Search This Blog

Monday, September 24, 2012

သွေးခဲစနစ် (Clotting System)၏ ဆင့်ကဲပေါ်ပေါက်ပုံ

နိဒါန်း


           ကျွန်ုပ်တို့လူသား၏ သွေးကြောများသည် ခန္ဓာကိုယ်အတွက် အစာနှင့် အောက်ဆီဂျင်များ ဖြန့်ဖြူးလျက်ရှိနေပြီး၊ အညစ်အကြေးများ စွန့်ပစ်ပေး နေသည်။ ဟော်မုန်းနှင့် အခြား ဓာတ်ပစ္စည်းများကို အင်္ဂါတစ်ခုမှ တစ်ခုသို့ ပို့ဆောင်ပေးနေသည်။ ထို့ကြောင့် ကောင်းမွန်သော သွေးလည်ပတ်မှု ရှိရန် အလွန်အမင်း အရေးကြီးသည်။ သွေးကြောစနစ်သည် သွေးကို သွေးကြောအပြင် မထွက်စေရန်၊ သွေးကို အရည် အခြေအနေတွင် ရှိစေရန်၊ သွေးကြောပိတ်ခြင်း မဖြစ်စေရန် ထိန်းသိမ်းထားသည့် စနစ် တစ်ခုရှိသည်။ ၎င်းသည် သွေးခဲစနစ် (Clotting System) ဖြစ်သည်။ သွေးကြောပေါက် သွားခဲ့လျှင် သွေးဥမွှား (Platelet)များက ပေါက်သည့်နေရာတွင် ကပ်တွယ်လျက် ယာယီအပေါက်ဖာပေးသည်။ ထို့နောက် သွေးထဲမှ ပရိုတင်းတစ်မျိုးဖြင့် ဆဲလ်များကို ချည်နှောင် လိုက်ခြင်းဖြင့် သွေးခဲကိုဖြစ်စေသည်။ ထိုအခါတွင်မူ သွေးကြောပေါက်သည် ကောင်းမွန်စွာ ဖာထေးပြီးဖြစ်သည်။



           ဤဖြစ်စဉ်၌ အရေးကြီးသော ပစ္စည်းမှာ သွေးခဲဖြစ်စေသော ပရိုတင်းဖြစ်သည်။ ၎င်းကို ဖိုက်ဘရင် (Fibrin) ဟုခေါ်သည်။ နဂိုက ကုန်ကြမ်းအဖြစ် ဖိုက်ဘရင်နိုဂျင် (Fibronogen) အဖြစ် တည်ရှိသည်။ ဖိုက်ဘရင်နိုဂျင် ပရိုတင်း၏ အလယ်နေရာရှိ အမီနိုအက်ဆစ် ဆက်တန်း အချို့ကို ဖယ်ရှားလိုက်လျှင် ရေတွင် မပျော်ဝင်သော ဖိုက်ဘရင် ဖြစ်သွားပြီး ဖိုက်ဘရင် ပရိုတင်းတို့သည် စုဝေးစည်းကပ်လာကြသည်။ ဤ ဖိုက်ဘရင် အစိုင်အခဲကြီးက သွေးခဲအနေဖြင့် သွေးကြောပေါက်ကို ဖာထေးပိတ်ဆို့စေသည်။

           မေးခွန်းတစ်ခု ဖြစ်လာပါပြီ။ ဖိုက်ဘရင်နိုဂျင်ကို မည်သည်က အမီနိုအက်ဆစ်ဆက်တန်းများ ဖယ်ရှားကာ (တနည်း လှုံ့ဆော်ကာ) ဖိုက်ဘရင်အဖြစ် ပြောင်းလဲပေး သနည်း။ တရားခံမှာ သရွန်ဘင် (Thrombin) ခေါ် နောက်ထပ် ပရိုတင်း တစ်မျိုးဖြစ်သည်။ ၎င်းသည်လည်း နဂိုက ပရိုသရွန်ဘင် (Prothrombin) ဟူသော မလှုံ့ဆော်ရသေးသည့် အခြေအနေ၌ ရှိခဲ့သည်။ ၎င်းကိုကော မည်သူ လှုံ့ဆော်သနည်း။ သွေးခဲပစ္စည်း (၁ဝ) (Factor X)ဖြစ်ပေသည်။ ၎င်းသည်လည်း အလှုံ့ဆော်ခံရ၍သာ ရရှိလာခြင်းဖြစ်ပေသည်။ ဤသို့ဖြင့် ဆက်လေ့လာကြည့်လျှင် သွေးခဲပစ္စည်း (၉)၊ (၁၁)၊ (၁၂) တို့က တစ်ခုကိုတစ်ခု အဆင့်ဆင့် လှုံ့ဆော်ပြီး ရရှိလာခြင်းဖြစ်သည်ကို တွေ့ရပေမည်။ သို့တည်းမဟုတ်၊ သွေးခဲပစ္စည်း (၇)မှ ရရှိသည်ကို တွေ့ရမည်။ ရှင်းလင်းစေရန် အောက်ပါပုံတွင် ကြည့်ရှုပါ။
သွေးခဲစနစ်

