပါ။

                ၅၃၃ခုနှစ်မှာတော့ ဂျတ်စတန်နီယန်ဟာ သူ့ရဲ့ စစ်သေနာပတိ ဘယ်လီဆားရီးယပ်စ် (Belisarius) ကို အာဖရိက မြောက်ဖက် ပြည်နယ်များအား ဗန်ဒယ် ဘာဘေးရီးယန်းတွေ လက်ကနေ ပြန်လည် သိမ်းယူစေခဲ့တယ်။ ဗန်ဒယ်တွေဟာ ၄၂၉ခုနှစ်တည်းက ရောမပိုင် အာဖရိကကို သိမ်းယူပြီး ကားသေ့ခ်ျကို မြို့တော် ပြုထားတယ်။ အရှေ့ရောမ တပ်တွေဟာ ဗန်ဒယ်အာဖရိက ကို အလွယ်တကူ သိမ်းယူနိုင်ခဲ့တယ်။ သို့ပေမယ့် ၅၄၈ခုနှစ် မတိုင်ခင်ထိ ဒေသခံ လူမျိုးတွေကို လက်အောက်ခံ မပြုနိုင်ခဲ့သေးပါ။ ၅၃၅ခုနှစ်မှာတော့ ဘယ်လီဆားရီးယပ်စ်ရဲ့ တပ်တွေ အီတလီကျွန်းဆွယ်ရဲ့ ခြေဖနောင့်က စစ်စလီကျွန်းကို ဝင်ရောက် သိမ်းယူခဲ့ပါတယ်။ သို့ပေမယ့် အီတလီကျွန်းဆွယ်မကြီးက ဂို့သ်တွေကတော့ ခံစစ်ကို ပိုမို တောင့်တင်းခိုင်မာအောင် ဖွဲ့စည်းလာကြတယ်။ ဒီလိုနဲ့ ဘယ်လီဆားရီးယပ်စ်ဟာ ရောမမြို့နဲ့ နေပယ်မြို့ အောင်မြင်စွာ လုပ်ကြံစီးနင်းပြီး ၅၄ဝခုနှစ်ကျမှ ဂို့သ် မြို့တော် ရာဗန်းနား (Ravenna) ကို သိမ်းယူနိုင်ခဲ့တယ်။ တစ်ဖန် ဂို့သ်ဘုရင်သစ် တိုတီလာ (Totila) က အင်အားစုပြီး တန်ပြန် ထိုးစစ်ဆင်တဲ့ အတွက် ၅၄၆ခုနှစ်မှာ ရောမမြို့ဟာ ဘာဘေးရီးယန်းတွေ လက်ထဲ ပြန်လည်ကျရောက်သွားခဲ့ရတယ်။ ၅၄၉ခုနှစ်အစောပိုင်းမှာ ဂျတ်စတန်နီယန်ဟာ ဘယ်လီဆားရီးယပ်စ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး အာမေးနီးယန်း နန်းထိန်းတော် နားဆီးစ် (Narses) ကို လူအင်အား ၃၅ဝဝဝနဲ့ စေလွှတ်တိုက်ခိုက်စေတယ်။ တိုတီလာလည်း ဘတ်စတာ ဂေါ်လော်ရမ် တိုက်ပွဲ (Battle of Busta Gallorum) တိုက်ပွဲမှာ ရှုံးနိမ့်ပြီး သူ့ကို ဆက်ခံသူ တိုင်ရာ (Teia) ဟာလည်း ၅၅၂ခုနှစ် အောက်တိုဘာမှာ ဖြစ်ပွားတဲ့ မွန် လက်တားရီးယပ်စ် တိုက်ပွဲ(Battle of Mons Lactarius) မှာ ရှုံးနိမ့်သွားတယ်။ အော်စထရိုဂို့သ်တွေ ဆက်လက် ရပ်ခံနေပြီး နောက်ထပ် ဖရန့်ခ် (Franks) နဲ့ အလမ်မန်နိုင်း (Alamanni) ဘာဘေးရီးယန်းတွေ ကျူးကျော်ခဲ့ပေမယ့် အီတလီကျွန်းဆွယ်စစ်ဟာ ဂျတ်စတန်နီယန် အတွက် အနိုင်နဲ့ ပြီးစီးသလောက် ရှိပါပြီ။ ၅၅၁ခုနှစ်မှာ အသန်နာဂဒ် (Athanagild) ဆိုသူ ဗီဆီဂို့သ် (Visigoth) မှူးမတ်တစ်ပါးဟာ ဘုရင်ကို ပုန်ကန်ရန် ရောမကို အကူအညီတောင်းလို့ ဧကရာဇ်လည်း ဗိုလ်ချုပ် လစ်ဘာရီးယပ်စ်နဲ့ တပ်အချို့ကို စေလွှတ်အကူအညီ ပေးခဲ့တယ်။ ဒီလိုနဲ့ အင်ပါယာဟာ အိုက်ဘားရီးယန်း ကျွန်းဆွယ်ကမ်းမြောင်ဒေသ တစ်စိတ်တစ်ပိုင်းကို ဧကရာဇ် ဟီရက်ကလီးယပ်စ် (Heraclius) လက်ထက်မတိုင်ခင်ထိ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ အင်ပါယာရဲ့ အရှေ့ပိုင်းမှာတော့ ရောမ-ပါရှန်စစ်ပွဲဟာ ၅၆၁ခုနှစ်ထိ တာရှည်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂျတ်စတန်နီယန်နဲ့ ကော့စ်ရိုး (Khosrau) ဧကရာဇ် နှစ်ပါးဟာ နှစ်၅ဝ စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုဖြစ်ခဲ့ကြတယ်။ ၅၅ဝ ဝန်းကျင်လောက်က ဂျတ်စတန်နီယန်ရဲ့ စစ်ဆင်ရေးမျက်နှာ အတော်များများဟာ အောင်မြင်ခဲ့ပါတယ်။ သို့ပေမယ့် ဘော်လကန်ကျွန်းဆွယ် မြောက်ပိုင်းတွေကို ပြန်လည်သိမ်းယူတာမှာတော့ တရပ်စပ်ထိုးဖောက်လာတဲ့ ဆလဗ် (Slav) တွေကြောင့် ထင်သလောက်မပေါက်ပါဘူး။ ၅၅၉ခုနှစ်မှာ အင်ပါယာ (အရှေ့ရောမအင်ပါယာ) ဟာ ကွတ်ထရီဂါ (Kutrigur) နဲ့ စကလာဗီနိုင်း (Sclaveni) ဟန်း အနွယ် ဘာဘေးရီးယန်းတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပြန်တယ်။ ဂျတ်စတန်နီယန်လည်း ဗိုလ်ချုပ် ဘယ်လီဆားရီးယပ်ကို အနားယူရာမှ ပြန်လည်ဆင့်ခေါ်ပြီး ဒီ အန္တရာယ်ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်။ ဟန်းတွေ ဒန်ညုမြစ်ကို ဖြတ်ကူးလာပြီးတဲ့နောက် ဒန်ညု မြစ် ရေတပ်အင်အားကို တိုးမြှင့်လိုက်ပြီး ဟန်းတွေရဲ့ နောက်ကြောကို ပိတ်ဆို့လိုက်တဲ့အခါ ဟန်းတွေလည်း မြစ်ကို အန္တရာယ်ကင်းစွာ ပြန်ဖြတ်ခွင့်ပေးဖို့ စစ်ပြေငြိမ်းရာ ငြိမ်းကြောင်း ကမ်းလှမ်းလာခဲ့ပြန်တော့တယ်။ ၅၂၉ခုနှစ်မှာ ထရီဘွန်နီယန် (Tribonian) ဦးဆောင်တဲ့ လူ၁ဝယောက် ကော်မရှင်က ရှေးဟောင်းရောမဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ဂျတ်စတန်နီယန်ဥပဒေကို ရေးဆွဲခဲ့တယ်။ ၅၃၄မှာ ဒီဥပဒေကို စနစတကျစုစည်းပြီး ဘိုင်ဇင်တင်းအင်ပါယာရဲ့ ကျန်တဲ့ သက်တမ်း တစ်လျှောက်အတွက် ဥပဒေဖြစ်လာခဲ့ပါတယ်။


