Search This Blog

Saturday, September 15, 2012

ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆေးပညာ

နိဒါန်း

           ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆေးပညာ (Evolutionary Medicine)သည် ကျန်းမာရေးနှင့် ရောဂါများအကြောင်း နားလည်သိရှိရန် ခေတ်သစ် ဆင့်ကဲဖြစ်စဉ် သီအိုရီကို အသုံးချသည့်ပညာရပ်ဖြစ်သည်။ ၎င်းသည် ယနေ့ခေတ် ဆေးပညာနှင့် အထူးသဖြင့် ခေတ်မှီဆေးပညာ သင်ကြားမှု၏ တရားသေဆန်သော အမြင်နှင့် ရှင်းလင်းချက်များကို ဖြည့်စွက်ကူညီသည့် သိပ္ပံနည်းကျ ချဉ်းကပ်နည်း တစ်မျိုးဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆေးပညာ သုတေသီတို့က ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒသည် ဆေးကျောင်းများ၌ သင်နိုင်သော ခေါင်းစဉ်တစ်ရပ်သာမက၊ သင်ဖို့လိုအပ်သော အခြေခံ ဆေးသိပ္ပံအသိပညာဖြစ်သည်ဟု ဆိုကြသည်။
ဆေးပညာနှင့်သက်ဆိုင်သော ဇီဝသက်ရှိ၏ ဆီလျော်အောင် ပြုပြင်ပြောင်းလဲမှုများမှာ-



(၁) ရောဂါပိုးများ၏ ရောဂါပြင်းထန်းမှု၊ ပဋိဇီဝဆေးကို ခံနိုင်ရည်၊ လူသား၏ ခုခံအားစနစ်ကို မြေလှန်တိုက်ခိုက်နိုင်စွမ်းရည် အသီးသီး၏ ဆင့်ကဲပြောင်းလဲမှု
(၂) လူသားဆင့်ကဲပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်၏ အကန့်အသတ်ရှိမှု၊ မပြည့်စုံမှုနှင့် ကောင်းကျိုး တစ်စုံတစ်ခုအတွက် ပေးဆပ်ထားရသည့် လက္ခဏာများ
(၃) ဆင့်ကဲပြောင်းလဲခြင်းကြောင့် ရရှိလာသော လူသား၏တုံ့ပြန်မှုများက ၎င်းကို ကူးစက်ရောဂါနှင့် ထိခိုက်ဒဏ်ရာတို့မှ အကာအကွယ်ပေးပုံ၊ ပြန်လည်ကောင်းမွန်စေပုံ။ သာဓကအားဖြင့် ရောဂါပိုးကြောင့် အဖျားတက်ခြင်း၊ ရောဂါကို ခုခံသည်စနစ်။ အဆိုပါ တုံ့ပြန်မှုများကို အမြင့်ဆုံး ထိရောက်အောင် ခန္ဓာကိုယ်က ပြန်လည်ထိန်းညှိပုံ။
(၄) ယခင်က ပတ်ဝန်းကျင်အခြေအနေများပေါ် ဆီလျော်အောင် ရှေးဦးလူသားတို့၏ ဆင့်ကဲပြောင်းလဲခဲ့မှုသည် ခေတ်သစ် ပတ်ဝန်းကျင်အခြေအနေများနှင့် ပတ်သက်ပုံ။ အထူးသဖြင့် အစားအစာ အချိုးအဆ၊ အသက်ရှည်နိုင်စွမ်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် သန့်ရှင်းမှုတို့ ပါဝင်သည်။

သမိုင်းကြောင်း


           ဆင့်ကဲဖြစ်စဉ်အယူအဆကို စတင်ဖော်ထုတ်သူ ချားစ်ဒါဝင်သည် ၎င်း၏သီအိုရီကို ဆေးပညာတွင် အသုံးချရန် မဆွေးနွေးပြခဲ့ပါ။ သို့သော် ဇီဝဗေဒပညာရှင်တို့သည် ပိုးမွှားအရင်းခံ ရောဂါဖြစ်ပွားမှု အယူအဆ (Germ Theory) ကို လျင်မြန်စွာလက်ခံပြီး အဆိုပါ ရောဂါပိုးတို့၏ ဆင့်ကဲဖြစ်စဉ်နှင့် ကူးစက်ခံသက်ရှိ၏ ပြန်လည်ခုခံမှုတို့၏ ဆင့်ကဲဖြစ်စဉ်ကို နားလည်ရန် ကြိုးပမ်းခဲ့ကြသည်။