           အလွန်လှပသည့် စနစ်တစ်ခု မဟုတ်ပါလော။ ဇီဝဓာတုဗေဒ သည် ရှုပ်ထွေးပြီး မှတ်သားရ ခက်သဖြင့် လှပသည် ဟူသော အသုံးအနှုန်း သုံးခဲပေသည်။ သို့သော် သွေးခဲစနစ်သည် အမှန်တကယ် လှပသေသပ်လေသည်။ ဖိုက်ဘရင်မှ စတင်၍ လှုံ့ဆော်သူ တစ်သီတစ်တန်းကြီးကို လိုက်ကြည့်လျှင် ပြင်ပ လှုံ့ဆော်မှု နှစ်ခုကို မြင်နိုင်သည်။ သွေးကြောပေါက်ခြင်း ကဲ့သို့ သွေးေkyကြာတွင်း လှုံ့ဆော်မှု (Intrinsic Stimulus) က သွေးခဲပစ္စည်း (၁၂)ကို လှုံ့ဆော်ပြီး၊ သွေးကြောပြင်ပ လှုံ့ဆော်မှု (Extrinsic Stimulus)ဖြစ်သော တစ်ရှုး ပျက်စီးမှုက သွေးခဲပစ္စည်း (၇)ကို လှုံ့ဆော်သည်။ ဤပြင်ပ လှုံ့ဆော်မှုများက သွေးခဲပစ္စည်းများစွာက တစ်ခုကိုတစ်ခု အဆင့်ဆင့် လှုံ့ဆော်ပြီးမှ ဖိုက်ဘရင်နိုဂျင်ကို သွေးခဲ (ဖိုက်ဘရင်) အဖြစ် ပြောင်းပစ်ခြင်းဖြစ်သည်။ အသုံးမတည့်ပေလား။

           တကယ်လည်း လှပပါသည်။ သို့သော် အဘယ်ကြောင့် အဆင့်ဆင့် လှုံ့ဆော်ရသနည်း။ ကျောက်ပုစွန်များမှာ ကဲ့သို့ ပြင်ပလှုံ့ဆော်မှုက တိုက်ရိုက် သွေးခဲမဖြစ်စေသလော။ အဘယ်ကြောင့် ဆိုသော် ၎င်းသည် လှုံ့ဆော်မှုကို ချဲ့ကားနိုင်သောကြောင့်ဖြစ်သည်။ သွေးခဲပစ္စည်း (၁၂) အနည်းငယ် လှုံ့ဆော်ပြီးဖြစ်လျှင် အဆပေါင်းများစွာသော သွေးခဲပစ္စည်း (၁၁) တို့ကို လှုံ့ဆော် နိုင်ပေမည်။ အဆင့်တစ်ဆင့်တိုင်းတွင် ပိုမိုမြန်ဆန် အားကောင်းသော လှုံ့ဆော်မှု အသစ်များ ရရှိလာသည်။ လှုံ့ဆော်ခံရသော သွေးခဲပစ္စည်း (၁၂) အနည်းငယ်က သန်းပေါင်း များစွာသော ဖိုက်ဘရင် ပရိုတင်း မော်လီကျူးများကို လှုံ့ဆော်ကာ သွေးခဲဖြစ်တည် စေနိုင်သည်။ ထို့ကြောင့် ၎င်းသည် လှပသည်ထက် ပို၍ ဆိုရလျှင် စနစ်ကျသည်။ ရှုပ်ထွေးသည်။ သပ်ရပ်သည်။ အသုံးဝင်လှသည်။ ၎င်းထဲမှ မည်သည့် ပရိုတင်းကိုမဆို ဖယ်ထုတ်လိုက်လျှင် စနစ်တစ်ခုလုံး အလုပ်မလုပ်နိုင်တော့ပါ။ ထို့ကြောင့် ၎င်းစနစ်ကို မလျှော့ချနိုင်သော ရှုပ်ထွေးသည့်စနစ် ဟုဆိုနိုင်သည်။ သို့ဖြစ်၍ ၎င်းသည် လျှော့ချနိုင်လောက်အောင် ရိုးရှင်းသည့် စနစ်မျိုးမှ မည်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်ကို ကျွန်ုပ်တို့ စူးစမ်းကြည့်ကြမည်။


စနစ်ယန္တရားကြီးကို တည်ဆောက်ခြင်း


           ဤအပိုင်း၌ ကျွန်ုပ်တို့သည် ရှုပ်ထွေးလှသော သွေးခဲစနစ် မည်သို့ ဆင့်ကဲဖြစ်ပေါ်လာသည်ကို တည်ဆောက်ဖန်တီးကြည့်ကြမည်။ လွန်ခဲ့သောနှစ်သန်း ၆ဝဝခန့်က ရှေးဦး ကျောရိုးရှိသတ္တဝါလေး တစ်ကောင်မှ စတင်ကြမည်။ ဆင့်ကဲဖြစ်စဉ်ဟူသည် အနည်းငယ်ဖြစ်စေ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိမှ သဘာဝက မြှောက်ပင့်သဖြင့် ဆင့်ကဲပေါ်ပေါက် နိုင်မည်ဖြစ်သည်။သို့ဖြစ်၍ အဆင့်တိုင်း၌ အကျိုးကျေးဇူး တစ်ခုခု ရှိကြောင်း ပြသနိုင်ရမည်။

မူလအခြေအနေ

           မကြာသေးခင်ကမှ ကျောရိုးမဲ့သတ္တဝါမျိုးနွယ်မှ ခွဲထွက်လာသူဖြစ်၍ ကျောရိုးမဲ့သတ္တဝါတို့နှင့် များစွာ ဆင်တူပေမည်။ ၎င်း၏ သွေးကြောပေါက်သွားလျှင် စေးကပ်သော သွေးဖြူဆဲလ်များက အပေါက်ကို ဖာထေးပေးကြသည်။ သွေးကြောပေါက်ခြင်း၌ ဆဲလ်များ ပျက်စီးတတ်သည်မှာ ပုံမှန်ဖြစ်သည်။ ပျက်စီးသော ဆဲလ်မှ ဆိုက်ကလစ် အဒီနိုဆင်း မိုနိုဖော့စဖိတ် (Cyclic Adenosine Monophosphate -အတိုကောက် cAMP) ထွက်လာသည်။ တိုက်ဆိုင်စွာပင် cAMP သည် ကျောရိုးရှိသတ္တဝါတို့၌ သွေးကြော ကြွက်သားကျုံ့ရန် လှုံ့ဆော်ပစ္စည်း ဖြစ်နေသည်။ cAMP က သွေးကြောကြွက်သား လှုံ့ဆော်မှုကို ဖြစ်စေ၍ သွေးကြော ကျဉ်းသွားစေသည်။ ထိုအခါ သွေးကြောပေါက်ကို သွေးဖြူဆဲလ်များ ပိတ်ဆို့ရန် ပိုမိုလွယ်ကူသွားသည်။