အင်ပါယာ နယ်နမိတ်များ ပြန်လည်ရှုံ့ဝင်လာခြင်း


                ၆ရာစုအတွင်းမှာ ဂရိ-ရောမ ယဉ်ကျေးမှုဟာ အရှေ့ရောမအင်ပါဟာကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ခရစ်ယာန် ဒဿနနဲ့ ယဉ်ကျေးမှုဟာ ပိုမိုအုပ်စီးလာနိုင်ခဲ့ပါတယ်။ ဂရိဓမ္မတေးဆရာတွေလည်း ပေါ်ပေါက်လာခဲ့ပြီး နီကာပုန်ကန်မှုအတွင်း ပျက်ဆီးသွားတဲ့ ဘုရားကျောင်းကို အစား ကြီးကျယ်ခမ်းနားတဲ့ စက်လုံးခြမ်းအမိုးကြီးပါရှိတဲ့ ဟက်ဂီယာ ဆိုဖီယာ (Hagia Sophia) ကျောင်းတော်သစ်ကို တည်ဆောက်ခဲ့ပါတယ်။ ဒီကျောင်းတော်သစ်ဟာ ယနေ့ခေတ်မှာ ဘိုင်ဇင်တင်း ဗိသုကာပညာသမိုင်းကြောင်းရဲ့ အထင်ရှားဆုံး အမှတ်အသားတွေထဲက တစ်ခု အပါအဝင်ပါ။ ၆ရာစုနဲ့ ၇ရာစုများမှာ အင်ပါယာဟာ ကပ်ရောဂါတွေ ဒဏ်တွေ ခံစားခဲ့ရပြန်တယ်။ ကပ်ရောဂါတွေကြောင့် လူဦးရေ ကျဆင်းပြီး စီးပွားရေး အခြေအနေလည်း မကောင်းပဲ အင်ပါယာဟာ အင်အားကျဆင်းလာခဲ့ပြန်တယ်။
ယနေ့တွေ့ မြင်ရတဲ့ ဟက်ဂီယာဆိုဖီယာ ကျောင်းတော်၊ အော်တိုမန်တွေ လက်ထက်မှာ ဗလီအဖြစ်အသွင်ပြောင်းလိုက်လို့ ဘေးမှာ မျှော်စင်တွေ တွေ့ နိုင်ပါတယ်။ လက်ရှိတော့ ပြတိုက်အဖြစ်စီမံထားပါတယ်။