           ဆေးပညာရပ်ဖက်၌မူ ဆင့်ကဲဖြစ်စဉ်ကို လစ်လျူရှုခဲ့သည်။ ဖြစ်စဉ်အားလုံး၏ အရင်းခံ တရားသေအကြောင်းရင်းများကို ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ ဆေးပညာသည် ဂယ်လီလီယို၊ နယူတန်နှင့် ဒေးကားတို့ ပြဆိုခဲ့သည့် တရားသေ ရူပဗေဒ၏ ဖွဲ့စည်းမှုမျိုးကို ကျင့်သုံးခဲ့သည်။ ဤဖွဲ့စည်းမှုမျိုးကို ကျင့်သုံးခဲ့သည့်အတွက် ဆေးပညာသည် တိကျသည်။ တရားသေဆန်သည်။ ရုပ်ဝါဒဆန်သည်။ လျှော့ချရှုမြင်မှုဝါဒ (Reductionism) ဆန်သည်။ ၎င်းသည် ရောဂါဖြစ်ပွားရခြင်းကို ရှင်းပြရန် တိကျပြီး တရားသေဆန်သော အဖြေမျိုးကို ရှာဖွေခဲ့သည်။


           ဂျော့ ဝီလျံစ် (George C. Williams) သည် အသက်အိုမင်းခြင်းဖြစ်စဉ်တွင် ဆင့်ကဲဖြစ်စဉ်အယူအဆကို ပထမဆုံး အသုံးချခဲ့သူဖြစ်သည်။ ၎င်းက အိုမင်းခြင်းသည် သက်ရှိအတွက် လိုအပ်သည့်အတွက် ဖြစ်လာသော လက္ခဏာဖြစ်စဉ် တစ်ရပ်ဖြစ်သည်ဟုဆိုသည်။ ၁၉၅ဝဝန်းကျင်များ၌ ဂျွန်ဘောင်လ်ဘီ (John Bowlby)သည် ကလေးငယ် ဖွံ့ဖြိုးမှုတွင် ၎င်းကို စောင့်ရှောက်သူ၏ အပြုအမူကြောင့် ကလေး၏ စိတ်နေစိတ်ထား ပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှ တင်ပြခဲ့ဖူးသည်။

           လူရဲ့ အပြုအမူကို ဇီဝဗေဒအမြင်နှင့် သုံးသပ်မှုနယ်ပယ် (Ethology) ၌ နစ်ကိုလစ် တင်ဘာဂန် (Nikolaas Tinbergen)က ဆင့်ကဲဖြစ်စဉ်နှင့် အရင်းခံဖြစ်စဉ်များ၏ ခြားနားချက်များကို တင်ပြသွားခဲ့သည်။ အရင်းခံဖြစ်စဉ် အမြင်သည် ခန္ဓာကိုယ်တွင်းဖြစ်စဉ်များ မည်သို့ဖြစ်ပျက်သည်ကို အဓိက ပြောကြားပြီး ဆင့်ကဲဖြစ်စဉ်က ဘာကြောင့်ဖြစ်ရသည်ကို သက်ရှိ၏ ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းအရ ပြောပြခြင်းဖြစ်သည်။ (သိပ္ပံမဟုတ်သော ပညာရပ်များ၌ နိုင်ငံရေး သမိုင်း နှင့် နိုင်ငံတကာ ဆက်ဆံရေးပညာရပ်နှစ်ခုကို သာဓကပြုနိုင်သည်။ -ဘာသာပြန်သူ) ၎င်း၏အယူအဆသည် သီအိုရီသဘောတရား ဆိုင်ရာ စုစည်းတင်ပြမှုနှင့် တိုးတက်မှု တစ်ရပ်ဖြစ်ခဲ့သည်။

           ရန်ဒေါ့ဖ် နစ်စီ (Randolph Nesse)က ဆေးပညာနှင့် ဆင့်ကဲဖြစ်စဉ်၏ ပတ်သက်မှုကို ဤသို့အကျဉ်းချုပ်တင်ပြခဲ့သည်။

"အလုံးစုံသော ဇီဝလက္ခဏာတို့သည် ဆင့်ကဲဖြစ်စဉ်နှင့် အရင်းခံ ဖြေရှင်းချက် နှစ်မျိုးလုံး လိုအပ်သည်။ ရောဂါတစ်ခုအပေါ် အရင်းခံဖြေရှင်းချက်သည် အဆိုပါရောဂါသည် ရောဂါသည်၏ ခန္ဓာကိုယ်စနစ်ကို မည်သို့ထိခိုက်စေသည်ကို ပြသည်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဖြေရှင်းမှုကမူ ကျွန်ုပ်တို့ လူသားတိုင်း ရောဂါကို ခုခံရန် ချို့ယွင်းနေရပုံ၏ အကြောင်းရင်းကို ဖော်ပြသည်။ ကျွန်ုပ်တို့ အားလုံးတွင် အံဆုံးသွား၊ အူအတက်၊ ကင်ဆာတွေ အဘယ်ကြောင့် ရှိနေရသည်ကို ဖြေရှင်းပြနေသည်။"



ရောဂါပိုးများ


           ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ အခြား ရောဂါပိုးနှင့် ကပ်ပါးပိုးများ၏ ဆင့်ကဲပြောင်းလဲမှုသည် ဆေးပညာတွင် ဗဟိုချက်ကျသော နေရာ၌ ပါဝင်သည်။ အကြောင်းရင်းမှာ ရောဂါပြင်းထန်းမှု၊ ပဋိဇီဝဆေးကို ခံနိုင်ရည်၊ လူသား၏ ခုခံအားစနစ်ကို မြေလှန်တိုက်ခိုက်နိုင်စွမ်းရည် တို့၏ ပြောင်းလဲနေမှုများကို နားလည်ဖို့ လိုအပ်နေ၍ဖြစ်သည်။