 

တစ်ရှုး Protease များ ဝင်ရောက်လာခြင်း

           နောက်တဆင့်ကို မစဉ်းစားမီ သွေးနှင့် တစ်ရှုးရည်ကြည် တို့၏ သဘော သဘာဝကို လေ့လာကြပါစို့။ သွေးရည်ကြည်သည် ပျစ်စေးပြီး ပရိုတင်းကြွယ်ဝသော ပျော်ရည်ဖြစ်သည်။ တစ်ရှုးရည်ကြည် (Interstitial Fluid) သည် သွေးနှင့်လုံးဝမတူညီ။ ဆဲလ်တစ်ခုနှင့်တစ်ခု တွယ်ဆက်ရန် ရေတွင် မပျော်ဝင်သည့် ပရိုတင်းမျှင်များ ယှက်ဖြာနေသည်။ ထိုပရိုတင်းမျှင်များသည် ရေတွင် ပျော်ဝင်သော ကုန်ကြမ်းတို့ကို အခြား ဓာတ်ကူပရိုတင်းများက ပြောင်းလဲဖြတ်တောက်ပြီး တည်ဆောက်လာခြင်းဖြစ်သည်။ ဤအခြေအနေ တစ်ရပ်ကို သေချာမှတ်သား၍ ဆက်လက်စဉ်းစားကြည့်ပါ။ သွေးကြောပေါက်သွားခဲ့လျှင် အခြားပရိုတင်းများကို ဖြတ်တောက်နိုင်စွမ်း ရှိသော တစ်ရှုးထဲမှ ဖြတ်တောက် ဓာတ်ကူပရိုတင်း (Serine Protease)သည် သွေးထဲရောက်လာသည်။ ထိုအခါ သွေးထဲမှ ပရိုတင်းတို့ကို လိုက်၍ ဖြတ်တောက်တော့သည်။ ဖြတ်တောက်ခံရသော သွေးပရိုတင်းအချို့သည် ရေတွင် ပိုမို ပျော်ဝင်သွားသော်လည်း၊ အများစုသည် ပို၍ မပျော်ဝင်ပဲ ဖြစ်လာသည်။ ရလဒ်အားဖြင့် မပျော်ဝင်သော ပရိုတင်းတို့သည် စုဝေးကျပ်ခဲသွားပြီး သွေးကြောပေါက် ပိတ်ဆို့ရာတွင် ပိုမိုကူညီပေးနိုင်သည်။

သွေး Protease များ ပေါ်ပေါက်ခြင်း

           ထို့နောက် မုန့်ချိုအိတ်အင်္ဂါ (Pancreas)ထဲမှ Serine Protease တစ်မျိုး၏ ဗီဇသည် ဖောက်ပြန်မှုဖြစ်သည်။ ဗီဇတစ်စုံကို နှစ်ကြိမ် ပုံတူကူးမိ၍ နှစ်စုံဖြစ်လာသည်။ ၎င်းကိုဗီဇဆင့်ပွားခြင်း (Gene Duplication) ဖြစ်စဉ်ဟု ဆိုနိုင်သည်။ ထို့နောက် ဒုတိယ ဗီဇဖောက်ပြန်မှုဖြစ်သည်။ ဤဖောက်ပြန်မှု၌ ဗီဇသည် သင့်လျော်သော တစ်ရှုးအလိုက် ဖွင့်ပေးရသည့်အလျောက် ပန်ခရိယပ်စ်တွင်သာ ပွင့်ရသည်။ သို့မှသာ မုန့်ချိုအိတ်မှ Protease ကို မုန့်ချိုအိတ်မှသာ ထုတ်နိုင်မည်ဖြစ်သည်။ ဦးနှောက်ဆဲလ်များက အရေပြား ပရိုတင်းများကို ထုတ်လျှင် မည်သို့ ဒုက္ခရောက်မည်နည်း။ ဤပြဿနာများ ရှိနေ၍ ဆဲလ်အားလုံးတွင် ခန္ဓာကိုယ်ရှိ ပရိုတင်းတိုင်းအတွက် ဗီဇအပြည့်အစုံ ရှိသော်လည်း ဦးနှောက်ပရိုတင်းကို ဦးနှောက်အတွက် ဗီဇသာ ဖွင့်ပေးသည်။ အရေပြားလည်း ထိုနည်းတူဖြစ်သည်။

           ဒုတိယဗီဇ ဖောက်ပြန်မှု၌ အဆိုပါ Protease ၏ ဗီဇသည် မုန့်ချိုအိတ်တွင် သာမက အသည်းတွင်ပါ သွားပွင့်သည်။ ထုတ်လုပ်ပြီစတွင် ၎င်းသည် မလှုံ့ဆော်ရသေးသော Protease သာ ဖြစ်သည်။ မုန့်ချိုအိတ်၌ ထိုပရိုတင်းသည် အူထဲသို့ စစ်ထုတ်ပြီး အူမှ ထွက်သော Enterokinase အင်ဇိုင်းက လှုံ့ဆော်ပေးနိုင်သည်။ လှုံ့ဆော်ပြီးသော မုန့်ချိုအိတ် Protease သည် အစာထဲမှ ပရိုတင်းများကို ချေဖျက်ရန် အတွက်ဖြစ်သည်။ အသည်းကမူ သွေးကြောထဲသို့ လွှတ်ပေးလိုက်သည်။ ဤနည်းဖြင့် မလှုံ့ဆော်ရသေးသော Protease တို့ သွေးစီးကြောင်းထဲ ရောက်လာသည်။

