Search This Blog

Thursday, September 13, 2012

မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ် (Microevolution) နှင့် မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (Macroevolution)

မော်လီကျူးအဆင့် ဗီဇပညာ မိတ်ဆက်

        ဇီဝသက်ရှိသည် အခြေခံယူနစ်များ အဖြစ် ဆဲလ် (Cell) ဟုခေါ်သော ရှုပ်ထွေးလှသည့် ဇီဝမော်လီကျူးများနှင့် ပေါင်းစပ်ထားသည့် အဆီပူပေါင်းလေးများဖြစ်သည်။ ဇီဝမော်လီကျူးတစ်ခုစီ နှင့် အဆီမော်လီကျူး တစ်ခုစီ သည် သက်မဲ့ မော်လီကျူးများဖြစ်သည်။ ၎င်းတို့ ပေါင်းစပ်တည်ရှိသော ဆဲလ်ဟူသော အခြေအနေတွင်သာ သက်ရှိသဘော ကိန်းအောင်းလျက်ရှိသည်။ သက်ရှိသဘာဝဆိုသည်မှာ ဖြစ်ခြင်းပျက်ခြင်း ဇီဝကမ္မဖြစ်စဉ်ရှိနေခြင်း နှင့် မျိုးပွားနိုင်စွမ်းရှိခြင်းတို့ ဖြစ်သည်။ ဤအဆီပူပေါင်းလေး ပေါက်မသွားအောင် အဆီမော်လီကျူး အသစ်များကို ဇီဝမော်လီကျူးများက ဓာတ်ကူမော်လီကျူးအနေဖြင့် ဆောင်ရွက်ပြီး ထုတ်လုပ်ပေးရသည်။ ဓာတ်ကူ ဇီဝမော်လီကျူး အများစုမှာ အမီနိုအက်ဆစ်များကို ဆက်တန်းရှည် တွဲဆက်ထားသော ပရိုတင်းများ ဖြစ်သည်။ ပရိုတင်းအချို့သည် အဆီထုတ်လုပ်မှုအပြင် အခြား ဓာတ်ကူလုပ်ငန်း အသီးသီးရှိကြသည်။

ပုံ(၁) ဒီအန်အေ တည်ဆောက်ပုံ
         အဆီပူပေါင်း မပေါက်အောင် ပရိုတင်းများက ထိန်းသိမ်းရသကဲ့သို့ ပရိုတင်းများ ပျက်စီးလျှင် အမီနိုအက်ဆစ် ကုန်ကြမ်းမှ ပရိုတင်း အသစ်ထုတ်လုပ်ရန် ယန္တရား တစ်ခုလည်း ရှိရမည်။ ဤယန္တရားအတွက် အဓိကဆောင်ရွက်သူမှာ ဆဲလ်၏ ဒီအန်အေ(DNA) မော်လီကျူးဖြစ်သည်။ သကြားမော်လီကျူး၊ ဖော့စဖိတ် မော်လီကျူး၊နှင့် ဘေ့စ်မော်လီကျူး တစ်ခုစီပါသော ဒြပ်ပေါင်းကို နျူကလီယိုတိုက် (Nucleotide) ဟုခေါ်သည်။ ထို နျူကလီယိုတိုက်များ ဆက်တန်းရှည်ဆက်နိုင်ကြသည်။ နျူကလီယိုတိုက်တွင် အက်ဒနင်း (Adenine)၊ သိုင်းမင်း (Thymine)၊ ဆိုက်တဒင်း (Cytidine)၊ ဂွာနင်း (Guanine) ဟူသော ဘေ့စ် အမည် လေးမျိုး ပါရှိသဖြင့် နျူကလီယိုတိုက်လည်း လေးမျိုးရှိလာသည်။ အက်ဒနင်းနှင့် သိုင်းမင်းသည်လည်းကောင်း၊ ဂွာနင်းနှင့် ဆိုက်တဒင်း သည်လည်းကောင်း ဓာတ်ပေါင်းနိုင်ကြသဖြင့် ဆက်တန်းရှည်တစ်ခုသည် သူ၏ ဖြည့်ဖက်ဖြစ်သော ဆက်တန်းရှည် တစ်ခုကို တည်ဆောက်နိုင်သည်။ ဤသို့ဖြင့် ဖြစ်ထွန်းလာသော နျူကလီယိုတိုက် ဆက်တန်းရှည် နှစ်ပင်လိမ် မော်လီကျူးမှာ ဒီအန်အေ (DNA) ဖြစ်သည်။