ပဋိဇီဝဆေးကို ခံနိုင်ရည်


           ပဋိဇီဝဆေးသည် ပိုးမွှား၏ အရေးကြီးသော ဓာတ်ကူပရိုတင်းများကို အလုပ်မလုပ်အောင် တားမြစ်သည်။ သို့ရာတွင် ဗီဇဖောက်ပြန်မှုကြောင့် ပရိုတင်း၏ တည်ဆောက်ပုံ ပြောင်းလဲသည့်အခါ ပဋိဇီဝသည် အစွမ်းမထက်တော့ပေ။ ထို ပိုးသည် ဆေးကို ခံနိုင်ရည်ရှိသွားပြီး ဒေါင်လိုက် ဗီဇစီးဆင်းမှုအရ သဘာဝ၏ ရွေးချယ်မှု နိယာမအရ မျိုးတူပိုး အုပ်စုအတွင်း လျင်မြန်စွာ စည်ပင်ပြန့်ပွားလာသည်။ အခြားရှိပြီး ဘတ်တီးရီးယားများသို့လည်း အဆိုပါ ပဋိဇီဝခံနိုင်ရည်ရှိသည် ပရိုတင်း၏ ဗီဇဒီအန်အေကို ဒီအန်အေကွင်းပြတ် (Plasmid)များအနေဖြင့် ရေပြင်ညီ ဗီဇစီးဆင်းမှုအရ ပုံတူပွား ဖြန့်ဝေကြသည်။ မျိုးဆက်အနည်းငယ်ကြာသော် ပဋိဇီဝဆေးသည် သုံး၍မရအောင် အစွမ်းမရှိဖြစ်သွားနိုင်သည်။

ရောဂါ၏ ပြင်းထန်မှု


           ရှေးယခင်က ရောဂါပိုး၏ အရှိတရားသည် ကူးစက်ခံရသူကို အန္တရာယ်ပေးစေလိုသည့် ရည်ရွယ်ချက် မဟုတ်ဟု ယူဆသည်။ ၎င်း၏ အစာအာဟာရနှင့် မျိုးပွားမှုသည်သာ ရည်ရွယ်ရင်းဖြစ်သည်။ ရောဂါပိုးကြောင့် ကူးစက်ခံရသူ၏ ထိခိုက်မှုသည် ဘေးထွက်ဆိုးကျိုးသာဖြစ်သည်ဟု ယူဆကြသည်။ ရောဂါပိုးတို့သည် ရေရှည်တွင် ကူးစက်ခံအပေါ် အန္တရာယ်ပေးမှု ပိုနည်းလာမည်ဟု ဆိုကြသည်။ သို့သော် ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှကြည့်လျှင် ရောဂါပြင်းထန်မှုသည် ရေတိုမြင်သော ဆင့်ကဲဖြစ်စဉ် (Short sighted evolution) တစ်ခုဖြစ်သည်။ ၎င်းကို ထိန်းညှိသော လက္ခဏာ တစ်ရပ်သာရှိသည်။ ကူးစက်ခံရသူမှ နောက်ထပ်လူတစ်ဦးကို ကူးစက်နိုင်သည်အထိ ရောဂါပြင်းထန်မှုကို လျှော့ချထားရန်ဖြစ်သည်။ ရောဂါသည် ပြင်းထန်လွန်းက နောက်လူကို မကူးစက်ခင် သေဆုံးသွားပါက၊ ကူးစက်ပိုးသည် သေလူနှင့်အတူ ပျောက်ကွယ်သွားနိုင်သည်။ သို့တည်းမဟုတ် ရောဂါသည် လူတစ်ဦးကို ကူးစက်ပြီး နောက်လူကို မကူးစက်နိုင်မီ ခုခံအားစနစ်၏ တိုက်ခိုက်မှုခံရပါက အဆိုပါ ပိုးသည် ပျောက်ကွယ်သွားနိုင်သည်။ ဤ သဘာဝရွေးချယ်မှုဖိအားဖြင့် ရောဂါ၏ ပြင်းထန်မှုသည် ပြောင်းလဲလျက်ရှိသည်ဟု ဆိုထားသည်။

ခုခံအားစနစ်ကို ရှောင်ကွင်းခြင်း (Immune Evasion)