           ဤအခြေအနေသစ်တွင် သွေးကြောပေါက်ခဲ့သော် ပို၍စိတ်ဝင်စားဖွယ် ကောင်းလာသည်။ တစ်ရှုးထဲမှ Protease တို့သည် သွေးထဲသို့ ဖောက်ပြန်ရောက်ရှိနေသော မုန့်ချိုအိတ် Protease ၏အမီနိုအက်ဆစ်များကို ဖြတ်တောက်ခြင်းဖြင့် လှုံ့ဆော်လိုက်သည်။ ထိုအခါ လှုံ့ဆော်ပြီးသော မုန့်ချိုအိတ်မှ Protease နှင့် တစ်ရှုးမှ Protease တို့က သွေးထဲမှ ပရိုတင်းမျိုးစုံကို ဖြတ်တောက်ပြီး ရေတွင်မပျော်သော ပရိုတင်းခဲကြီးကို ဖြစ်စေသည်။ အကျိုးကျေးဇူးမှာ သွေးကြောပိတ်ခြင်းကို ပိုမိုလျင်မြန်အောင် ထောက်ပံ့နိုင်ခြင်း မည်၏။

သွေး Protease တို့၏ စွမ်းရည်တိကျလာခြင်း

           အရေပြား ဖွံ့ဖြိုးပရိုတင်း (Epidermal Growth Factor- အတိုကောက် EDF) ကျွန်ုပ်တို့ အာရုံစိုက်ရမည့် ပရိုတင်း ဖြစ်သည်။ ကျောရိုးရှိသတ္တဝါတို့၏ တစ်ရှုးဆဲလ်များ ပွားများရန်အတွက် ဤဖွံ့ဖြိုးပရိုတင်းများက လှုံ့ဆော်ပေးသဖြင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည်။ သို့အတွက် တစ်ရှုးဆဲလ်တိုင်း၌ EDF နှင့်ဓာတ်ပြုသည့် လက်ခံပရိုတင်း (Receptor) များ ကိုယ်စီ ရှိကြသည်။ ထို့နောက် တတိယမြောက် ဗီဇဖောက်ပြန်မှု ဖြစ်ပေါ်သည်။ ၎င်းဗီဇဖောက်ပြန်မှုသည်လည်း အသည်းတွင်ဖြစ်ပေါ်သည်။ ဗီဇယန္တရားမှာ ကျွန်ုပ်တို့ ကောင်းစွာ နားလည်ထားသော အိတ်ဇွန်ခုန်ခြင်း (Exon Shuffling) ဖြစ်သည်။ အသည်းဆဲလ်တို့၌ မုန့်ချိုအိတ်၏ Protease ထုတ်လုပ်ရာတွင် EDF လက်ခံပရိုတင်းနှင့် ဓာတ်ပြုသော EDF ပရိုတင်း၏ အစိတ်အပိုင်း အနည်းငယ်ပါ ရောစပ်သွားခြင်းဖြစ်သည်။ ဤနည်းဖြင့် မုန့်ချိုအိတ်၏ Protease ပရိုတင်း၌ အခြား ပရိုတင်း တစ်ခုဖြစ်သော EDF ၏ အစိတ်အပိုင်းများ ကပ်ပါလာသည်။ ၎င်းအစိတ်အပိုင်းကို EDF domain ဟုခေါ်ဆိုနိုင်သည်။

          မုန့်ချိုအိတ်၏ Protease သည် ၎င်း၏ EDF Domain ဖြင့် တစ်ရှုးဆဲလ်မှ EDF လက်ခံပရိုတင်းကို တွယ်ကပ်နိုင်သည်။ စတုတ္ထ ဗီဇဖောက်ပြန်မှုမှာ ဤသို့ တွယ်ကပ်ခြင်းက မုန့်ချိုအိတ်၏ Protease ကို လှုံ့ဆော်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤအခြေအနေတွင် သွေးကြောပေါက်ခဲ့သော် သွေးထဲမှ မုန့်ချိုအိတ်၏ Protease သည် သွေးကြောအပြင် တစ်ရှုးဆဲလ်မှ EDF လက်ခံပရိုတင်းကို ၎င်း၏ EDF Domain ဖြင့် တွယ်ကပ်နေနိုင်သည်။ ယခင်က သွေးခဲဖြစ်စေသော ဤ Proteaseသည် သွေးထဲတွင် မျောနေသော်လည်း ယခုအခါတွင် သွေးကြောပေါက်သော နေရာ၌သာ စုဝေးတည်ရှိလာပြီး သွေးခဲကို ပို၍ ထိရောက်စွာနှင့် ဘေးထွက်ဆိုးကျိုး (မလိုလားအပ်သည့်နေရာတွင် သွေးခဲခြင်း) နည်းပါးစွာ ဖြစ်တည်စေနိုင်သည့် အကျိုးကျေးဇူးရရှိ၏။