        ဒီအန်အေရှိ နျူကလီယိုတိုက် လေးမျိုး ဆက်တန်းရှည် ဆက်ပုံဆက်နည်း အမျိုးမျိုးသည် အမီနိုအက်ဆစ် ဆက်တန်းရှည် (တစ်နည်း) ပရိုတင်း ပြုလုပ်ရန်အတွက် သတင်းအချက်အလက်များ ဖြစ်သည်။ ထို့ကြောင့် ဒီအန်အေရှိ နျူကလီယိုတိုက်ဆက်နည်း ကွဲပြားမှုသည် ရလဒ် ပရိုတင်းတည်ဆောက်ပုံကို အကျိုးသက်ရောက်စေ သကဲ့သို့ အဆိုပါ ဆဲလ်၏ စွမ်းဆောင်ရည် ကိုလည်း သက်ရောက်နိုင်သည်။ ဆဲလ်များစွာ ပါသော လူသားကဲ့သို့ သက်ရှိဖြစ်လျှင် သက်ရှိတစ်ခုလုံးအဆင့်အထိ လက္ခဏာများ ပြောင်းလဲမှုရှိသည်။ ဥပမာအားဖြင့် အသားအရောင် ကွဲပြားမှုသည် အသားရောင်ဖြစ်စေသော ရောင်ခြယ် ထုတ်သည့် ဆဲလ်များ၏ ရောင်ခြယ် ချက်လုပ်သည့် ပရိုတင်း အရေအတွက်နှင့် စွမ်းဆောင်ရည် ကွာခြားမှု ကြောင့် ဖြစ်ရသည်။



ဗီဇဖောက်ပြန်မှု၏ အခြေခံယန္တရား

        ဒီအန်အေ မော်လီကျူးသည် ဆဲလ် ပွားသည့်အခါ (အဆီပူပေါင်းကို ခွဲထုတ်ခြင်း) ဖြစ်လာမည့် မျိုးဆက်သစ် ဆဲလ်အတွက် မိတ္တူတစ်စုံ ပေးရမည်။ ဤမိတ္တူပွားခြင်း (Replication) နည်းဖြင့်သာ ဒီအန်အေသည် ဆက်လက်ရပ်တည်နိုင်သည်။ ဒီအန်အေ၏ ဖြည့်ဖက်နှစ်ပင်လိမ် (Complementary Duplex) သဘာဝကြောင့်သာ မိတ္တူပွားခြင်းကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ မိတ္တူပွားခြင်း ဖြစ်၍ မူလနှင့် ထပ်တူထပ်မျှ တူညီသော ဒီအန်အေ မော်လီကျူးကို ထုတ်လုပ်ခြင်းဖြစ်သည်။ သို့သော် ခြွင်းချက်ရှိသည်။ မိတ္တူကူးယူရာ၌ အမှားအနည်းငယ် ပါတတ်သည်။ ဤအမှားသည် ရလဒ်ပရိုတင်းကို သက်ရောက်မှု ရှိတတ်သကဲ့သို့ သက်ရှိတစ်ခုလုံးအနေနှင့်လည်း သက်ရောက်မှုရှိသည်။ အမှား အများစုသည် သက်ရှိကို သက်ရောက်မှု မပေး။ အနည်းစုသည် ဆိုးကျိုးသို့မဟုတ် ကောင်းကျိုးကို ပေးသည်။

        ဤ နျူကလီယိုတိုက်ဆက်တန်း ပြောင်းလဲ သွေဖယ်မှုကို ဗီဇထွန်းခြင်း၊ သို့မဟုတ် ဗီဇဖောက်ပြန်ခြင်း ဟုခေါ်ဆိုနိုင်သည်။ ဤဖြစ်စဉ်သည် ကြုံရာကျပန်း ဖြစ်ပြီး မျိုးစိတ်တူ သက်ရှိတို့ကြား ဗီဇကွဲပြားမှုကို ဖြစ်စေသည့် အရင်းအမြစ်ဖြစ်သည်။ အသားအရောင် အမျိုးမျိုး၊ သွေးအုပ်စု အမျိုးမျိုး၊ အသွင်အပြင် အမျိုးမျိုး ဖြစ်ထွန်းနေခြင်းမှာ ဤဗီဇဖောက်ပြန်မှုများကြောင့် ဖြစ်ရသည်။ ဗီဇဖောက်ပြန်မှုမရှိလျှင် သက်ရှိသည် ပြောင်းလဲနေသော သဘာဝတွင် မရှင်သန်နိုင်သကဲ့သို့ ရှင်သန်သည့်တိုင်အောင် ဆင့်ကဲဖြစ်စဉ်လည်း ဖြစ်ပေါ်မည် မဟုတ်ပါ။



မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ် နှင့် မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်


ဆင့်ကဲဖြစ်စဉ် အယူအဆ၏ မဏ္ဍိုင်လေးခု ရှိသည်။

(၁) ဗီဇကွဲပြားချက်များ (Variations)

မျိုးနွယ်တူ ဇီဝတို့သည် တစ်ခုနှင့် တစ်ခု အနည်းငယ်မျှသော ဗီဇကွဲပြားချက်လေးများ ရှိကြသည်။ လူဆိုလျှင် အရပ်ရှည်သူ၊ အရပ်ပုသူ၊ အသားမဲသူ၊ အသားဖြူသူ စသည်ဖြင့်ရှိမည်။

(၂) ပိုများသော မျိုးဆက်သစ်များ

ဇီဝသည် မျိုးပွားသည့်အခါ မူလဇီဝ အရေအတွက်ထက် ပိုများသော နောင်မျိုးဆက်များ ဖြန့်ဝေလေ့ရှိသည်။

(၃) အသက်ရှင်ရန် ရုန်းကန်မှု (Struggle for existence)

သို့သော် အသားတင် ရှိနေသော မျိုးစိတ်တစ်ခုစီ၏ အရေအတွက်မှာ ပြောင်းလဲခြင်း မရှိ။ ထို့ကြောင့် သက်ရှိတို့သည် ကန့်သတ်ထားသော သဘာဝအရင်းအမြစ်များအတွက် ရုန်းကန်သုံးစွဲရကြောင်း ထင်ရှားသည်။ နောင်မျိုးဆက်ဝင် ဇီဝအားလုံး မရှင်ကျန်ရစ်။ အချို့သာ ရှင်ကျန်ရစ်သည်။

(၄) သဘာဝ၏ ရွေးချယ်မှု (Natural Selection)

        ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော တစ်နည်း၊‘တော်’သော နောင်မျိုးဆက်ဝင်တို့သာ ကျန်ရစ်ပြီး၊ မသင့်တော်သော၊ သို့မဟုတ်၊ ‘လျှော်’သော နောင်မျိုးဆက်ဝင်တို့ မရှင်ကျန်ရစ်ပေ။ နောက်ထပ် မျိုးဆက်သစ်လည်း မဖြန့်ဝေနိုင်ပေ။ ဤ တော်သူရှင် လျှော်သူသေ ဥပဒေသ (Survival of the fittest) သည် သဘာဝ၏ ရွေးချယ်မှု (Natural Selection) ပင်ဖြစ်သည်။

        သဘာဝက ပတ်ဝန်းကျင်နှင့် လိုက်လျောနိုင်သော မျိုးဆက်များကိုသာ ရှင်သန်ခွင့်ပေး၍ မျိုးနွယ်တစ်ခုတွင်း ဗီဇကွဲပြားချက်များ၏ အချိုးအစားမှာ ပြောင်းလဲလာသည်။ ၎င်းဖြစ်စဉ်ကို မျိုးဗီဇအချိုးပြောင်းရွေ့ခြင်း (Genetic Drift) ဟုခေါ်သည်။ မျိုးနွယ်တူ ဇီဝအုပ်စု အသီးသီးသည် ပတ်ဝန်းကျင် ဒေသပေါ် မူတည်၍ ရှိပြီးသား မျိုးဗီဇ အချိုးပြောင်းရွေ့မှု မျိုးစုံဖြစ်ရသည့် အတွက်လည်းကောင်း၊ ဗီဇအသစ်များ ပေါ်ထွန်းလာမှုကြောင့်လည်းကောင်း ဗီဇကွဲပြားချက်များ ပုံထပ်လာသည်။ ဤဖြစ်စဉ်ကို မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ် (Microevolution) ဟုခေါ်ဆိုမည်။ ထိုဗီဇကွဲပြားမှုများ ပုံထပ်လာမှုသည် အတိုင်းအတာ တစ်ရပ်ကို ကျော်လွန်သွားသော် မျိုးနွယ်တူဇီဝတို့သည် အချင်းချင်း မျိုးစပ်မရလောက်အောင်ကို ကွဲပြားလာကြပြီး ၎င်းတို့၏ ဗီဇတို့ ပြန်လည်မရောစပ်ပဲ မျိုးစိတ်သစ် တစ်ခုစီအဖြစ် ကွဲထွက်လာကြသည်။ ဤဖြစ်စဉ်သည် မျိုးစိတ်သစ်ဖြစ်ပေါ်ခြင်း (Speciation) တစ်နည်း မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (Macroevolution) ဖြစ်သည်။



မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် သို့မဟုတ် မျိုးစိတ်သစ်ဖြစ်ပေါ်ခြင်း ယန္တရားများ

        မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်၏ အဓိက သော့ချက် ယန္တရားမှာ ဗီဇစီးဆင်းမှု ဖြစ်သည်။ မျိုးစိတ် တစ်ခုအတွင်း မူကွဲဗီဇတို့သည် မျိုးစိတ်ဝင် သက်ရှိများအနက် ထိုသို့ဤသို့ စီးဆင်းပျံ့နှံ့နေမှသာလျှင် မျိုးစိတ်တစ်ခု၏ လက္ခဏာရပ်များသည် တည်မြဲနေနိုင်သည်။ သို့သော် လက်တွေ့၌ ဤသို့ ပျံ့နှံ့စွာ စီးဆင်းခြင်းမရှိပေ။ အကန့်အသတ်များကြောင့် ဗီဇစီးဆင်းမှုကို ခြားနားပစ်ခြင်း (Isolation) များရှိနေသည်။ ဗီဇစီးဆင်းမှု မရှိသဖြင့် မျိုးနွယ်တူ ဇီဝအုပ်စုများအကြား ဗီဇ ခြားနားမှုသည် ပိုမို များပြားလာပြီး မျိုးစပ်မရအောင် ခြားနားသွားသောအခါ မျိုးစိတ်သစ် ဖြစ်လာခြင်းမည်၏။

        မိတ်မလိုက်ပဲ ကာလကြာရှည်သော မျိုးစိတ်တူ ငှက်အုပ်စုနှစ်ခုသည် လုံလောက်သော ဗီဇခြားနားမှု ရရှိလာသော် အချင်းချင်း မိတ်မလိုက်နိုင်အောင် ဖြစ်လာနိုင်သည်။ ၎င်းကို မျိုးပွားမှုဆိုင်ရာ ခြားနားခြင်း (Reproductive isolation) ဟု ခေါ်နိုင်သည်။ ၎င်းတို့၏ အချင်းချင်း သုက်နှင့် ဥသည် သန္ဓေဆဲလ်ပင် မဖြစ်တည်နိုင်၍ ဖြစ်လာသော ခြားနားမှုမျိုးကို သန္ဓေဆဲလ်အကြို ခြားနားမှု (Prezygotic isolation) ဟုခေါ်သည်။ သို့တည်းမဟုတ် သန္ဓေဆဲလ်ဖြစ်တည်ပြီး ကလေးမွေးဖွားသော်လည်း အဆိုပါ သားငယ်သည် အမြုံဖြစ်နေခြင်းမျိုးဖြစ်သည်။ အမြုံဖြစ်သည့်အတွက် အဆိုပါ ရောစပ်ပြီး ဗီဇကို နောက်မျိုးဆက်ကို မသယ်ဆောင်နိုင်တော့ခြင်းမျိုး ဖြစ်သည်။ ဤသည်ကိုမူ သန္ဓေဆဲလ်အလွန် ခြားနားမှု (Postzygotic isolation) ဟုခေါ်သည်။ မြင်းနှင့် မြည်းမှ ပေါက်လာသော လားသည် အမြုံဖြစ်နေခြင်းမျိုးသည် ထင်ရှားသော သန္ဓေဆဲလ်အလွန် ခြားနားမှု၏ သာဓက တစ်ခုဖြစ်သည်။ တဖန် ဗီဇစီးဆင်းမှုကို ခြားနားသည့် ယန္တရားများကို ကျွန်ုပ်တို့ လေ့လာကြည့်ကြပါမည်။