           ရောဂါပိုး၏ အောင်မြင်မှုသည် ကူးစက်ခံရသူ၏ ခုခံအားစနစ်ကို ရှောင်ကွင်းနိုင်မှုကိုလည်း မှီတည်နေသည်။ သို့ဖြစ်၍ အဆိုပါသဘာဝ ရွေးချယ်မှု ဖိအား သက်ရောက်နေ၍ ရောဂါပိုးတို့သည် ရှောင်ကွင်းရန် နည်းလမ်းမျိုးစုံ ဆင့်ကဲပြောင်းလဲ ဖြစ်ထွန်းလာကြသည်။ အိမ်ရှင်၏ဆဲလ်တွင် ပုန်းခိုခြင်း၊ ဆဲလ်အခွံဖြင့် ကာကွယ်ခြင်း၊ ဇီဝလက္ခဏာများ (Antigen/markers) လျင်မြန်စွာပြောင်းလဲခြင်း၊ အိမ်ရှင်၏ မော်လီကျူးများဖြင့် ရုပ်ဖျက်ခြင်း အစရှိသည့် နည်းလမ်းမျိုးစုံ ဖြစ်ထွန်းလာကြသည်။


လူသားဖက်မှ ဆီလျော်အောင် ပြုပြင်မှုများ


အကန့်အသတ်၊ အတားအဆီးများ (Constraints)


           ဆီလျော်အောင် ပြောင်းလဲမှုဆိုသည်မှာ ဆင့်ကဲဖြစ်ပေါ်နိုင်မှသာ ရရှိသော လက္ခဏာရပ်များဖြစ်သည်။ အချို့ ဆီလျော်အောင် ပြုပြင်မှုများသည် နေထိုင်မကောင်း ဖြစ်ခြင်းကို ကာကွယ်နိုင်သော်လည်း လုံလောက်သော သဘာဝရွေးချယ်မှု ဖိအားတစ်ခု မရှိလျှင် ဆင့်ကဲမပေါ်ပေါက်နိုင်ပါ။

           ခန္ဓာကိုယ်ဆဲလ်များ၏ ဒီအန်အေ ပုံတူပွားမှုသည် အလွဲအမှား အလျင်းကင်းစင်အောင် မဆောင်ရွက်နိုင်သဖြင့် ဆဲလ်ပွားနှုန်းဖောက်ပြန်ကာ ကင်ဆာရနိုင်သည်။ ခန္ဓာကိုယ်ဆဲလ်များသည် ဂမိဆဲလ်များကဲ့သို့ နောက်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းခြင်း မရှိ၍ သဘာဝ၏ ရွေးချယ်မှုကို လုံးဝနီးပါး သက်ရောက်မှုမရှိပေ။ သို့ဖြစ်၍ ကင်ဆာ ကာကွယ်သည့် ဗီဇလက္ခဏာရပ်များသည် ဆင့်ကဲမပေါ်ပေါက်နိုင်ပါ။

           လူသား၏ ဆင့်ကဲပြောင်းလဲမှုအရ လူ၏ ဗိုက်တာမင်စီ ထုတ်လုပ်သည့် ပရိုတင်းအင်ဇိုင်းအတွက် ဗီဇသည် ပျက်စီးယို့ယွင်းသွားခဲ့သည်။ ဤဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းကြောင့် ကျွန်ုပ်တို့သည် ဗိုကတာမင်စီကို မချက်လုပ်နိုင်ပဲ ပြင်ပမှ မှီဝဲရသည်။ ဗိုက်တာမင်စီ ချို့တဲ့မှုသည် ရေစီးကမ်းပြိုဖြစ်စေနိုင်သည်။

           မြင်လွှာရှိ အာရုံကြောဆဲလ်တို့သည် အရေပြားမှ ဖြစ်လာခြင်း မဟုတ်ပဲ ဦးနှောက်ဆဲလ်များ အရေပြားသို့ ကျွံထွက်လာခြင်းဖြစ်သည်။ သို့ဖြစ်၍ သတင်းပို့သော ဆဲလ်သည် အလင်းကို လက်ခံသော ဆဲလ်ကို ရှေ့မှ ကာနေသဖြင့် လူသား၏ အမြင်အာရုံသည် အစွန်းဆုံး ထိရောက်မှုကို မရရှိနိုင်ပေ။ တဖန် အဆိုပါဆဲလ်တို့ အရေပြားကို ဖောက်ထွက်လာသော အပေါက်နေရာ၌ အလင်းလက်ခံဆဲလ် မရှိသဖြင့် အမြင်အာရုံ၌ အလင်းခံစားမှုမရှိသည့် နေရာတစ်ခု ရှိနေသည်။ ဦးနှောက် လှည့်စားထား၍သာ အဆိုပါ အမည်းစက်ကြီးကို မမြင်ရခြင်းဖြစ်သည်။ တဖန်မျက်လုံးအိမ်အတွင်း အရည်ဖိအားမြင့်တက်သည့် ရောဂါကြောင့်လည်း ဆဲလ်တို့သည် ထိခိုက်မှုများ ရရှိပြီး အမြင်အာရုံ ချို့ယွင်းနိုင်သည်။ အဆိုပါ ပြဿနာရပ် အားလုံးကို ဖြေရှင်းရန်မှာ အလင်းခံစားသည့် ဆဲလ်များကို အရေပြားအောက်တွင် တိုက်ရိုက် ဖွံ့ဖြိုးခြင်းဖြင့် ရနိုင်ပေသည်။ သို့သော် လူသား၏ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ အရေပြားမှ မျက်လုံး မဖြစ်နိုင်သောကြောင့် အဆိုပါ ချို့ယွင်းချက်များ ရှိနေခြင်းဖြစ်သည်။ သို့သော် မျက်လုံးပိုင်ဆိုင်မှုသည် အဆိုပါ ရောဂါများနှင့် ချို့ယွင်းချက်များနှင့် ယှဉ်လျှင် လူသားအတွက် များစွာ အကျိုးရှိနေ၍ ဖြစ်သည့်နည်းဖြင့် မျက်လုံး ဖွံ့ဖြိုးလာရခြင်းဖြစ်သည်။