                ၅၆၅ခုနှစ်မှာ ဂျတ်စတန်နီယန် ကွယ်လွန်ခဲ့ပြီး ဆက်ခံသူ ဒုတိယမြောက် ဂျတ်စတင် ဟာ ပါရှန်တွေကို ပဏ္ဍာဆက်ဖို့ ငြင်းဆန်ခဲ့ပြီး အင်ပါယာ နှစ်ခုအကြား အခြေအနေတင်းမာလာခဲ့ပြန်တယ်။ ဒီအချိန်မှာ ဂျာမန်ဘာဘေးရီးယန်းတွေ ဖြစ်တဲ့ မုတ်ဆိတ်ရှည်လူမျိုးများ (Longbeards) (သို့မဟုတ်) လုံးဘတ် (Lombard) များ ဟာ အီတလီကျွန်းဆွယ်ကို ကျူးကျော်လာခဲ့ပြန်တယ်။ ၆ရာစုအကုန်လောက်မှာတော့ အီတလီရဲ့ သုံးပုံတစ်ပုံလောက်ပဲ ဘိုင်ဇင်တင်းများ လက်ထဲ ကျန်ရစ်တော့တယ်။ ဂျတ်စတင်ကို ဆက်ခံသူ ဒုတိယမြောက် တိုက်ဘေးရီးယပ်စ် (Tiberius II) ဟာ ဥရောပမှာ ကျူးကျော်လာသူ အေဗား (Avar) များကို လစ်လှူရှုခဲ့ရပြီး အရှေ့ စစ်မျက်နှာက ပါရှန်နဲ့ အတောမသတ်တဲ့ စစ်ကို ပြန်နွှဲရပြန်တယ်။ အရှေ့ စစ်မျက်နှာမှာ ဗိုလ်ချုပ် မူးရိုက်စ် ဟာ ထိရောက်စွာ စစ်ဆင်နိုင်ခဲ့ပေမယ့် ဥရောပစစ်မျက်နှာမှာ ဘိုင်ဇင်တင်းခံစစ် အားပျော့တဲ့အတွက် အေဗားတွေလည်း ၅၈၂ခုနှစ်မှာ ဘောလကန်ဒေသက ဘိုင်ဇင်တင်းခံတပ် ဆိုင်ရာမိုင်ယမ် (Sirmium) လုပ်ကြံသိမ်းယူနိုင်ခဲ့တယ်။ ဆလဗ်တွေလည်း ဒန်ညုမြစ်ကို ဖြတ်ပြီး ဘိုင်ဇင်တင်းနယ်နမိတ်ထဲကို တိုးဝင်လို့ လာတော့တယ်။ မူရိုက်စ်ဟာ တိုက်ဘေးရီးယပ်စ်ကို ဆက်ခံခဲ့ပြီး ပါရှန်ပြည်တွင်းစစ်မှာ တရားဝင်မင်းဖြစ်တဲ့ ဒုတိယ ကော့စ်ရူးကို နန်းတင်ရာမှာ ကူညီပေးခဲ့ပြီး သူ့ ရဲ့သမီးတော်ကို လက်ထပ်ယူပြီး အင်ပါယာနှစ်ခု ငြိမ်းချမ်းရေးယူခဲ့ကြတယ်။ ဒါဟာ ဘိုင်ဇင်တင် သမိုင်း တစ်လျှောက် အရှေ့စစ်မျက်နှာမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ပါရှန်နဲ့တိုက်ရတဲ့ စစ်စရိတ်တွေရော၊ ပဏ္ဍာဆက်ရတဲ့ အသုံးစရိတ်တွေရောကို အနောက်စစ်မျက်နှာမှာ ကောင်းကောင်း အသုံးချနိုင်လာခဲ့တယ်။ ၆ဝ၂ခုနှစ်မှာတော့ မူရိုက်စ်ဟာ အေဗားနဲ့ ဆလဗ်တွေကို ဒန်းညုမြစ် တစ်ဖက်ကမ်းကို ပြန်လည် မောင်းထုတ်နိုင်ခဲ့တယ်။