ပုံ(၂) အနက်ရောင် အက္ခရာများသည် ဗီဇတစ်မျိုးတည်း၏ အနည်းငယ် ကွဲပြားမှုရှိသော မူကွဲဗီဇများ (Alleles) များဖြစ်သည်။ စက်ဝိုင်းသည် အဆိုပါ မူကွဲဗီဇများ အားလုံးပါဝင်ပြီး အပြည့်အစုံ အပြန်အလှန် မျိုးစပ်နိုင်သော ဇီဝအုပ်စု တစ်ခုဖြစ်သည်။ ခြားနားမှု တစ်ခုရှိလာသောအခါ ၎င်းတို့ချင်း ဗီဇ ရောနှောမှု မရှိပဲ ဖြစ်လာသည်ကို တွေ့ရမည်။ ထို့သို့ ခြားနားပြီးသော အုပ်စုနှစ်ခု၌ ဗီဇဖောက်ပြန်မှု အသစ်(အနီရောင် အက္ခရာများ) များ ပေါ်ပေါက်လာသော် ၎င်းဗီဇဖောက်ပြန်မှု တို့ကိုလည်း အချင်းချင်း အလဲအလှယ် မလုပ်ကြတော့ပေ။ ဤသို့ဖြင့် ဗီဇခြားနားမှု ပုံထပ်လာပြီး သီးခြားမျိုးစိတ်များ ဖြစ်လာသည်။

 

 

ဒေသကွဲ ခြားနားခြင်း (Allopatric isolation) 

 

        ချိုင့်ဝှမ်းဒေသတစ်ခုတွင် ကျက်စားသော သမင်အုပ်စု တစ်ခုကို ကျွန်ုပ်တို့ စိတ်ကူးယဉ်ကြည့်ကြမည်။ မူလက အဆိုပါ သမင်တို့သည် ဗီဇစီးဆင်းမှု မျှတမည်။ သို့သော် ကြား၌ မြစ်တစ်ခုဖြစ်တည်လာသောအခါ ကမ်းနှစ်ဖက်ရှိ ရာသီဥတု အခြေအနေများ ကွာခြားသွားခြင်းကြောင့် ကွာခြားသည့် ရာသီဥတုအပေါ် မှီတည် ပြောင်းလဲရသည့် ကမ်း တစ်ဖက်စီမှ သမင် အုပ်စုနှစ်ခုတို့သည် မြစ်အတားအဆီးကြောင့် ဗီဇစီးဆင်းမှု ပြတ်တောက်သွားသောအခါ လုံလောက်သော မျိုးဆက်အသစ်များ ရရှိလာလျှင် ၎င်းတို့ချင်း အလွန်အမင်း ခြားနားလာပြီး ၎င်းတို့နှစ်ခုမျိုးစပ်လျှင် သန္ဓေမအောင်တော့ခြင်း၊ သို့မဟုတ် အမြုံသားငယ်များသာ မွေးဖွားခြင်း မျိုးဖြစ်လာမည်။ ထို့ကြောင့် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာပြီး မျိုးစိတ်သစ်ဖြစ်လာသည်။ 


ဒေသတူ ခြားနားခြင်း (Sympatric isolation)


        ဒေသတူလျက် အထူးသဖြင့် ရှုပ်ထွေးသော သတ္တဝါများသည် မိတ်လိုက်သည့် အပြုအမူများ၊ လက္ခဏာများ ရှိတတ်ကြသည်။ သာဓကဆိုရသော် ငှက်များသည် တေးသီခြင်းဖြင့် မိတ်ဖက်ကို ဆွဲဆောင်ကြသည်။ သီဆိုသော တေးသံ၏ အပြောင်းအလဲကြောင့် မျိုးစိတ်တူလျက်၊ မျိုးအောင်နိုင်လျက် မျိုးမစပ်ကြသော ငှက်များရှိလာသည်။ သို့တည်မဟုတ် နေ့ထွက်ငှက်အချို့သည် ညထွက်ငှက်များအဖြစ် ဆီလျော်အောင် ပြောင်းလဲနေရခြင်းကြောင့် မျိုးစိတ်တူအုပ်စုနှစ်ခု (နေ့ထွက်နှင့် ညထွက်)ကြား ဗီဇစီးဆင်းမှု မရှိတော့ပဲ ဗီဇခြားနားမှုများ တိုးပွားလာသည်။ ထို့နောက် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာသောအခါ မျိုးစိတ်သစ်ဖြစ်လာပေမည်။ 