အကျိုးနှင့် ပေးဆပ်မှု (Trade-offs)


           ဆင့်ကဲဖြစ်စဉ်အရ ဆီလျော်အောင် ပြုပြင်မှု တစ်ခုစီသည် သက်ရှိတစ်ခုတည်းတွင် ပဋိပက္ခ ရှိနေသည်။ ပဋိပက္ခ ဖြစ်သော ဆီလျော်ပြောင်းလဲမှုတို့ကို သင့်လျော်သော အကျိုးနှင့် ပေးဆပ်မှုရရှိရန် ပြန်လည် ချိန်ညှိသည်။ ၎င်းတို့တွင် ပါဝင်သည့် သာဓကတို့မှာ-

           ဦးနှောက်နှင့် အူလမ်းကြောင်း အရွယ်အစား- ပိုကြီးသော ဦးနှောက်သည် ပိုမြင့်သော စွမ်းအင်သုံးစွဲမှုရှိသည်။ စွမ်းအင်ရရှိရန် အစာစုပ်ယူဖို့ အူလမ်းကြောင်း ဖွံ့ဖြိုးရန်လိုအပ်သည်။

           အမျိုးသမီးများ၏ အပြေးစွမ်းရည်နှင့် မွေးလမ်းကြောင်းအရွယ်အစား - ရှေးခေတ် ကြမ်းတမ်းသော သဘာဝပတ်ဝန်းကျင်၌ နေထိုင်ရသော လူသား အမျိုးသမီးများသည် အပြေးစွမ်းရည် ကောင်းမွန်ဖို့ လိုအပ်သည်။ အပြေးစွမ်းရည်သည် တင်ပါးဆုံ ရိုးခွင် ပိုကျဉ်းလျှင် မြင့်မားသည်။ သို့သော် ကျဉ်းသော တင်ပါးဆုံးရိုးခွင်ကြောင့် မွေးလမ်းကြောင်း ကျဉ်းစေသည်။ ပေါင်ချိန်နည်းသော သေးသော ကလေးမျိုးရစေနိုင်သည်။ ထိုကလေးမျိုးသည် ကြမ်းတမ်းသော လောကတွင် မရှင်သန်နိုင်ပေ။ ထို့ကြောင့် အပြေးစွမ်းရည်နှင့် မွေးလမ်းကြောင်း အကျယ်သည် ချိန်ညှိယူလျက်ရှိသည်။

           အရေပြား ရောင်ခြယ် ထုတ်လုပ်မှု- ခန္ဓာကိုယ် အမွေးနည်းပါးလာသော လူသား၏ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ အရေပြား၌ မယ်လနင် (Melanin) ခေါ် ရောင်ခြယ်ပိုများလာသည်။ ထိုရောင်ခြယ်က ကင်ဆာအထိ အန္တရာယ်ပေးနိုင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားသည်။ ဆိုးကျိုးကား ခရမ်းလွန် ရောင်ခြယ်ရှိမှ အရေပြားသည် ကော်လက်စထရောမှ ဗိုက်တာမင်ဒီ ချက်လုပ်နိုင်ခြင်းဖြစ်သည်။ ဗိုက်တာမင်ဒီသည် ခန္ဓာကိုယ်တွင်း ကယ်ဆယမ်နှင် အရိုးဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါသော ဟော်မုန်းဖြစ်သည်။ သို့ဖြစ်၍ ကင်ဆာ ကာကွယ်သော ရောင်ခြယ် (အသားမဲခြင်း) နှင့် ဗိုက်တာမင်ဒီ ထုတ်လုပ်မှုအတွက် ရာသီဥတုနှင့် အညီ လူသား၏ အရေပြားသည် ရောင်ခြယ် ထုတ်လုပ်မှုကို ထိန်းညှိနေသည်။ ဤ ရောင်ခြယ်ကွာခြားမှုသည် ဥတုမတူသော ဒေသအသီးသီးမှ လူတို့၏ အသားအရောင် ကွာခြားမှု၏ ပင်မအကြောင်းရင်း ဖြစ်သည်။