                ၆ရာစုအတွင်းမှာ ဂရိ-ရောမ ယဉ်ကျေးမှုဟာ အရှေ့ရောမအင်ပါဟာကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ခရစ်ယာန် ဒဿနနဲ့ ယဉ်ကျေးမှုဟာ ပိုမိုအုပ်စီးလာနိုင်ခဲ့ပါတယ်။ ဂရိဓမ္မတေးဆရာတွေလည်း ပေါ်ပေါက်လာခဲ့ပြီး နီကာပုန်ကန်မှုအတွင်း ပျက်ဆီးသွားတဲ့ ဘုရားကျောင်းကို အစား ကြီးကျယ်ခမ်းနားတဲ့ စက်လုံးခြမ်းအမိုးကြီးပါရှိတဲ့ ဟက်ဂီယာ ဆိုဖီယာ (Hagia Sophia) ကျောင်းတော်သစ်ကို တည်ဆောက်ခဲ့ပါတယ်။ ဒီကျောင်းတော်သစ်ဟာ ယနေ့ခေတ်မှာ ဘိုင်ဇင်တင်း ဗိသုကာပညာသမိုင်းကြောင်းရဲ့ အထင်ရှားဆုံး အမှတ်အသားတွေထဲက တစ်ခု အပါအဝင်ပါ။ ၆ရာစုနဲ့ ၇ရာစုများမှာ အင်ပါယာဟာ ကပ်ရောဂါတွေ ဒဏ်တွေ ခံစားခဲ့ရပြန်တယ်။ ကပ်ရောဂါတွေကြောင့် လူဦးရေ ကျဆင်းပြီး စီးပွားရေး အခြေအနေလည်း မကောင်းပဲ အင်ပါယာဟာ အင်အားကျဆင်းလာခဲ့ပြန်တယ်။

                ၅၆၅ခုနှစ်မှာ ဂျတ်စတန်နီယန် ကွယ်လွန်ခဲ့ပြီး ဆက်ခံသူ ဒုတိယမြောက် ဂျတ်စတင် ဟာ ပါရှန်တွေကို ပဏ္ဍာဆက်ဖို့ ငြင်းဆန်ခဲ့ပြီး အင်ပါယာ နှစ်ခုအကြား အခြေအနေတင်းမာလာခဲ့ပြန်တယ်။ ဒီအချိန်မှာ ဂျာမန်ဘာဘေးရီးယန်းတွေ ဖြစ်တဲ့ မုတ်ဆိတ်ရှည်လူမျိုးများ (Longbeards) (သို့မဟုတ်) လုံးဘတ် (Lombard) များ ဟာ အီတလီကျွန်းဆွယ်ကို ကျူးကျော်လာခဲ့ပြန်တယ်။ ၆ရာစုအကုန်လောက်မှာတော့ အီတလီရဲ့ သုံးပုံတစ်ပုံလောက်ပဲ ဘိုင်ဇင်တင်းများ လက်ထဲ ကျန်ရစ်တော့တယ်။ ဂျတ်စတင်ကို ဆက်ခံသူ ဒုတိယမြောက် တိုက်ဘေးရီးယပ်စ် (Tiberius II) ဟာ ဥရောပမှာ ကျူးကျော်လာသူ အေဗား (Avar) များကို လစ်လှူရှုခဲ့ရပြီး အရှေ့ စစ်မျက်နှာက ပါရှန်နဲ့ အတောမသတ်တဲ့ စစ်ကို ပြန်နွှဲရပြန်တယ်။ အရှေ့ စစ်မျက်နှာမှာ ဗိုလ်ချုပ် မူးရိုက်စ် ဟာ ထိရောက်စွာ စစ်ဆင်နိုင်ခဲ့ပေမယ့် ဥရောပစစ်မျက်နှာမှာ ဘိုင်ဇင်တင်းခံစစ် အားပျော့တဲ့အတွက် အေဗားတွေလည်း ၅၈၂ခုနှစ်မှာ ဘောလကန်ဒေသက ဘိုင်ဇင်တင်းခံတပ် ဆိုင်ရာမိုင်ယမ် (Sirmium) လုပ်ကြံသိမ်းယူနိုင်ခဲ့တယ်။ ဆလဗ်တွေလည်း ဒန်ညုမြစ်ကို ဖြတ်ပြီး ဘိုင်ဇင်တင်းနယ်နမိတ်ထဲကို တိုးဝင်လို့ လာတော့တယ်။ မူရိုက်စ်ဟာ တိုက်ဘေးရီးယပ်စ်ကို ဆက်ခံခဲ့ပြီး ပါရှန်ပြည်တွင်းစစ်မှာ တရားဝင်မင်းဖြစ်တဲ့ ဒုတိယ ကော့စ်ရူးကို နန်းတင်ရာမှာ ကူညီပေးခဲ့ပြီး သူ့ ရဲ့သမီးတော်ကို လက်ထပ်ယူပြီး အင်ပါယာနှစ်ခု ငြိမ်းချမ်းရေးယူခဲ့ကြတယ်။ ဒါဟာ ဘိုင်ဇင်တင် သမိုင်း တစ်လျှောက် အရှေ့စစ်မျက်နှာမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ပါရှန်နဲ့တိုက်ရတဲ့ စစ်စရိတ်တွေရော၊ ပဏ္ဍာဆက်ရတဲ့ အသုံးစရိတ်တွေရောကို အနောက်စစ်မျက်နှာမှာ ကောင်းကောင်း အသုံးချနိုင်လာခဲ့တယ်။ ၆ဝ၂ခုနှစ်မှာတော့ မူရိုက်စ်ဟာ အေဗားနဲ့ ဆလဗ်တွေကို ဒန်းညုမြစ် တစ်ဖက်ကမ်းကို ပြန်လည် မောင်းထုတ်နိုင်ခဲ့တယ်။