မျိုးစိတ်တွင်းနှင့် မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်တို့၏ တဆက်တည်း ရှိမှု 

 

        မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ဟူသည် မျိုးစိတ်တူ သက်ရှိအုပ်စုအတွင်း ဒီအန်အေ ပြောင်းလဲ ဖောက်ပြန်မှုများကြောင့် ဗီဇအသစ်များ လက္ခဏာအသစ်များ ရရှိလာမှုဖြစ်သည်။ သို့မဟုတ် သဘာဝက မူကွဲဗီဇတို့ကို ရွေးချယ်မှုကြောင့် မူကွဲဗီဇတို့၏ အချိုးအစား ကွာခြားလာခြင်းမျိုးဖြစ်သည်။ ကျပ်ခိုးထူသော သစ်တောတွင် အတောင်နက်ရှိသော ဖလံကောင်မျိုး ပွားများပြီး အတောင်ဖြူများ နည်းပါးခြင်းမျိုးဖြစ်သည်။ အထက်ပါ ဒေသတူ ဒေသကွဲ ခြားနားမှု ယန္တရားများကြောင့် ဗီဇစီးဆင်းမှု ပြတ်တောက်ပြီး ဗီဇ (ဒီအန်အေ)ခြားနားမှု ပိုမိုများပြားလာနိုင်သည်။ မျိုးပွားမှုဆိုင်ရာ ခြားနားခြင်းကို ဖြစ်စေသည့် မည်သည့် ဗီဇ (ဒီအန်အေ) ဖောက်ပြန်မှုမဆို၊ ဗီဇ (ဒီအန်အေ)ခြားနားမှုမဆို ပေါ်ပေါက်လာခဲ့လျှင် မူလ မျိုးစိတ်တူ မူကွဲ ဇီဝအုပ်စုနှစ်ခုမှ ကွဲပြားသော မျိုးစိတ်နှစ်ခုအဖြစ် ရုတ်ချင်းပြောင်းလဲသွားပေမည်။ ပေတံဖြင့် သာဓက ဆိုရသော် ၁လက်မသည် ၂လက်မ ဖြစ်လာပြီး ၃လက်မဟူ၍ အဆင့်ဆင့် ပြောင်းလဲသွားသော် ၁၂လက်မသို့ ရောက်ရှိလျှင် တစ်ပေဖြစ်သွားခြင်းမျိုးနှင့် ဆင်တူပေသည်။ ပေတံဟူသော ဒီအန်အေ ကွဲပြားမှုများသည် တဆက်တည်းရှိနေပြီး၊ အနည်းငယ်သော ကွဲပြားမှုများ (လက်မ) က တစ်ချိန်တွင် ကြီးမားသော ကွဲပြားမှုတစ်ခု (ပေ) ကို ဖန်တီးလိုက်ခြင်းမျိုးဖြစ်ပေသည်။



ဒီအန်အေ ကွာခြားမှုနှင့် ရုပ်သွင်ကွာခြားမှု 

 

        ပထမ သက်ရှိတစ်စုံသည် ဆဲလ်ဝတ်ဆံမဲ့ သက်ရှိ နှစ်မျိုးဖြစ်ပြီး မိုက်ခရိုစကုပ် အောက်တွင် အလွန်တူညီသော လက္ခဏာများ ရှိကြသည်ကို တွေ့ရမည်။ ဒုတိယပုံတွင် ဟိုင်းရပ်စ် နှင့် ဆင်တို့ကို နှိုင်းယှဉ်ပြထားသည်။ ကြွက်ကဲ့သို့ ဟိုင်းရပ်စ်နှင့် နှာမောင်းရှည်ကြီး၊ နားရွက်ကားကားကြီးနှင့် အရွယ်ကြီးမား လှသော ဆင်ကြီးနှင့် ရုပ်သွင်လက္ခဏာအရ အလွန် ကွာခြားကြသည် ကိုတွေ့ရမည်။ ပြင်ပရုပ်သွင် ကွာခြားမှုသည် ဒီအန်အေ ကွာခြားမှုနှင့် တိုက်ရိုက် ဆက်နွယ်သည်ဟု မျှော်လင့်သည့် အလျောက် ဤသက်ရှိ နှစ်စုံစီ၏ ဒီအန်အေတို့ကို စစ်ဆေးပြီး တိုက်စစ်ကြည့်သော် အံ့သြဖွယ် ရလဒ်များ ရလာပေမည်။ အဘယ်ကြောင့်ဆိုသော် ဒီအန်အေ ကွာခြားမှုနှင့် ပြင်ပရုပ်သွင် ကွာခြားမှုတို့သည် မည်သို့မျှ ပတ်သက်မှု မရှိသဖြင့်တည်း။ လူနှင့် ချင်ပန်ဇီသည် ရုပ်သွင် အလွန်ခြားနားသော်လည်း ဒီအန်အေ၏ ၉၈.၆% တူညီကြသည်။ ကြွက်နှင့် လူသည် ၈၅% တူညီသော ဒီအန်အေရှိကြသည်။ 
 