ဖိုက်ဘရင်နိုဂျင် (သို့မဟုတ်) သွေးခဲ အထူးပြု သွေးပရိုတင်း

           ဤအခြေအနေမျိုး ရရှိလာသောအခါ သဘာဝ၏ ရွေးချယ်မှုအားသည် သွေးထဲမှ ပရိုတင်းများကို အားစိုက်လာသည်။ သွေးပရိုတင်းများစွာထဲမှ အလားအလာရှိသော ပရိုတင်းတစ်မျိုးသည် မုန့်ချိုအိတ်၏ Protease နှင့် ပိုမိုဓာတ်ပြု သွေးခဲနိုင်အောင် ဆင့်ကဲပြောင်းလဲလာသည်။ ဤပရိုတင်းသည် ကျွန်ုပ်တို့ နာမည်တပ်ခေါ်သည့် ဖိုက်ဘရင်နိုဂျင် ပင်ဖြစ်သည်။ တဖန် Protease သည်လည်း ဖိုက်ဘရင်နိုဂျင်ကိုသာ သွေးခဲပရိုတင်းအဖြစ် ပြောင်းလဲရန် ဆင့်ကဲဖြစ်ပေါ်ရသဖြင့် အခြားပရိုတင်းများကို မဖြတ်တောက်နိုင်အောင်ဖြစ်လာခဲ့ပြီး၊ ဖိုက်ဘရင်နိုဂျင် တစ်မျိုးတည်းကိုသာ ထိရောက်စွာ ဖြတ်တောက်နိုင်လာသည်။ ဖိုက်ဘရင်နိုဂျင် မရှိခင်က စနစ်ထက် အနည်းငယ်မျှ ပိုမို အားသာသည့် စနစ်သစ်ဖြစ်သည်။ အားသာချက် နည်းနည်းလေး ရှိစေကာမူ သဘာဝ၏ ရွေးချယ်မှု ရှိနေသရွေ့၊ ဗီဇဖောက်ပြန်မှုများ ရှိနေသရွေ့ ဆင့်ကဲပြောင်းလဲ ဦးမည်ဖြစ်သည်။




ရှုပ်ထွေးလာခြင်း


           ဤအပိုင်း၌ ကျွန်ုပ်တို့သည် သွေးခဲစနစ်၏ ရှုပ်ထွေးသည့် ဂုဏ်လက္ခဏာရပ်များ မည်သို့ ပေါ်ပေါက်သည်ကို လေ့လာကြမည် ဖြစ်သည်။ ယနေ့ခေတ် ဇီဝစနစ်များမှ ထရစ်ပ်ဆင် (Trypsin) နှင့် သရွန်ဘင် (Thrombin) Protease တို့သည် ၎င်းတို့မျိုးတူ ပရိုတင်း အချင်းချင်း အမီနိုအက်ဆစ် ဆက်တန်းများ ဖြတ်တောက်ခြင်းဖြင့် လှုံ့ဆော် ပေးနိုင်ကြသေး၏။
(မှတ်ချက်။ ။ ခရေပွင့် (*)သည် လှုံ့ဆော်ပြီးသား ပရိုတင်းကို ဆိုလိုသည်။)



           မုန့်ချိုအိတ်၏ Protease သည်လည်း အချင်းချင်း လှုံ့ဆော်နိုင် ကောင်းမည်ဖြစ်သည်။ လေ့လာမှုကို ခေတ္တရပ်၍ မုန့်ချိုအိတ်၏ Protease ကို အနည်းငယ် ပြန်လည် ဆန်းစစ်ကြည့်ပါစို့။ မုန့်ချိုအိတ်၏ Protease သည်--

- EDF လက်ခံပရိုတင်းနှင့် ဓာတ်ပြု၍ လှုံ့ဆော်ခံရသည်။

- တစ်ရှုး လက်ခံပရိုတင်းနှင့် ဓာတ်ပြု၍ လှုံ့ဆော်ခံရသည်။

- ဖိုက်ဘရင်နိုဂျင်ကို ဖိုက်ဘရင် သွေးခဲအဖြစ် ပြောင်းစေနိုင်သည်။

- အခြား မျိုးတူ Protease ကို လှုံ့ဆော်ပေးနိုင်သည်။

           ယခုအခါတွင် ပဉ္စမမြောက် ဗီဇဖောက်ပြန်မှု ဖြစ်လာခဲ့သည်။ ဤအကြိမ်တွင်လည်း မုန့်ချိုအိတ် Protease ၏ မူလဗီဇသည် ဗီဇဆင့်ပွားခြင်းနည်း အရ နှစ်စုံဖြစ်သွားသည်။ ဆင့်ပွားရသော ဗီဇမှ ထုတ်လုပ်သော ပရိုတင်းမှာလည်း မုန့်ချိုအိတ်၏ ဖြတ်တောက်ပရိုတင်းနှင့် ချွတ်စွပ်တူလေသည်။




           ဆဌမမြောက် ဗီဇ ဖောက်ပြန်မှု၌ ဆင့်ပွားထားသော မုန့်ချိုအိတ်၏ Protease မှာ မျိုးတူ Protease နှင့် မဆင့်ပွားမီက မူလ Protease တို့နှင့် ဓာတ်ပြုနိုင်စွမ်း ပိုမြင့်မားလာ၍ ဖိုက်ဘရင်နိုဂျင်နှင့် ဓာတ်ပြုနိုင်စွမ်း ကျဆင်းလာသည်။ နိဒါန်းပိုင်းက ပြောခဲ့သလိုပင်၊ အဆင့်ဆင့် လှုံ့ဆော်ခြင်းကြောင့် အနည်းငယ်သော လှုံ့ဆော်မှုမှ ကြီးမားသော တုံ့ပြန်မှုကို ပေးသည့်အတွက် ဒုတိယ မုန့်ချိုအိတ်၏ Protease သည် သွေးခဲပြုလုပ်သည့် စွမ်းရည်ကို အခြား Protease တို့ကို လှုံ့ဆော်သည့် စွမ်းရည် အတွက် စတေးခံ လိုက်ခြင်းဖြစ်သည်။ ထိုအခါ အောက်ပါ ပုံတွင် မြင်ရသည့်အတိုင်း အဆင့်နှစ်ဆင့်ရှိသော သွေးခဲစနစ်ဖြစ်လာခဲ့သည်။ ဤစနစ်အသစ်တွင် အဆင့်နှစ်ဆင့်ပါသဖြင့် သွေးကြော ပေါက်မှုကို သွေးခဲစနစ်၏ တုံ့ပြန်နိုင်စွမ်းကို များစွာ မြင့်တက်စေသည်။