                ဖိုကာစ် (Phocas) ဆိုသူ စစ်ဗိုလ် တစ်ယောက်က တပ်တွင်းပုန်ကန်ပြီး မြို့တော် အရောက်ချီတက်လာပြီး ဧကရာဇ် မူရိုက်စ် ကို သတ်ပစ်လိုက်တယ်။ နောက် သူကိုယ်တိုင် ဧကရာဇ်အဖြစ်ခံယူတယ်။ ဒီအချိန်မှာ ပါရှန်ဧကရာဇ်ဟာ မူရိုက်စ် သေဆုံးမှုကို အကြောင်းပြပြီး ဘိုင်ဇင်တင်း ပိုင်တဲ့ မက်ဆိုပိုတေးမီးယားကို ပြန်လည် သိမ်းယူခဲ့တယ်။ ဖိုကာစ် ဟာ ပြည်သူမုန်းတဲ့ ဧကရာဇ်ဖြစ်ပြီး ၆၁ဝခုနှစ်မှာ ကားသေ့ခ်ျက ဟီရာကလီးယပ်စ် (Heraclius) ဆိုသူ (မူရိုက်စ်ရဲ့ ဗိုလ်ချုပ်တစ်ဦးရဲ့သား) ကဖြုတ်ချခဲ့ပြီး မင်းဆက်သစ်ကို ထူထောင်ခဲ့တယ်။ သူနန်းတက်လာပြီးနောက်ပိုင်းမှာ ပါရှန်စစ်မျက်နှာဟာ အခြေအနေပိုဆိုးနေပြီး အာရှမိုင်းနားထဲထိ ပါရှန်တွေ ထိုးဝင်လာနေပါပြီ။ ဒမာစကပ်စ် (Damascus) နဲ့ ဂျေရူဆလင်မြို့ တွေ ကိုလည်းသိမ်းယူပြီး ခရစ်တော်ရဲ့ ကားစင်အကြွင်း (True Cross) ဓာတ်တော်တွေကို ပါရှန်မြို့ တော် တက်စီဖွန် (Ctesiphon) ကို ရွှေ့ ပြောင်းယူသွားခဲ့ကြသေးတယ်။ ဟီရာကလီးယပ်စ်ရဲ့ တန်ပြန်ထိုးစစ်ဟာ သာသနစစ် အသွင်ဆောင်ခဲ့ပြီး ၆၂၇ခုနှစ်မှာ ဆက်ဆနစ် (ပါရှန်) (Sassanid) တပ်မကြီးကို အဆီးရီးယန်းမြို့ဟောင်း နီနီဗေး (Nineveh) အနီးမှာ အနိုင်ရရှိခဲ့ပြီး ၆၂၉မှာ ဓာတ်တော်တွေကို ဂျေရူဆလင်သို့ ပြန်ဆောင်ယူလာနိုင်ခဲ့တယ်။ ဒီစစ်တွေဟာ အင်ပါယာကြီး နှစ်ခုစလုံးကို အားအင်ကုန်ခမ်းစေပြီး နောက်နှစ်တွေမှာ ထွက်ပေါ်လာမယ့် မူဆလင် အာရပ် တပ်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ မလွယ်ကူတော့တာကို တွေ့ရပါတယ်။ ဘိုင်ဇင်တင်းရောမတပ်တွေဟာ ၆၃၆ခုနှစ် ရာမွန်ခ် (Yarmuk) တိုက်ပွဲမှာ အရှုံကြီး ရှုံးနိမ့်ပြီး မကြာသေးခင်က သိမ်းထားတဲ့ တက်စီဖွန်မြို့တော်လည်း ၆၃၄မှာ အာရပ်တွေ လက်ထဲကျရောက်သွားခဲ့တော့တယ်။ ဆီးရီးယား နဲ့ လီဗန့် (Levant or Near East) တွေကို ရရှိထားတဲ့ အာရပ်တွေဟာ အန်နာတိုးလီးယား ဘိုင်ဇင်တင်း နယ်မြေ အတွင်းပိုင်းထိအောင် လုယက်ဖို့ တပ်စုတွေ စေလွှတ်ခဲ့တယ်။ ၆၇၄နဲ့ ၆၇၈အတွင်း ကွန်စတန်နီနိုပယ် မြို့ တော်ကို လုပ်ကြံစီးနင်းကြပေမယ့် မအောင်မြင်ပါ။ အာရပ်ရေတပ်ဟာလည်း ဂရိမီး လို့ခေါ်တဲ့ လျှို့ ဝှက် လက်နက်ကို သုံးပြီး တိုက်ခိုက်ခဲ့တယ်။ ဒီနောက်မှာတော့ အင်ပါယာနဲ့ ဥမ်မေရပ် ကာလီဖာနိုင်ငံ (Ummayyad Caliphate) တို့ နှစ်သုံးဆယ် စစ်ပြေငြိမ်းလိုက်ကြတယ်။ စစ်ပြေငြိမ်းလိုက်ပေမယ့် အန်နာတိုးလီးယား (တူရကီ) ထဲသို့ အာရပ်တွေ လုယက်တာကတော့ မရပ်ပဲ စဉ်ဆက်မပြတ်ရှိနေခဲ့တယ်။ မြို့နေလူထုလည်း မြို့ကို မတိုးချဲ့ခင်က ရှိခဲ့တဲ့ တံတိုင်းကျုံးခတ် အဟောင်းများသို့ ဝင်ရောက် ခိုလှုံပြီး လူသူအများလည်း အနီးအနားရှိ ခံတပ်များ ရဲတိုက်များမှာ ခိုလှုံကြရတယ်။ ယခင်က ရှိခဲ့တဲ့ မြို့ပြယဉ်ကျေးမှုလည်း ပျက်သုဉ်းစ ပြုလာခဲ့တော့တယ်။ ကွန်စတန်တီနိုပယ် မြို့တော်ကိုယ်တိုင်ပင် ယခင် သန်းဝက်လောက်ရှိရာကနေ ၄ဝဝဝဝ မှ ၇ဝဝဝဝ လောက်ပဲ အများဆုံးနေကြတော့တယ်။ ရောမအင်ပါယာရဲ့ စပါးကျီ ဖြစ်တဲ့ အီဂျစ်ကို အာရပ်တွေ ထံဆုံးရှုံးသွားတာကြောင့်လည်း များပြားတဲ့ မြို့ပြလူဦးရေကို မထောက်ပံ့ပေးနိုင်တာကလည်း မြို့လူဦးရေ ကျုံ့ဝင်ရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ယခင်ကရှိခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အနည်းအကျဉ်းရှိသေးတဲ့ မြို့ပြအုပ်ချုပ်ရေး အဖွဲ့အစည်းတွေလည်း ပျက်သုဉ်းပြီး အန်နာတိုးလီးယား ဒေသဟာ သီးမ် (Theme) လို့ခေါ်တဲ့ သီးခြားစစ်တပ် တစ်ခုစီနဲ့ အုပ်ချုပ်တဲ့ ပြည်နယ်လေးတွေ ဖြစ်ကုန်တယ်။ ဒီစနစ်ဟာ ဟီရာကလီးယပ်စ်လက်ထက် ကပြည်နယ်အုပ်ချုပ်ရေး ပြင်ဆင်မှုတွေကြောင့် ပြောင်းလဲလာတာတွေ ဖြစ်ပြီး ၇ရာစုတစ်လျှောက်မှာ ၄င်းစနစ်ဟာ နိုင်ငံတော် အုပ်ချုပ်ရေးပုံစံသစ် တစ်ခုလုံးလုံးဖြစ်လာခဲ့တယ်။