           ဘာသာစကားနှင့် လေပြွန်ဆို့ခြင်း- လူသားသည် တိကျသော အသံကို အခြေခံသည့် ဘာသာစကား အသုံးပြုသည့်အတွက် ဆက်သွယ်ရေး အကျိုးအမြတ်များစွာ ရှိသည်။ သို့သော် အသံအိုးကို အခြေခံသော ဘာသာစကားဖြစ်သည်။ ဘာသာစကားအတွက် အသံအိုးနှင့် ဆက်နွယ်သည့် ကြွက်သားတို့ကို ဆီလျော်အောင် ပြုပြင်ခြင်းကြောင့် အိပ်နေစဉ် လေပြွန် ကြွက်သားများ ပြေလျော့ကာ လေပြွန်ဆို့ခြင်းဖြစ်တတ်သည်။ နှလုံးပြဿနာရှိသူများ၌ ဤချို့ယွင်းချက်သည် များစွာ အန္တရာယ်ရှိနေသည်။



လူ့ယဉ်ကျေးမှုကြောင့် ရသော ရောဂါများ


           လူသားသည် အသီးခူး-အမဲလိုက်ဘဝမှ ပြောင်းလဲတိုးတက်လာသော ယဉ်ကျေးမှု လောကကြီးကို ရောက်ရှိလာခဲ့သည်။ သို့သော် လူ၏ အကျင့်နှင့် လက္ခဏာရပ်တို့သည် ထိုလောကသစ်ကြီးကို ဆီလျော်အောင် မပြုပြင်ရသေးပေ။ ဤပြောင်းလဲလာသော ပတ်ဝန်းကျင်သစ်သည် လူကို ကျန်းမာရေး ပြဿနာများစွာပေးသည်။

အစားအသောက်


           ရှေးအခါက လူတို့သည် အစာအာဟာရ ရှားပါသည်။ အသီးခူးရ၊ အမဲလိုက်ရသဖြင့် ပင်ပန်းပြီး မထိရောက်ပေ။ ထို့ကြောင့် လူသည် ကစီနှင့် အဆီအဆိမ့်ကို အလွန် ခံတွင်းတွေ့ကြသည်။ ကစီသည် လူအတွက် မရှိမဖြစ်လိုအပ်သော အစာမျိုးဖြစ်၍ ဦးစားပေး နှစ်သက်ခြင်းဖြစ်သည်။ အဆီကို ဖြိုခွဲလျှင် ကစီ၏အစားထိုး သုံးနိုင်သည်။ ထို့ကြောင့်လည်း အဆီကို နှစ်သက်ခြင်းဖြစ်သည်။ ယနေ့ခေတ် ယဉ်ကျေးမှု တိုးတက်လာ၍ အသီးခူးစရာမလို၊ စိုက်ပျိုးစားသောအခါ၊ အမဲလိုက်စရာမလိုပဲ မွေးမြူလာသောအခါ၊ အစာအာဟာရသည် အဆမတန် ပေါကြွယ်ဝလာသည်။ သို့သော် လူ၏ သဘာဝအသိသည် အစာရှားသည့် ပတ်ဝန်းကျင်ဟုသာ ထင်မှတ်နေသည်။ ထို့ကြောင့် ပေါများသည့်အတိုင်း အလွန်အကျွံ စားသုံးမိပြီး ကျန်းမာရေးပြဿနာများ ရရှိလာသည်။ သွားပိုးစားခြင်းသည် ဥပမာတစ်ရပ်ဖြစ်သည်။ စက်မှုနည်းပညာ တိုးတက်လာ၍ ရေခဲသေတ္တာထဲ ထားသော်လည်း မအေးခဲသော Trans-fat များကို တီထွင်လာကြသည်။ ၎င်းသည်လည်း ကျန်းမာရေးကို များစွာ ထိခိုက်စေသည်။

အသက်ရှည်လာခြင်း


           လူသားသည် ယဉ်ကျေးမှု မြင့်လာသည့်အလျောက် အသက်ရှည်လာသည်။ သို့သော် အရှင်ဆိုးရှင်ရခြင်းသာ ဖြစ်သည်။ လူသား၏ သဘာဝအသက်တိုတို အတွက်သာ ခန္ဓာကိုယ်သည် ဆီလျော်အောင် ပြုပြင်ထား၍ အသက်ကြီးလျှင် ရောဂါမျိုးစုံ ဝင်လာကြသည်။ ခါးနာခြင်း၊ လေးဖက်နာ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိထိခိုက်ခြင်းအထိ အစုံပါဝင်သည်။ သွေးဆုံးခြင်းသည်လည်း စင်စစ် အမျိုးသမီး မျိုးပွားစနစ် ယို့ယွင်းသွားခြင်းပင်ဖြစ်သည်။ သဘာဝသက်တမ်းအတွင်း သွေးဆုံးခြင်း မရှိပါ။