ပုံ(၂) ဒီအန်အေ ကွာခြားမှုနှင့် ရုပ်သွင်ကွာခြားမှု။ အထက်ပုံမှ ဆဲလ်တစ်ခုတည်း သက်ရှိနစ်မျိုး၏ ဗီဇခြားနားမှုသည် အောက်ပုံက ကြွက်အရွယ် ဟိုင်းရပ်စ်နှင့် အာဖရိကဆင်တို့၏ ဗီဇခြားနားမှုထက် အဆပေါင်းများစွာ ပိုသည်။ ဤပုံသည် ဗီဇခြားနားမှုနှင့် ရုပ်သွင်ခြားနားမှု မည်သို့မျှ မပတ်သက်ကြောင်း ထင်ရှားစေပေ၏။



"မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ကို လက်ခံလျှင် မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်ကိုလည်း လက်ခံနိုင်ရမည်။"


        အချို့လူများသည် မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ကို လက်တွေ့လည်း တွေ့မြင်နေရသောကြောင့် (နေပူသော ဒေသတွင်း အသားမဲသူ ပိုများပြီး နေသိပ်မရသော ဒေသတွင် အသားဖြူသူပိုများနေခြင်းမျိုး) လက်ခံထားသော်လည်း၊ မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်ကိုမူ ၎င်းတို့ကို သင်ကြားထားသော ယုံကြည်မှု အစွဲများကြောင့် လက်မခံနိုင်ဖြစ်ကြသည် ကိုတွေ့မြင်ရသည်။ အထူးသဖြင့် မျိုးစိတ်တစ်ခုချင်းစီကို ဖန်တီးစီရင်သော ဖန်ဆင်းရှင် တန်ခိုးရှင်ကို လက်ခံယုံကြည်သူများဖြစ်ကြသည်။ ထာဝရဘုရားသခင်သည် ကမ္ဘာပေါ်ရှိ မျိုးစိတ်များကို တစ်ကြိမ်တည်းသာ ဖန်ဆင်းသည်ဟု ယုံကြည်သဖြင့် နောက်ထပ် မျိုးစိတ်အသစ်များ ဖြစ်ထွန်းလာခြင်းကို အတင်းငြင်းဆန်ကြခြင်းဖြစ်သည်။ စင်စစ်မှာ မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်မှာလည်း ကျွန်ုပ်တို့ မျက်စိဖြင့် ရှုမြင်လေ့လာပြီးသား၊ သီအိုရီတွင် ထည့်သွင်းတည်ဆောက်ပြီးသား ဖြစ်စဉ်တစ်ခုဖြစ်သည်။ မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ကို လက်ခံပြီး မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်ကို လက်မခံသူသည် လက်မကို လက်ခံပြီး ၁၂လက်မသည် ၁ပေဖြစ်ကြောင်း အတင်းငြင်းဆန်သူနှင့် နှိုင်း၍ရလောက်ပေသည်။

        အောက်ပါပုံများကို ကြည့်ပါ။ မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် ကြောင့်ရလာသော မျိုးစိတ်အသစ်များ၏ ပြင်ပရုပ်သွင် ဆင်တူနေမှုနှင့် မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ကြောင့် ရရှိလာသော ဗီဇခြားနားမှုများ၏ ပြင်ပရုပ်သွင် ခြားနားလွန်မှုများကို တွေ့ရနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အထက်က လေ့လာခဲ့သကဲ့သို့ ဗီဇကွဲခြားမှုနှင့် ရုပ်သွင်ကွာခြားမှုသည် ဆက်စပ်မှု မရှိ၍ ဤသို့ ဖြစ်ရသည်။ သင်သည် ပြင်ပရုပ်သွင် ခြားနားမှု မရှိတိုင်း မျိုးစိတ်သစ် ဖြစ်ထွန်းခြင်း မဟုတ်ဟု ငြင်းဆန်ပါမည်လော။ ကျွန်ုပ်တို့၏ သက်ရှိလောကသည် ဤပြင်ပရုပ်သွင်များကို အခြေခံသည်မဟုတ်၊ ဒီအန်အေဟုခေါ်သော ဗီဇမော်လီကျူး၏ ဓာတုဂုဏ်သတ္တိများကို အခြေခံနေပါသည်။ ပြင်ပ၌ မည်မျှပင် တူစေကာမူ ဒီအန်အေ ခြားနားမှု ကြီးမားပါက မျိုးစိတ်သစ်ဖြစ်ပေါ်နိုင်လေသည်။ 