                ဘော်လကန်ဒေသကနေ စစ်တပ်တွေကို ခေါ်ယူပြီး ပါရှန်နဲ့ အာရပ်တွေကို တိုက်ခဲ့ရလို့ ဘော်လကန်ထဲကို ဆလဗ်တွေ တိုးဝင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အန်နာတိုးလီးယားကို အာရပ်တွေ တိုက်ခဲ့လို့ မြို့တော်တွေမှာ လူဦးရေ နည်းပါးပြီး ခံတပ်မြို့လေးတွေ ဖြစ်ကျန်ခဲ့သလိုမျိုး ဘော်လကန်မှာလည်း ဖြစ်လာခဲ့တော့တယ်။ ၆၇ဝလောက်မှာ ဘူလဂေးရီးယန်း (Bulgarian) တွေဟာ ခါဇာ (Khazar) လူမျိုးတွေ တိုက်ထုတ်လိုက်လို့ ဒန်းညုမြစ် တောင်ဖက်ကမ်းကို လွင့်စင်လာခဲ့တယ်။ ၆၈ဝခုနှစ်မှာ ဒီ ကျူးကျော် အခြေစိုက်သူတွေကို ရှင်းဖို့ လွှတ်တဲ့ ဘိုင်ဇင်တင်း တပ်တွေ ရှုံးနိမ့်တဲ့ အခါ ဧကရာဇ် ဖြစ်သူ စတုတ္ထမြောက် ကွန်စတန်တင်းဟာ ဘူလဂေးရီးယန်း ခန်မင်း အက်စပါရုခ် (Asparukh) နဲ့ စစ်ပြေငြိမ်းလိုက်ရပြီး ဘော်လကန်ဒေသမှာ ထူထောင်တဲ့ ဘူလဂေးရီးယန်း နိုင်ငံသစ်ကို အသိအမှတ်ပြုပေးလိုက်ရတယ်။ ၆၈၇-၆၈၈ များမှာ ဒုတိယမြောက် ဂျတ်စတန်နီယန် ဧကရာဇ်ဟာ ဆလဗ်နဲ့ ဘူလဂေးရီးယန်းတွေပေါ် စစ်ဆင်ရေးနွှဲခဲ့တယ်။ ဧကရာဇ်ဟာ သရေ့စ်ကနေ မက်ဆီဒိုးနီးယားထိ တိုက်ခိုက် လမ်းထွင်ရတာကို ကြည့်ရင် ဧကရာဇ်ရဲ့ သြဇာဟာ အင်ပါယာရဲ့ အတွင်းပိုင်း ဘော်လကန်မြောက်ပိုင်း ဒေသတွေမှာတောင် မညောင်းတော့တာတွေ့ရတယ်။ ဟီရာကလီယန် မင်းဆက် နောက်ဆုံးဧကရာဇ်ဖြစ်တဲ့ ဒီ ဒုတိယမြောက် ဂျတ်စတန်နီယန်ဟာ မြို့ပြ မှူးမတ်လူတန်းစားရဲ့ အာဏာကို ချိုးဖျက်ဖို့ အခွန်တိုးကောက်ခြင်း၊ အပြင်လူတွေ ကို အုပ်ချုပ်ရေး ရာထူးပေးခြင်းတွေနဲ့ ကြိုးစားခဲ့တယ်။ ၆၉၅မှာ သူကို အာဏာမှ လျှောချခဲ့တယ်။ ပထမတော့ သူက ခါဇာတွေ ထံခိုလှုံပြီးနောက်ပိုင်းမှာ ဘူလဂေးရီးယန်းတွေ ထံခိုလှုံ့ခဲ့ရတယ်။ ၇ဝ၅မှာ ဘူလဂေးရီးယန်းတွေ အကူအညီနဲ့ ကွန်စတန်တီနိုပယ်ကို ပြန်လာနိုင်ခဲ့ပြီး ထီးနန်းကို ပြန်ယူခဲ့တယ်။ ဒီနောက်မှာတော့ သူ့ရဲ့ ပြည်တွင်းသူပုန်တွေ အပေါ် စတင် ဖမ်းဆီးသတ်ဖြတ်တော့တယ်။ ဒါသူ နောက်ဆုံး အာဏာရခြင်း ဖြစ်ပြီး ၇၁၁မှာ မှူးမတ်တွေ အကူအညီနဲ့ သူ့ကို ဖြုတ်ချခဲ့တယ်။ ဒီလိုနဲ့ ၈ရာစုဦးမှာ ဟီရာကလီးယပ်စ်ရဲ့ မင်းဆက်ပြတ်သွားတော့တယ်။