ကိုယ်လက်လှုပ်ရှားခြင်း


           ယခင်က လူသားသည် ကိုယ်လက်လှုပ်ရှား များစွာ လုပ်ရသည်။ အသီးခူးရန်၊ အမဲလိုက်ရန်၊ ယဉ်ကျေးလာသော အခါတွင်လည်း ထွန်ယက်စိုက်ပျိုးရန် ကိုယ်လက်လှုပ်ရှား လုပ်ရသည်။ ယဉ်ကျေးမှု ပြောင်းလဲလာသည်နှင့်အမျှ အချို့သည် ကိုယ်လက်လှုပ်ရှားနည်းပါးသည့်အလုပ်များသာ လုပ်ကြရတော့သည်။ ခေတ်သစ် အိုင်တီခေတ်တွင် ကွန်ပျူတာနှင့်သာ အလုပ်လုပ်ရသော ဘဝမျိုးတွင် ကိုယ်လက်လှုပ်ရှားသည် မရှိသလောက် နည်းသွားသည်။ ရှေးက လူသားတို့သည် ကိုယ်လက်လှုပ်ရှား မရှိသည့် အခါမျိုးသည် နေမကောင်းသည့် အချိန်မျိုးသာ ဖြစ်သည်။ ခန္ဓာကိုယ်က နေမကောင်းခြင်းကို တုံပြန်ရန် အသက်ကယ်သည့် ဇီဝကမ္မရည်ရွယ်ချက်များနှင့် စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာ ဖိစိးမှုလှုံ့ဆော်ချက်များ ထုတ်လုပ်ပေးသည်။ ခေတ်သစ်လူသားသည် ကျန်းမာလျက် ကိုယ်လက်မလှုပ်ရှားသည့်အတွက် ခန္ဓာကိုယ်ကို လှည့်စား သကဲ့သို့ဖြစ်စေသည်။ ခန္ဓာကိုယ်က လူကို နေမကောင်းသည့် သဖွယ် တုံ့ပြန်သည်။ အဆစ်ရောင်ခြင်းကဲ့သို့သော မှားယွင်းသည့် တုံ့ပြန့်မှုများသည် ရလဒ်ဆိုးများဖြစ်ကြသည်။

သန့်ရှင်းမှု


           လူသား၏ ခုခံအားစနစ်တွင် အပိုင်းနှစ်ပိုင်းပါသည်။ တစ်ပိုင်းမှာ ရောဂါပိုးကို တိုက်ခိုက်သည့် အပိုင်းဖြစ်ပြီး၊ တစ်ပိုင်းမှာ အန္တရာယ်ပြုလောက်သည့် လှုံ့ဆော်မှုများကို တုံ့ပြန်ခြင်းဖြစ်သည်။ ဒုတိယအမျိုးတွင် Allergy များ ပါဝင်သည်။ ခေတ်သစ်လူသားသည် ပိုးမွှားကင်းစင် သန့်ရှင်းလွန်းသဖြင့် ရောဂါပိုးကို တိုက်ခိုက်သည့် အပိုင်းမှာ အားနည်းလာသည်။ အထူးသဖြင့် သန်ကောင်ကဲ့သို့ ကပ်ပါးကောင်များသည် ရောဂါပိုးသတ်သည့် စနစ်ကို များစွာ အလုပ်ပေးသောလှုံ့ဆော်မှုဖြစ်သည်။ ထိုပိုးမွှား အန္တရာယ်ကင်းသဖြင့် Allergy ဖြစ်စေသော အပိုင်းမှာ အလွန် အားကောင်းလာသည်။ သို့ဖြစ်၍ လှုံ့ဆော်မှု အနည်းငယ်သည်ပင် ကြီးမားလွန်းသော တုံ့ပြန်မှုရသည်။ လေပြွန်ရောင်မှုကို အခြေခံသော ပန်းနာရောဂါသည် သန့်ရှင်းလွန်မှုနှင့် များစွာ ဆက်နွယ်မှုရှိသည်။ မြေဆီလွှာ ဘတ်တီးရီးယား အချို့ကို လေပြွန်တွင်း ထည့်သွင်းပေးခြင်းဖြင့် ရောဂါသက်သာသည့် စမ်းသပ်ချက် တစ်ခုရှိခဲ့သည်။ ရောဂါပိုးကာကွယ်သော ခုခံအားစနစ်သည် လျော့ကျသွားရန် မထိန်းညှိနိုင်ခဲ့သော် ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ်ပြန်တိုက်သော ရောဂါမျိုး (Autoimmune disease)များရရှိနိုင်သေး၏။