           ခဏနားပြီး ဖြစ်စဉ်ကို ပြန်လည် လေ့လာကြပါစို့။ Protease ၏ဗီဇဆင့်ပွားခြင်း ဖြစ်စဉ် နှင့် နောက်ဆက်တွဲ ဗီဇဖောက်ပြန်မှု အနည်းငယ်စီက တစ်ဆင့် သွေးခဲစနစ်ကို နှစ်ဆင့် သွေးခဲစနစ်ကို ဖြစ်စေနိုင်လျှင် ၎င်းနည်းဖြင့် သုံးဆင့် သွေးခဲစနစ် မဖြစ်နိုင်ပေလော။ ဒုတိယ Protease သည် ဗီဇဆင့်ပွားခြင်း ယန္တရားကို အသုံးပြုကာ အကြိမ်ကြိမ် ဗီဇဖောက်ပြန်မှုဖြစ်လာခြင်းကြောင့် အဆင့်များစွာ ပါသော သွေးခဲစနစ် ရရှိလာစေရန် သဘာဝ၏ ရွေးချယ်မှုအားက ထောက်ပံ့ထားပေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်များလေ သွေးခဲစနစ် တုံ့ပြန်အား ကောင်းလေဖြစ်ပြီး ရေတိုသွေးထွက်လွန်ခြင်း နှင့် ရေရှည် သွေးအားနည်းခြင်းမှ ကာကွယ်နိုင်သောကြောင့် ဖြစ်လေ၏။ ထို့ကြောင့် သွေးခဲစနစ်မှ Protease အားလုံး၏ တူညီသော မူလအစ သည် မုန့်ချိုအိတ်၏ Protease ဖြစ်ပြီး ၎င်းတို့ အားလုံးသည် ဤမူလပရိုတင်းကို ဗီဇဆင့်ပွားခြင်းမှ ရရှိလာသော မူကွဲများသာ ဖြစ်ပေသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ သေသပ်လှပသော အခြေခံ သွေးခဲစနစ်ကို ဗီဇဆင့်ပွား ဖောက်ပြန်မှုမှ ရလာသော ရှုပ်ထွေးသည့် အဆင့်ဆင့် ဓာတ်ပြုစနစ်အဖြစ် ပြောင်းလဲလာခဲ့ပေမည်။

           ဤတိကျသော အဆင့်ဆင့် ဓာတ်ပြုစနစ် (Cascade) ကပင် ၎င်းစနစ်၏ မလျှော့ချနိုင်သော ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေခဲ့သည်။


ချိန်ခွင်လျှာ ညှိခြင်း

           အဆင့်များစွာ ပါသော သွေးခဲစနစ်သည် တုံ့ပြန်မှု မြင့်မားလွန်းပြီး အခန့်မသင့်ပါက သွေးခဲလွန်ပြီး သွေးစီးဆင်းမှုကိုပါ ပိတ်ဆို့သည် အထိဖြစ်နိုင်သည်။ ဤသည်မှာလည်း သွေးထွက်လွန်ခြင်း ကဲ့သိုပင့် အန္တရာယ်ကြီးမားပေသည်။ ထို့ကြောင့် သွေးခဲဖျက်စနစ် (Anti-Clotting System)သည်လည်း ဖွံ့ဖြိုးလာခဲ့သည်။ ၎င်းတို့ကမူ တစ်ရှုး၏ Protease များ ဗီဇဆင့်ပွားရာမှ ဖြစ်သည်။ ၎င်းတို့သည် ဗီဇဖောက်ပြန်မှု အနည်းငယ် ရရှိရာမှ သွေးခဲဖျက်စနစ် ပရိုတင်း တို့ဖြစ်ပေါ်လာသည်။ ယနေ့ခေတ် ဇီဝစနစ်၌မူ α1- Anti-trypsin ခေါ် တစ်ရှုး ပရိုတင်းသည် တစ်ရှုးထဲသို့ ရောက်တတ်သည့် မလိုလားအပ်သော Protease တို့ကို ပိတ်ပစ်ခြင်းဖြင့် တစ်ရှုးကို ကာကွယ်ပေးထားသည်။ ထို တစ်ရှုးပရိုတင်းသည် ဗီဇဆင့်ပွားမှုဖြစ်ပွားခဲ့သည်။ ဆင့်ပွားထားသော ဗီဇအသစ်မှ သွေးခဲစနစ်မှ Protease တို့၏ ဓာတ်ကူသတ္တိကို နှောက်ယှက်ပိတ်ဆို့စေရန် နောက်ထပ် ဗီဇဖောက်ပြန်မှုဖြစ်လာခဲ့သည်။ ဤသို့ဖြင့် သွေးခဲစနစ် Protease ဖြစ်သော thrombin ကို တားဆီးသော Antithrombin ဟူသည့် တစ်ရှုးပရိုတင်း ဖြစ်ပေါ်လာခဲ့သည်။ ဤနည်းဖြင့် သွေးခဲစနစ်၏ အလွန်အကျွံ တုံ့ပြန်မှုကို တားဆီးသည့် သွေးခဲဖျက်စနစ် ရလာခဲ့ပေသည်။