အစ်စူးရီးယန်း မင်းဆက်နဲ့ ပထမမြောက် ဘာဆယ်လ်

                ဟီရာကလီယန် မင်းဆက်ကို ဆက်ခံတဲ့ အစ်စူးရီးယန်းမင်းဆက် (Isaurian Dynasty)ရဲ့ ပထမဆုံး ဧကရာဇ် တတိယမြောက် လီယို (Leo III) ဟာ ဘူလဂေးရီးယန်းခန်မင်းကြီး တာဗယ် (Tervel) ရဲ့ အကူအညီနဲ့ မူဆလင်ထိုးစစ်ကို ၇၁၈မှာ တွန်းလှန်ခဲ့ပြီး အာရပ်များလည်း ၃၂ဝဝဝ လောက် ကျဆုံးသွားတယ်။ အာရှမိုင်းနားက သီးမ် (Theme) ပြည်နယ် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ကျစ်လျစ်အောင် ဆောင်ရွက်ပေးခဲ့တယ်။ သူ့ကို ဆက်ခံသူ ပဉ္စမမြောက် ကွန်စတန်တင်း (Constantine V) လက်ထက်မှာတော့ ဆီးရီးယားမြောက်ဖက်မှာ အာရပ်တွေအပေါ် မှတ်သားလောက်တဲ့ အောင်နိုင်မှုတွေ ရခဲ့တယ်။ ဘူလဂေးရီးယန်းများနဲ့ ပြန်ဖြစ်တဲ့ စစ်မှာလည်း တိုးတက်မှုများရခဲ့တယ်။