        စင်စစ် အဓိကပြဿနာမှာ ယုံကြည်မှုစနစ်များကြောင့် မဟုတ်ပါ။ ယုံကြည်မှုစနစ်များအပေါ် လူသား၏ အဓိပ္ပာယ်ကောက်မှု လိုအပ်နေ၍ဖြစ်ရသည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်သည် တစ်ရက်တည်းနှင့် သက်ရှိမျိုးနွယ်အားလုံးကို ဖန်ဆင်းသည်ဟုဆိုထားသည်။ မျိုးနွယ် (kind) သည် မျိုးစိတ်နှင့် မတူ။ မျိုးစိတ်လည်းမဟုတ်သလို၊ မျိုးစဉ်လည်းမဟုတ်။ မျိုးပေါင်းလည်းမဟုတ်ပါ။ အလွန် ယေဘုယျကျသော အသုံး၊ အရပ်သုံးစကားဖြစ်သည်။ နောက်တစ်ခုရှိသည်မှာ ဘုရားသခင်သည် မျိုးစိတ်အသစ်များ သူ့အလိုလို မပေါ်ပေါက်နိုင်ဟု ပညတ်ချက် ထားခဲ့သူလည်း မဟုတ်ပါ။ တစ်ရက်တည်းတွင် သက်ရှိမျိုးနွယ်များအားလုံးကို ဖန်ဆင်းပေးသည်ဟုသာ ဆိုထားသည်။ အဆိုပါ သက်ရှိမျိုးနွယ်များမှ နောက်ထပ် မျိုးနွယ်သစ်များ မပေါ်ပေါက်နိုင်ဟု မဆိုထားပါ။ သို့ဖြစ်၍ မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ်ကို လက်ခံနိုင်သူသည် မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ်ကိုလည်း လက်ခံနိုင်ရပေမည်။ ၎င်း၏ ဘာသာရေးယုံကြည်ချက်နှင့် မည်သို့မျှ ထိခိုက်မှုမရှိနိုင်ပါ။ လူသားသည် ဘာသာရေးသတ္တဝါဖြစ်သည့်အလျောက် ဘာသာရေးသည် မရှိမဖြစ် လိုအပ်လှသည်။ သို့တိုင်အောင် သိပ္ပံပညာ၏ သဘာဝဖြစ်စဉ်များကို လေ့လာရှာဖွေမှုကြောင့် ရလာသော အသိပညာတို့သည် မြေဒြပ်ဆွဲအားကဲ့သို့ပင် တိကျသေချာသော အဖြေမျိုး ပေးစွမ်းနေလေရာ၊ ၎င်းကို ငြင်းဆိုခြင်းသည်လည်း ယေဘုယျ အမှန်တစ်ခုကို မျက်စိမှိတ် ငြင်းနေသူနှင့် တူလှပေသည်။ သင် မြေဆွဲအားကို မရှိဟု ယူဆလျှင် အထပ်၂ဝ အမြင့်မှ ခုန်ချကြည့်ပါလေ့။
        ကျွန်ုပ်တို့သည် ဘာသာရေးနှင့် သိပ္ပံအနက်မှ တစ်ခုခုကို ရွေးချယ်ရန်မဟုတ်။ ၎င်းတို့နှစ်ခုကို အတူယှဉ်တွဲနေထိုင်နိုင်ရန် ကြိုးစားနားလည်ဖို့သာ ဖြစ်တော့သည်။

 

(ကျော်စွာလင်း)


Credits-


Thanks to
- CDK007’s video- Macroevolution & Microevolution
- Crashcourse video- Biology- Speciation – Of Ligers and Men

No comments:

Post a Comment