အတိတ်ကို ပြန်လည် တူးဆွခြင်း

           ကျွန်ုပ်တို့သည် သွေးခဲစနစ် (သို့မဟုတ် မည်သည့် ဇီဝဓာတုစနစ်မဆို) ယခုဖောပြထားသည့် နည်းဖြင့် အမှန်တကယ် ဆင့်ကဲပေါ်ပေါက် လာသည်မှာ သေချာ၏လော။ တိကျသည့် အဖြေပေးရလျှင် ကျွန်ုပ်တို့ သေချာမသိပါ ဟူ၍ပင်။ ကျောရိုးရှိသတ္တဝါနွယ်ဝင် ဘိုးဘေးမျိုးစိတ်များဆီမှ ကျွန်ုပ်တို့ အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ ၎င်းတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများသာ ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို အရိပ်အရောင်ပြနေသည့် အစိတ်အပိုင်းများသာ ဖြစ်သည်။ ဘိုးဘေးမျိုးစိတ်တို့၏ ဇီဝဓာတုစနစ်တို့မှာမူ လုံးဝပျောက်ဆုံး သွားဖွယ်ရာ ရှိပေသည်။ သို့သော် ဤအဆိုသည်လည်း လုံးလုံးမမှန်ချေ။ ယနေ့ခေတ် သက်ရှိအားလုံးသည် အတိတ်က ကမ္ဘာဦးသက်ရှိတို့မှ ဆင်းသက်လာသည် ဖြစ်လေရာ ၎င်းတို့၏ ဇီဝဓာတုစနစ် တို့သည်လည်း ယနေ့ခေတ် သက်ရှိတို့၏ ဇီဝဓာတုစနစ်များ၌ အရိပ်အရောင် ထင်ကျန်ရစ် နေပါသေး၏။ Serine Protease တို့ကို အထုတ်လုပ်ဆုံး အင်္ဂါမှာ မုန့်ချိုအိတ် ဖြစ်သည်။ တဖန် မုန့်ချိုအိတ်နှင့် အသည်းသည်လည်း တူညီသော သန္ဓေသားအင်္ဂါမှ ဆင့်ပွား ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သန္ဓေသား ဖွံဖြိုးမှုကို လေ့လာပြီးလျှင် သွေးထဲမှ Serine Protease အားလုံးကို အသည်းမှ ထုတ်လုပ်သည်ဟု ဆိုလျှင် သင် အံ့သြဦးမည်လော။ သွေးထဲသို့ Serine Protease တစ်ခု ရလာရန် မုန့်ချိုအိတ်မှ serine Protease ကို အသည်းတွင်ပါ ထုတ်လုပ်ခွင့် ပေးလိုက်မည် ဆိုလျှင် ဖြစ်နိုင်ပေသည်။ ဤသို့ ဖောက်ပြန်ပြောင်းလဲရန် ဗီဇဆင့်ပွားခြင်း နည်းကိုသာ အသုံးပြုသည်။ အကယ်ပင် မုန့်ချိုအိတ်မှ serine Protease သည် ဗီဇဆင့်ပွားနည်းဖြင့် အသည်းတွင် ထုတ်လုပ်ခဲ့သလော။ ဤသို့ဆိုလျှင် သွေးခဲပစ္စည်း (Clotting Factor) အားလုံးသည် မုန့်ချိုအိတ် serine Protease သို့မဟုတ် တစ်ခုနှင့် တစ်ခု၏ ဗီဇဆင့်ပွားလုနီးပါး တည်ဆောက်ပုံ ဆင်တူရပေမည်။ ကောင်းပြီ။ ကျွန်ုပ်တို့ အနေဖြင့် အထောက်အထား ကို ရှာပြရန် လိုအပ်လာပေပြီ။

           အသည်းမှ ထုတ်သော သွေးခဲပစ္စည်း Thrombin သည် မုန့်ချိုအိတ်မှ ထုတ်သော အစာချေ အင်ဇိုင်း Trypsin နှင့် တည်ဆောက်ပုံ တူညီပေသည်။ ထို့အပြင် Factor X, IX, XI တို့သည်လည်းလည်း အချင်းချင်း တည်ဆောက်ပုံ တူညီမှုများ ကျယ်ပြန့်စွာ တွေ့ရနိုင်သည်။ ဤအထောက်အထားသည် ဗီဇဆင့်ပွားနည်းဖြင့် သွေးခဲစနစ်ဖြစ်ပေါ်လာပုံ အနုမာနကို ကောင်းစွာ ထောက်ပံ့ပေးထားပါသည်။ စင်စစ် ထို့ထက်ပင် ပိုပါသေးသည်။

           အကယ်၍ ခေတ်သစ် ကျောရိုးရှိသတ္တဝါတို့၏ ဖိုက်ဘရင်နိုဂျင်၏ ဗီဇသည် သွေးခဲခြင်းနှင့် လုံးဝမပတ်သက်သော ကနဦး ဗီဇတစ်မျိုးကို ဗီဇဆင့်ပွား ရရှိလာသည်ဟု ဆိုလျှင် ကျွန်ုပ်တို့သည် ကျောရိုးမဲ့သတ္တဝါတို့၌လည်း ဖိုက်ဘရင်နိုဂျင် နှင့် ဆင်တူသော သီးခြား ပရိုတင်းတစ်မျိုးကို ရှာတွေ့ရမည် ဟုဟောကိန်း ထုတ်ခဲ့သည်။ အတော်ရဲရင့်သော ဟောကိန်းဟု ဆိုရပေမည်။ ဟောကိန်းအတိုင်း ရှာမတွေ့ခဲ့သော် ဤအနုမာနသည် များစွာ သံသယပွားဖွယ် ရှိသည်။ သို့သော် ဟောကိန်းသည် မှန်ခဲ့ပေသည်။ ကျောရိုးမဲ့သတ္တဝါ အီခိုင်နိုဒမ် မျိုးနွယ် (Echinoderm) ပင်လယ်မျှော့၌ ဖိုက်ဘရင်နိုဂျင်နှင့် ဆင်တူသည့် ဗီဇတစ်ခု ရရှိခဲ့သည်။ သို့ဖြစ်၍ ဖိုက်ဘရင်နိုဂျင်သည် ကျောရိုးရှိသတ္တဝါ ဆင့်ကဲမပေါ်ပေါက်ခင်တည်းက ရှိခဲ့သော အခြား လုပ်ငန်းတစုံတရာ ရှိသည့် ပရိုတင်းတစ်မျိုး ဗီဇဆင့်ပွားပြီး နောက်ထပ် ပရိုတင်းအသစ်တစ်မျိုး အဖြစ်ရရှိလာခဲ့ခြင်း ဖြစ်သည်ကို အတည်ပြုနိုင်ပါသည်။

ကိုးကားမှတ်တမ်း

           ဆဲလ်ဇီဝဗေဒနှင့် မော်လီကျူလာ ဇီဝဗေဒပညာရှင် ကန်းနက်သ် အာရ် မီလာ (Kenneth R. Miller) ၏ ဒါဝင်၏ ဘုရားသခင်ကို ဖွေရှာခြင်း (Finding Darwin’s God) မှ စာပိုဒ်များကို အောက်ပါ လင့်ခ်မှ တစ်ဆင့် ကိုးကားသည်။

http://www.millerandlevine.com/km/evol/DI/clot/Clotting.html

၎င်းစာအုပ်မှ သက်ဆိုင်ရာ ကိုးကားထားသော စာအုပ်စာတမ်းများမှာ-

Doolittle, R. F., (1993) "The evolution of vertebrate blood coagulation: A case of yin and yang," Thrombosis and Haemostasis 70: 24-28.