                ဆလဗ်လူမျိုး သောမတ် (Thomas the Slav) ရဲ့  ပုန်ကန်မှု အပြီး အင်ပါယာ အင်အားချိနဲ့တာကို အခွင့်ကောင်းယူပြီး ၈၂ဝ လောက်မှာ အာရပ်တပ်တွေက ခရိကျွန်းကို ဝင်သိမ်းကြတယ်။ ဘိုင်ဇင်တင်းပိုင် စစ်စလီကျွန်းကိုလည်း အောင်အောင်မြင်မြင် သိမ်းယူခဲ့ကြတယ်။ သို့ပေမယ့် ၈၆၃၊ စက်တင်ဘာ ၃ရက်နေ့မှာ ဘိုင်ဇင်တင်း ဗိုလ်ချုပ် ပက်ထရွန်နားစ် (Petronas) က မယ်လစ်တင်းမြို့ရဲ့ အမိရ (Emir of Melitene) အုံမာ အယ် အက်ခတာ (Umar a-Aqta) ပေါ် ကောင်းစွာ အောင်နိုင်လိုက်ပါသေးတယ်။ တစ်ဖန် ဘူလဂေးရီးယန်း ဧကရာဇ် ခရမ် (Krum) ရဲ့ ခေါင်းဆောင်မှုကြောင့် ဘော်လကန်မှာ ဘူလဂါ အန္တရာယ်ကို ကြုံရပြန်တယ်။ ဒါပေမယ့် ၈၁၄မှာ ခရမ်ရဲ့  သားတော် အိုမော်တပ်ခ် (Omortag) က ချစ်ကြည်ရေး စီစဉ်ပေးခဲ့တဲ့ အတွက် သက်သာရာ ရသွားတယ်။

                လီယိုနဲ့ ကွန်စတန်တင်းတို့ဟာ ရုပ်ပွားတော် ကိုးကွယ်မှုကို တားမြစ်တဲ့ အတွက် ဒီ ၈ရာစုနဲ့ ၉ရာစုအတွင်းမှာ ဘာသာရေး ဂယောက်ဂယက်များလည်း ဖြစ်ခဲ့သေးတယ်။ ရုပ်ပွားတော်ကိုးကွယ်သူတွေက ပုန်ကန်ခြားနားကြတာလည်း မကြာခဏ ကြုံရတတ်တယ်။ ဧကရီ အိုင်ရင်း (Empress Irene) ရဲ့ အားထုတ်မှုနဲ့ ပထမမြောက် ကွန်စတန်တင်း လက်ထက်က ကျင်းပခဲ့တဲ့ နိုင်းဆီးယားကောင်စီစည်းဝေးပွဲကို ၇၈၇ခုနှစ်မှာဒုတိယအကြိမ် ပြန်လည်ခေါ်ယူခဲ့တယ်။ ဒီစည်းဝေးပွဲမှာ ရုပ်ပွားတော် (icon) တွေကို အလေးအမြတ်ပြုခွင့်ရှိတယ်။ ဒါပေမယ့် ကိုးကွယ်ခွင့်မပေးဘူးဆိုတဲ့ စည်းမျဉ်း ထုတ်ခဲ့ကြတယ်။ ပဉ္စမမြောက် လီယို (Leo V) လက်ထက်မှာတော့ ရုပ်ပွားတော် ကိုးကွယ်မှုပိတ်ပင်တဲ့ ပေါ်လစီကို ပြန်လည် ထုတ်ဖော်ခဲ့တယ်။ ဒါကို ဧကရီသီယိုဒိုရာက ပက်ထရီအာ့ခ် (အနောက်ဥရောပ ပုပ်နဲ့ ရာထူးချင်းတူတဲ့ ဘာသာရေးခေါင်းဆောင်) မက်သတ်ဒီးယို့စ် (Patriarch Methodios) ရဲ့ အကူအညီနဲ့ ရုပ်ပွားတော်တွေကို အလေးအမြတ်ပြုခွင့်ရအောင် စွမ်းဆောင်ခဲ့ပြန်တယ်။ ဒီ ရုပ်ပွားတော်ပိတ်ပင်မှု ပေါ်လစီ (Iconoclasm) ဟာ နောင် ခရစ်ယာန် သာသနာဟာ ရောမ အင်ပါယာ အရှေ့နဲ့ အနောက်ကွဲပြဲသလို ကွဲကြဖို့ အကြောင်းဖန်လာမှာ တွေ့ ရမှာဖြစ်ပါတယ်။

(To be continued)

No comments:

Post a Comment