မူကွဲဗီဇနှစ်စုံရှိခြင်း၏ အကျိုးကျေးဇူး


           လူသားတစ်ဦးစီသည် ဗီဇတစ်မျိုးတည်းကို ဖခင်ဆီမှ မူကွဲဗီဇ (Allele)တစ်ခုနှင့် မိခင်ဆီမှ မူကွဲဗီဇ တစ်ခုရရှိသည်။ မူကွဲဗီဇတို့သည် လက္ခဏာရပ်အမျိုးမျိုး မူအမျိုးမျိုးကွဲနေသည်။ အချို့ လက္ခဏာရပ်တို့သည် လူသားကို ကောင်းကျိုးပေးသည်။ အချို့သည် လူကို သေလောက်အောင် အန္တရာယ်ပြုသော ဗီဇချို့ယွင်းမှုဖြစ်သည်။ မိဘနှစ်ပါးလုံးမှ ချို့ယွင်းသော မူကွဲဗီဇတစ်ခုစီ ရရှိထားသောသူသည် အန္တရာယ်ပေးလောက်သော ဗီဇချို့ယွင်းမှု ဖြစ်တတ်သည်။ သို့သော် မိဘတို့အနက် တစ်ယောက်ယောက်မှ ကောင်းမွန်သော ဗီဇနှင့် တွဲဖက်လျှင်မူ ကောင်းသော ဗီဇက အန္တရာယ်ကို များစွာ လျှော့ချပေးသည်။ ထိုအခါ အန္တရာယ်ရှိသော ဗီဇသည် ထူးခြားသော အကျိုးကျေးဇူးများကို ဖော်ပြလာသည်။ တံစဉ်ပုံ သွေးနီဆဲလ်ကို ဖြစ်စေသော မူကွဲဗီဇသည် အန္တရာယ်ကင်းသော ဗီဇနှင့် တွဲ၍ လူသားတစ်ယောက် တည်ဆောက်၍ရသည်။ တံစဉ်သွေးနီဆဲလ် ဖြစ်စေသော ဗီဇကြောင့် တံစဉ်သွေးနီဆဲလ်များသည် အန္တရာယ်မပေးလောက်သော ပမာဏ၌ ရှိနေသည်။ ငှက်ဖျားဖြစ်စေသော ကပ်ပါးအဏုဇီဝပိုးသည် တံစဉ်သွေးနီဆဲလ်ကို ကပ်ပါးပြုသောအခါ ဆဲလ်သည် အလွယ်တကူ သေဆုံးပြီး ဘေလုံးနှင့် အသည်းက ပိုးနှင့် ပျက်ဆီးသောဆဲလ်ကိုပါ သွေးကြောမှ ရှင်းထုတ်လိုက်သည်။ သို့ဖြစ်၍ ဤမတူညီသော မူကွဲဗီဇနှစ်စုံရှိခြင်းသည် ငှက်ဖျားရောဂါ ခံနိုင်ရည်ကို တိုးမြှင့်ပေးထားသည်။ ဤအချက်က အန္တရာယ်ပေးသော မူကွဲဗီဇမျိုးကို ငှက်ဖျားပေါများသော ဒေသ၌ ပို၍တွေ့မြင်ရခြင်းကို ရှင်းပြထားသည်။ ဆင့်ကဲဖြစ်စဉ်သဘောအရ တံစဉ်သွေးနီဆဲလ်ဖြစ်စေသော ဗီဇသည် သဘာဝ၏ ရွေးချယ်ခံရ သောကြောင့်ဖြစ်သည်။

တံစဉ်ပုံ သွေးနီဆဲလ်နှင့် ပုံမှန် သွေးနီဆဲလ်။ မူမမှန်သော သွေးဆဲလ်တို့သည် ဆံချည်မျှင် သွေးကြောများကို ဖြတ်သန်းရာ၌ ပေါက်ကွဲပျက်စီးလွယ်ကြသည်။ ထို့ပြင်အသည်းက ဖျက်ဆီးပစ်၍ သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။



ဝေါဟာရအဖွင့်
(၁) လျှော့ချရှုမြင်မှုဝါဒ (Reductionism) - ဖြစ်စဉ်သို့မဟုတ် အရာတစ်ခုကို ပိုမိုသေးငယ်သော အစိတ်အပိုင်းများ အဖြစ် စိတ်ပိုင်းပြီးမှ အဓိပ္ပာယ်ဖွင့်ဆိုခြင်း။ အလုံးစုံရှုမြင်မှုဝါဒ (Holism)သည် ပြောင်းပြန် ဖြစ်သည်။
(၂) ပိုးမွှားအရင်းခံ ရောဂါဖြစ်ပွားမှု အယူအဆ (Germ Theory) - ရောဂါအချို့သည် မျက်စိဖြင့် မမြင်နိုင်သော အဏုဇီဝ ပိုးမွှားများကြောင့် ဖြစ်ရသည်ဟု ဖော်ထုတ်ခဲ့သည့် အယူအဆ။
(၃) ဇီဝလက္ခဏာများ (Antigen/markers) - ဇီဝဆဲလ်တို့၏ မျက်နှာပြင်ပေါ်၌ လက်ပွေရာကဲ့သို့ ထူးခြားသည့် ဓာတုဒြပ်ပေါင်းများ။ ၎င်းတို့သည် သကြား၊ အဆီ သို့မဟုတ် ပရိုတင်း အမျိုးမျိုး ဖြစ်နိုင်သည်။ ဆဲလ်အချင်းချင်း ဆက်သွယ်ရန် ရန်သူဆဲလ်ကို ထောက်လှမ်းရန် ဤလက္ခဏာ မော်လီကျူးများကို သုံးကြသည်။
(၄) မူကွဲဗီဇ (Allele) - အကြမ်းဖျင်း တည်ဆောက်ပုံနှင့် လုပ်ငန်း ဆင်တူသော ပရိုတင်းများ ထုတ်ပေးသည့် သေးငယ်သော ကွဲပြားမှုလေးများ ရှိကြသည့် ဗီဇများ။

ကိုးကား- Wikipedia


(ကျော်စွာလင်း)

No comments:

Post a Comment