Doolittle, R. F., and Feng, D. F., (1987) "Reconstructing the evolution of vertebrate blood coagulation from a consideration of the amino acid sequences of clotting proteins," Cold Spring Harbor Symposia on Quantitative Biology 52: 869-874.

Doolittle, R. F., and Riley, M. (1990) "The amino-acid sequence of lobster fibriongen reveals common ancestry with vitellogenin." Biochemical and Biophysical Research Communications. 167: 16-19.

Xu, X., and Doolittle, R. F., (1990) "Presence of a vertebrate fibrinogen-like sequence in an echinoderm." Proceedings of the National Academy of Sciences (USA) 87: 2097-2101.

ဝေါဟာရ အညွှန်း


ပရိုတင်းကို ဖြတ်တောက်သော ပရိုတင်း (Protease) - ပရိုတင်းမှ အမီနိုအက်ဆစ် ဆက်တန်းတို့ကို ဖျက်ပစ်နိုင်သည့် ဓာတ်ကူသတ္တိ ရှိသော ပရိုတင်းမျိုးဖြစ်သည်။ ဓာတ်ကူသတ္တိ ပေါ် မူတည်၍လည်းကောင်း၊ ဖျက်ခံရသော ပရိုတင်း၏ တည်ဆောက်ပုံကို မူတည်၍လည်းကောင်း၊ ဖြတ်စ ပရိုတင်းများ၏ အခြေအနေ အမျိုးမျိုး ကွဲခြားကြသည်။

ဆီရင်း ပရိုတီးရေ့စ် (Serine Protease) – Protease ၏ ဓာတ်ကူသတ္တိ ရှိသော အစိတ်အပိုင်း (Active Site) တွင် ဆီရင်း အမီနိုအက်ဆစ် ပါဝင်နေ၍ Serine Protease ဟု ခေါ်ဆိုသည်။ အသည်းနှင့် မုန့်ချိုအိတ် တို့က အဓိက ထုတ်လုပ်သည်။

မုန့်ချိုအိတ် (Pancreas) – Serine Protease များ အများဆုံးပါသော အစာချေ အင်ဇိုင်းများကို အူထဲသို့လည်းကောင်း၊ အင်ဆူလင် (Insulin) နှင့် ဂလူကာဂွန် (Glucagon) တို့ကို သွေးထဲသို့လည်းကောင်း စစ်ထုတ်ပေးသော ဝမ်းတွင်းအင်္ဂါ။

အိတ်ဇွန် (Exon) - ဒီအန်အေကို ပုံမူကူး၍ ရရှိလာသော အာအန်အေတွင် ၎င်းကို ပုံမူပြန်၍ တည်ဆောက်မည့် ပရိုတင်းအတွက် သတင်းအချက်အလက် မှတ်သားထားသော အစိတ်အပိုင်းကို အိတ်ဇွန်ဟု ခေါ်သည်။ မမှတ်သားသော အပိုင်းကို အင်ထရွန် (Intron) ဟု ခေါ်သည်။

အိတ်ဇွန်ခုန်ခြင်း (Exon Shuffling) - ပုံမူကူးပြီးကာစ အာအန်အေသည် အင်ထရွန်များကို ဖယ်၍ ပရိုတင်းအတွက် သတင်းပါသော အိတ်ဇွန်တို့ကို ပြန်လည် ချိတ်ဆက်သော အခါဝယ်၊ မတူညီသော ဗီဇတို့မှ ရလာသော မတူညီသည့် အာအန်အေတို့၏ မတူညီသည့် အိတ်ဇွန်ချင်း ချိတ်ဆက်ခြင်းကြောင့် ပရိုတင်းတစ်ခုတွင် အခြားပရိုတင်း၏ အမီနိုအက်ဆစ် ဆက်တန်းများ ဖောက်ပြန် ပါဝင်လာသည့် ဖြစ်စဉ်ကို ခေါ်သည်။

ပုံမူကူးခြင်း (Transcription) - ဒီအန်အေ နှစ်ပင်လိမ်မှ ဖြည့်ဖက် အာအန်အေ တစ်ပင် ထုတ်လုပ်သော ဖြစ်စဉ်။

ပုံမူပြန်ခြင်း (Translation) - အာအန်အေ တစ်ပင်မှ နျူကလီယိုတိုက်ဆက်တန်းများကို သတင်းအဖြစ် အသုံးပြု၍ အမီနိုအက်ဆစ် ဆက်တန်း (သို့မဟုတ်) ပရိုတင်း တည်ဆောက်သည့် ဖြစ်စဉ်။

ထပ်တိုးဖတ်ရှုရန်

ဗီဇဆင့်ပွားခြင်း ဖြစ်စဉ် အကြောင်း - http://kyawzwarlynn.blogspot.com/2012/05/gene-duplication.html
မလျှော့ချနိုင်သော ရှုပ်ထွေးမှု - http://kyawzwarlynn.blogspot.com/2012/04/irreducible-complexity.html


(ကျော်စွာလင်း)

No comments:

Post a Comment